ကဘင်အုပ်စု၊ မိုင်းတွေးကျေးရွာရှိ ကျောင်းဆောင်များအပါအဝင် တစ်ရွာလုံးရှိ လူသွားလမ်း များသည် မြေပြင်ပေါ်တွင်မရှိဘဲ ရွံ့မြေများပေါ်တွင်ဖြတ်၍ တံတားသဖွယ်လမ်းခင်း၍ ဖြတ်သန်းသွားလာကြသည့် ကျေးရွာတစ်ရွာ ဖြစ်ပါကြောင်း၊
ထို့ကြောင့် မိုင်းတွင်းကျေးရွာအတွင်းရှိ စာသင်ကျောင်းကိုသွားသော သစ်သားတံတားက ရွာထိပ်မှ အမြင့်က ခုနစ်ပေ၊ အကျယ်ရှစ်ပေနှင့် အလျား ၂၀၀ ပေ ရှိပါကြောင်း၊ စာသင်ကျောင်း ဆောင်ကလည်း နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည့်အတွက် အန္တရာယ်လည်း ရှိပါကြောင်း၊ ဥပတိရုပ်လည်း မကောင်းသည့် ကိုယ်ထူကိုယ်ထ ကျောင်းဖြစ်ပြီး အလွန်တရာဆွေးမြည့် ပျက်စီးနေပြီ ဖြစ်သည့်အတွက် ပဉ္စမတန်းကျောင်းသားများကို ဖြစ်သလိုပညာ သင်ကြားနေရသော ကျောင်းခန်းမ ဆောင်တစ်ခု ဖြစ်ပါကြောင်း၊
သို့ပါ၍ အဆိုပါ မိုင်းတွင်းကျေးရွာရှိ အလွန်တရာဟောင်းနွမ်း ပျက်စီးနေသည့် စာသင်ကျောင်း ဆောင်နှင့် ကျောင်းဆောင်သို့ သွားသည့်လမ်းကို သစ်သားဘေလီကွန်ကရစ် တံတားတစ်စင်းကို ဆောက်လုပ်ပေးမည့် အစီအစဉ်ရှိ/မရှိကို ကျေးရွာသူ/သားများ ကိုယ်စားသိရှိလိုပါကြောင်း မေးမြန်းပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ မိုင်းတွေးအခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းဆောင်လေးဆောင် ရှိသည်ဟုသိရပါကြောင်း၊ အဆောင် (၁) က ၇၅ ပေ x ၃၅ ပေ သွပ်မိုး၊ ပျဉ်ကာတစ်ထပ်ဆောင် တစ်ဆောင်၊ အဆောင် (၂) က ၇၅ ပေ x ၃၅ ပေ သွပ်မိုး၊ ပျဉ်ကာတစ်ထပ် ဆောင်တစ်ဆောင်၊ အဆောင် (၃) က ၇၅ ပေ x ၃၅ ပေ သွပ်မိုး၊ ပျဉ်ကာ တစ်ထပ်ဆောင် တစ်ဆောင်၊ အဆောင် (၄) က ၆၀ ပေ x ၃၀ ပေ RCC တစ်ထပ်ဆောင်တစ်ဆောင် စုစုပေါင်း ကျောင်းဆောင် လေးဆောင်ရှိပြီး ကျောင်းသား/သူအနေဖြင့် မူလတန်းအဆင့်သင် ကျောင်းသား/သူ ၂၀၀ ဦး၊ အလယ်တန်းအဆင့်သင် ကျောင်းသား/သူ ၁၈၇ ဦး စုစုပေါင်း ၃၈၇ ဦး ရှိသည်ဟု သိရှိရပါကြောင်း၊ ဖော်ပြပါ ကျောင်းဆောင်များအနက် အဆောင် (၄) ကို ၆၀ ပေ x ၃၀ ပေ RCC တစ်ထပ်ဆောင် တစ်ဆောင်အား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၃၆ သန်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ကျောင်းဖြစ်သည်ကိုလည်း သိရှိရပါသည်။
ပညာရေးဝန်ကြီးဌာန ဖြေကြားချက်အနေဖြင့် မိုင်းတွေးအခြေခံပညာ အလယ်တန်းကျောင်းတွင် လက်ရှိကျောင်းသားဦးရေနှင့် စာသင်ခန်းအချိုးအရ ကျောင်းဆောင်လုံလောက်မှု ရှိနေပါသဖြင့် တိုးချဲ့ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးကျောင်း အနေဖြင့် ထည့်သွင်းလျာထားနိုင်ခြင်း မရှိသေးပါကြောင်း၊ တနင်္လာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် မေးမြန်းချက်တွင်ပါသည့် မိုင်းတွေးကျေးရွာအတွင်းရှိ စာသင်ကျောင်းသို့ သွားရောက်သည့် လမ်းပေါ်တွင်ရှိသည့် သစ်သားတံတား ဟောင်းနွမ်းပျက်စီး နေမှုအတွက် ကွန်ကရစ်တိုင်၊ ကွန်ကရစ် ကြမ်းခင်းတံတား ၂၀၀ ပေ x ၈ ပေ x ၇ ပေ တစ်စင်းကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် ရန်ပုံငွေတင်ပြတောင်းခံ သွားမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အရ ရှင်းလင်းဖြေကြားပါသည်။
ဒေါ်တင်တင်ရီ (ကျွန်းစုမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဒုတိယဝန်ကြီး ဖြေသွားသည့်အထဲတွင် သုံးဆောင်၊ လေးဆောင်ရှိသည်ဟု ပြောသွားသည်မှာ မှန်သော်လည်း လက်ရှိမိမိပြောသည့်ကျောင်းက အခြေအနေဆိုးနေသည့်အတွက် ယခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးနိုင်ခြင်း မရှိလျှင်လည်း မည်သည့်အချိန်ကာလတွင် ဆောက်လုပ် ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားတာတွေ့ရသည့် အတွက်လည်း ၎င်းကို ပညာရေးဝန်ကြီး ဌာနနှင့်ညှိနှိုင်းပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
