မေးခွန်း အကြောင်းအရာ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သည် စီးပွားရေးမြို့တော် ဖြစ်သည်နှင့်အညီ ရုပ်ဝတ္တုပစ္စည်း ပြည့်စုံဖွံ့ဖြိုးသည့် နေရာလည်းဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ကို မြန်မာပြည်တစ်နှံ့တစ်လျားက တိုင်းရင်းသားများအနေနှင့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အစိုးရကိစ္စရပ်များ၊ တရားရေးနှင့်ဥပဒေရေးရာ၊ ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်းစသည့် ကိစ္စရပ်များတွင် မဖြစ်မနေသွားရောက်ခြင်းများရှိပါကြောင်း၊ ယခုအခါ ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းသည့်အနေဖြင့် နယ်အသီးသီးမှ မှတ်ပုံတင်ထားသော် ကားများကို တစ်တန်အောက် မြို့ဝင်ကြေး ၄၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့တွင်းနေထိုင် ခဲ့သည့် အချိန်ကာလကိုပါထည့်ထွက်ပြီး တစ်နေ့ ၄၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ မြို့ထွက် ကြေး ကောက်ခံနေမှုများသည် တိုင်းရင်းသားပြည်သူများအနေဖြင့် ခွဲခြားဆက်ဆံခံရမှုနှင့် မကျေနပ်မှုများ ရှိလာသည်ကို ကြားသိရပါကြောင်း၊ ယာဉ်ကြောကျပ်တည်းမှုကို ယခုကဲ့သို့ ဟန့်တားဖြေရှင်းမှုသည် စီမံ ခန့်ခွဲမှုတစ်ခု အမှန်ဖြစ်သည်ဟု ယူဆလို့မရနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ YCDC ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး ပြင်ပကားများအတွက် ကောက်ခံသည့် မြို့ဝင်ကြေး၊ နေထိုင်သည့် ကာလအပေါ် တွက်ချက်ကောက်ခံသော် မြို့ထွက်ကြေးများကို အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား ပြည်သူများအတွက် ဖြေလျှော့ရန်အစီအစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖြေကြားချက်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ၃၀-၁၀-၂၀၁၄ ရက်နေ့ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ဘီးခွန်ဆောင်ထားခြင်း မရှိသည့် ရန်ကုန်တိုင်းဒေသကြီးပြင်ပနှင့် မြို့တော်နယ်နိမိတ်ပြင်ပ မှ မော်တော်ယာဉ် များ၊ မြို့တော်နယ်နိမိတ်အတွင်း ဝင်ရောက်မောင်းနှင်မှုများ ပိုမိုများပြားလာသည့်အတွက် အဆိုပါမော်တော်ယာဉ်များအား စိစစ်ကြပ်မတ်နိုင်ရန် ၂၆-၁၁-၂၀၁၄ ရက်နေ့ကစပြီး မြို့ဝင် ကြေးကောက်ခံခြင်းဖြစ်ပါကြောင်း၊၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ကော်မတီပိုင် လမ်းများပေါ်သို့ ဝင်ရောက်အသုံးပြု မောင်းနှင်ရပ်နားသည့် မြို့တော်နယ်နိမိတ်ပြင်ပမှ မော်တော်ယာဉ်များအပေါ် မြို့ဝင်ကြေးနှုန်းထား သတ်မှတ်ကောက်ခံရန် တာဝန်ရှိပါသည်။ ယင်းသို့ မြို့ဝင်ကြေးကောက်ခံရာတွင်လည်း အများပြည်သူ ထိခိုက်မှုမရှိစေရေး၊ ကုန်စည်သယ်ဆောင်မှု ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးတို့အတွက် ခရီးသည်တင် ဘတ်စ်ကားများ၊ ဌာနဆိုင်ရာယာဉ်များ၊ အစိုးရဝန်ထမ်းကြို/ပို့ယာဉ်များ၊ ကုန်တင်ဆောင်လာသည့် ကုန်တင်ယာဉ်များအား မြို့ဝင်ကြေးကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုထားပါကြောင်း၊ ၎င်းတို့အပြင် သန်လျင်၊ မှော်ဘီ၊ တိုက်ကြီး စသည့်မြို့နယ်များမှ ကုမ္ပဏီ၊ ပုဂ္ဂလိကဝန်ထမ်းကြိုပို့ယာဉ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိ မြို့တော်နယ်နိမိတ်ပြင်ပမှ မော်တော်ယာဉ်များ ကို နှုန်းထားတစ်မျိုးသတ်မှတ်၍လည်းကောင်း၊ မော်တော်ယာဉ်များကို နှုန်းထားတစ်မျိုး သတ်မှတ်၍ လည်းကောင်း သင့်လျော်သည့် မြို့ဝင်ကြေးနှုန်ထားများဖြင့် ခွဲခြားသတ်မှတ်ကောက်ခံခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးပြင်ပနှင့် မြို့တော်နယ်နိမိတ်ပြင်ပမှ မော်တော်ယာဉ်များကို မြို့ဝင်ကြေး ကောက်ခံရာ၌လည်း မြို့နယ်နိမိတ်အတွင်းရှိ ကော်မတီပိုင်လမ်းများကို ဝင်ရောက်အသုံးပြု မောင်းနှင်သည့် ယာဉ်များကို မြို့ဝင်ကြေးကောက်ခံခြင်းဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြို့သို့ နေ့စဉ်ဝင်ရောက်လျက်ရှိသော အဝေးပြေးခရီးသည်တင်ယာဉ်များအနေဖြင့် နေပြည်တော်အမြန်လမ်း၊ ရန်ကုန်-ပဲခူးလမ်းများကို မောင်းနှင်၍ အမှတ်(၃)လမ်းမှတစ်ဆင့် ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက်မှုများကို လည်းကောင်း၊ ရန်ကုန်-ပြည်လမ်းမှတစ်ဆင့် ထောက်ကြန့်အနီးရှိ မြို့ရှောင်လမ်းမှ အမှတ်(၃)လမ်း၊ ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ ဝင်ရောက်သည့် မော်တော်ယာဉ်များသည် အမှတ်(၃)လမ်းကို အဓိကအသုံးပြုပြီး ခရေပင်လမ်းနှင့် အမှတ်(၃)လမ်းဆုံ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းသို့ ဝင်ရောက်မှု များကိုလည်းကောင်း၊ မြို့ဝင်ကြေးကောက်ခံခြင်းမပြုပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဥပဒေနှင့်အညီ မြို့ဝင်ကြေးကောက်ခံလျက်ရှိသလို အခြားသော တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ မြို့နယ်များနှင့် လမ်းမကြီးများသို့ ဝင်ရောက်အသုံးပြုမောင်းနှင်သည့် ပြင်ပမှမော်တော်ယာဉ်များကို ဥပဒေနှင့်အညီ မြို့ဝင်ကြေးကောက်ခံလျက်ရှိပါကြောင်း၊ သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီးပြင်ပမှ မော်တော်ယာဉ်များ၊ နယ်မှလာရောက်သည့် မော်တော်ယာဉ်များ ရန်ကုန် မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ကော်မတီပိုင်လမ်းများကို ဝင်ရောက်အသုံးပြုမောင်းနှင်ခြင်းအတွက် မော်တော်ယာဉ်အ မျိုးအစားအလိုက် လက်ရှိကောက်ခံနေသည့် မြို့ဝင်ကြေးနှုန်းထားများအတိုင်း ဆက်လက် ကောက်ခံသွားမည် ဖြစ်သဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး ပြင်ပကားများအတွက် ကောက်ခံသော မြို့ဝင်ကြေး၊ နေထိုင်ကာလအပေါ် တွက်ချက်ကောက်ခံသော မြို့ဝင်ကြေးများကို ဖြေလျော့ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
