သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အုပ်စုအားနမ့်လန်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေး ကိစ္စနှင့်ပတ်သက်၍ ကြိုးစားဆောင်ရွက် နေကြပါသော်လည်း မည်သည့်အခက်အခဲများကြောင့် ကြန့်ကြာနေရပါသနည်း၊ မည်သည့်ကာလတွင် နမ့်လန်မြို့အဖြစ် သတ်မှတ်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၂၈-၁၂-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၁/၁-၂(၄၇၇)/ဦး ၁ (အထဥ) ဆိုသည့် အမှုတွဲစာကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်အောင်၏ လက်မှတ်ဖြင့် နေပြည်တော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းအမှုတွဲတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာနှင့် အတူ ရှမ်းပြည်နယ်အစိုးရ၏ အစည်းအဝေးမှတ်တမ်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူ ထောက်ခံချက်၊ မူလသီပေါမြို့နယ် မြေပုံပြုပြင်ဖွဲ့စည်းမည့် သီပေါမြို့နယ်မြေပုံ၊ မူလနမ့်လန်ကျေးရွာ အုပ်စုမြေပုံ၊ ပြုပြင်ဖွဲ့စည်းပြီး ကိုစန့်ကျေးရွာအုပ်စုမြေပုံဖြင့် ပြုပြင်ဖွဲ့စည်းပြီး နမ့်လန်မြို့မြေပုံတို့ ပူးတွဲပါရှိပြီး ဖြစ်ပါကြောင်း၊
ဒေသခံပြည်သူများ တောင်းဆိုနေကြသည့် နမ့်လန်မြို့တိုးချဲ့ ဖွဲ့စည်းနိုင်ရေးကို နမ့်လန်ကျေးရွာ အုပ်စုအပြင် ကိုစန့်ကျေးရွာအုပ်စုကို ပေါင်းစည်းပြီး နမ့်လန်မြို့အဖြစ်တောင်းဆိုကြခြင်း ဖြစ်ပါကြောင်း၊ သီပေါမြို့၏ တောင်ဘက် ၂၈ မိုင်ခန့် ကွာဝေးပါကြောင်း၊ ဒေသထွက်ကုန် အများအပြားထွက်သည့် ဒေသလည်းဖြစ်ပါကြောင်း၊ နမ့်လန်-လားရှိုး၊ နမ့်လန်-မူဆယ်၊ နမ့်လန်-မန္တလေး၊ နမ့်လန်-သီပေါ၊ နမ့်လန်-ကျောက်မဲစသည့် ယာဉ်ကြီးယာဉ်ငယ် မော်တော်ယာဉ်လိုင်းများရှိပြီး နောင်များမကြာမီ နမ့်လန်-ကျောက်ဂူ-ရပ်စောက်ကားလမ်းကလည်း ရာသီမရွေးသွားလာနိုင်သည့် အဆင့်အထိ ပြီးစီးခဲ့မည်ဆိုလျှင် နမ့်လန်-တောင်ကြီး မော်တော်ယာဉ် လိုင်းများလည်း ပြေးဆွဲလာနိုင်မည့် အခြေအနေရှိပါကြောင်း၊ နမ့်လန်ကျေးရွာအုပ်စုက အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်ရှိပြီး လူဦးရေ အားဖြင့် ၂၀၀၀၀ ခန့်ရှိပါကြောင်း၊ နမ့်လန်ကျေးရွာအုပ်စု၏ အနီးပတ်ဝန်းကျင်က ကျေးရွာအုပ်စုများ၏ အခြေအနေများကိုပါ ထည့်တွက်လျှင် အိမ်ထောင်စုပေါင်း ၇၀၀၀ ခန့်နှင့် လူဦးရေ ၃၀၀၀၀ ခန့် ထပ်မံပိုမိုလာမည် ဖြစ်ပါကြောင်း၊ နမ့်လန်သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ (တောင်ပိုင်း)၊ (အလယ်ပိုင်း) များကို အလွယ်တကူဆက်သွယ် သွားလာနိုင်သည့် အနေအထား ရှိပါကြောင်း၊
လုပ်ထုံးလုပ်နည်းများအရ တင်ပြထားပြီး ဖြစ်သော်လည်း မြို့အဖြစ် ပြုပြင်ဖွဲ့စည်း ရာတွင်ပါဝင်သည့် လယ်မြေများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အခြားနည်းသုံးစွဲနိုင်ရန် တင်ပြရာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ (ခ)၊ နည်းဥပဒေ ၈၉ အရ ပြည်နယ်အစိုးရအဖွဲ့၏ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိရန် လိုအပ်ခြင်း၊ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၈၊ နည်းဥပဒေ ၁၇ အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်ရယူရန် လိုအပ်ခြင်းများကြောင့် ပြန်လည်စိစစ်ပြီး ဆောင်ရွက်နိုင်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ ၂၈-၆-၂၀၁၆ ရက်နေ့တွင် အခြားနည်း အသုံးပြုခွင့်ရရှိအောင် တင်ပြရန် ညွှန်ကြားခဲ့ပါကြောင်း၊ ညွှန်ကြားချက်အရ ဆက်လက် ဆောင်ရွက်ရာတွင် လယ်ယာမြေ ၅၇၄.၅၅ ဧကအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ (တောင်ကြီးမြို့) ကနေပြီး ၅-၇-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၇၅၅၉/၆-၆၃၃/အစရ (ရှမ်း) ဖြင့် အခြားနည်းအသုံးပြုခွင့် ပေးပြီးလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် တောရိုင်းမြေ ၁၁၁.၃၅ ဧကကို နမ့်လန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်လှိုင်မှ ၂၄-၇-၂၀၁၆ ရက်စွဲဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံ လျှောက်ထားခဲ့ပြီး ယခုလိုလျှောက်ထား ခဲ့သည့်အပေါ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး (သီပေါမြို့) ၏ ၆-၁-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၀၀၅/မအ-၆(၂၀၁၇) ဖြင့် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ထံ တင်ပြခဲ့ရာ ခရိုင်ဌာနမှလည်း ၂၄-၂-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၂၁၁/မအ-၄ ဖြင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနထံ ပေးပို့ထားပြီး တောရိုင်းမြေ ၁၁၁.၃၅ ဧကဟာ မြေလွတ်၊ မြေရိုင်းကော်မတီအနေနှင့် ခွင့်ပြုမိန့် ထုတ်ပေးရန် ကျန်ရှိနေသည်ကို သိရပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ နမ့်လန်ကျေးရွာအုပ်စုကို နမ့်လန်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး နမ့်လန်ဒေသခံများက အထက်ဖော်ပြပါအတိုင်း ကြိုးပမ်းဆောင်ရွက် နေကြသော်လည်း မည်သို့သော အခက်အခဲများကြောင့် ကြန့်ကြနေရပါသနည်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မည်သည့်ကာလတွင် နမ့်လန်မြို့အဖြစ်ကို မည်သို့/မည်ပုံ သတ်မှတ်ပေးနိုင်မည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၄ ရွာစုစည်းပြီး ရပ်ကွက် ၁၄ ရပ်ကွက်ပါ ပါဝင်သည့် နမ့်လန်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး အမှုတွဲအား ရှမ်းပြည်နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၂၈-၁၁-၂၀၁၅ ရက်စွဲပါစာဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရုံးချုပ်) ကို တင်ပြခဲ့ပါကြောင်း၊ ထိုသို့တင်ပြခဲ့မှုအပေါ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရုံးချုပ်) မှ စိစစ်ခဲ့ရာ မြို့တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် ယာမြေ ၅၇၁.၅၅ ဧကနှင့် တောရိုင်းမြေဧရိယာ ၁၁၁.၃၅ ဧကကို မြေအမျိုးအစား သတ်မှတ်ချက်အပေါ် မူတည်ပြီးမှ မြို့ရွာမြေအဖြစ် အသုံးပြုနိုင်ရေးကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြို့မြေ၊ ရွာမြေအဖြစ် အသုံးပြုနိုင်ရေးအတွက်ကို မြေအမျိုးအစား ခွင့်ပြုမိန့်များ လိုအပ်လျက်ရှိသည့် အတွက်ကြောင့် ပြန်လည်ပေးပို့ရန်အတွက်ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) မှ ၁၅-၆-၂၀၁၆ ရက်စွဲပါစာဖြင့် အကြောင်းကြား ခဲ့ပါကြောင်း၊ ယခုအခါ ယာမြေ ၅၇၁.၅၅ ဧကအတွက် အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိပြီး ဖြစ်သော်လည်း တောရိုင်း မြေဧရိယာ ၁၁၁.၃၅ ဧကအတွက် အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိရေးကို ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့မှ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ၁၇-၇-၂၀၁၈ ရက်စွဲပါစာအမှတ်၊ ၂၁၄/၁ မလယ (၂၀၁၈) ဖြင့် တင်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ နမ့်လန်မြို့အဖြစ် သတ်မှတ်ပေးနိုင်ရေးအတွက် အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့်လိုအပ်လျက်ရှိသည့် တောရိုင်းမြေဧရိယာ ၁၁၁.၃၅ ဧကကို ခွင့်ပြုမိန့်ရရှိပြီးမှသာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ကျေးရွာတိုးချဲ့ပြင်ဆင် ဖွဲ့စည်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ အထက်ဌာနအဆင့်ဆင့်ကို တင်ပြပြီးမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
ဦးစိုင်းသန့်ဇင် (သီပေါမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြဿနာဖြစ်နေသည်က တောရိုင်းမြေအတွက် ကျန်နေသည့်ကိစ္စသည် ပြီးခဲ့သည့် ၂၀၁၆-၁၇ ခုနှစ် ကတည်းက အောက်ခြေပိုင်းတွင်လည်း ကြိုးစားဖြေရှင်းပြီး အထက်ကိုလည်း စာများတင်ထားပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရလည်း ၎င်းတို့ကိုစိစစ်ပြီး အထက်ကိုတင်ပြထားပြီးလည်း ကြားသိရပါသည်။ ၎င်းနှင့်ပတ်သက်ပြီး မည်သည့်နေရာတွင် မည်သည့်အခက်အခဲများနှင့် မည်ကဲ့သို့ ကြန့်ကြာနေသည်ကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ယခုဝန်ကြီးဖြေသွားသည့် အထဲတွင် မကြားမိရပါကြောင်း၊ အထက်ကို ဆက်လက်တင်ပြမည်ဆိုပြီး ရှမ်းပြည်နယ်အစိုးရ၏ ကိုယ်စားဖြေကြားထားခြင်း ဖြစ်သည့်အတွက် ဆိုလိုချက်ကို ထပ်မံဖြေကြားပေးပါရန် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
ဆက်စပ်မေးခွန်းနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ အရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များကနေပြီး ရပ်ကွက်များ၊ ကျေးရွာများ ပြင်ဆင်ခြင်း၊ ဖွဲ့စည်းခြင်း၊ တိုးချဲ့ခြင်း၊ သတ်မှတ်ခြင်းများကို ဦးစွာပထမစပြီး တင်ပြရခြင်းဖြစ်ပါကြောင်း၊ ယခုလို တင်ပြသည့်အခါ တိုးချဲ့မည့် မြေအမျိုးအစားအပေါ် မူတည်ပြီး စိစစ်ရသည့်အတွက်ကြောင့် အခက်အခဲများ ဖြစ်ပါကြောင်း၊ တိုးချဲ့ရမည့်မြေသည် မြေအမျိုးအစား များစွာရှိပါကြောင်း၊ လယ်ယာမြေဆိုလျှင် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ အရလည်းကောင်း၊ သစ်တောမြေဆိုလျှင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သစ်တောဥပဒေအရ Forest Result Area လား။ Forest Protective Area လား စသည်ဖြင့် ၎င်းအပေါ် မူတည်ပြီး ဥပဒေအရ လုပ်ရပါကြောင်း၊ တောရိုင်းမြေနှင့် ပတ်သက်ပြီးလည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ စိစစ်ခြင်း၊ ကွင်းဆင်းခြင်း၊ ပယ်ဖျက်ခြင်းများ လုပ်ရပါကြောင်း၊ မြို့ရွာဖွဲ့စည်းခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက စတင်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၄ နှင့် တင်ပြနိုင်သော်လည်း ဆက်စပ်သည့် နေရာများက အင်မတန်မှ ရှုပ်ထွေးများပြားပါကြောင်း၊ လယ်ယာမြေနှင့်ဆက်စပ်ခြင်း၊ ဥယျာဉ်ခြံမြေ နောက်ပြီး တောရိုင်းမြေ၊ သစ်တောမြေ ဆက်စပ်သည့်အခါ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနက လုပ်ပေးရန်အတွက်ကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့က ဆက်စပ်သည့် ဌာနများနှင့် မြေအမျိုးအစားကို ပြုပြင်ခြင်းကို ဆောင်ရွက်ရပါကြောင်း၊ ဥပမာ လယ်ယာမြေဆိုလျှသ် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀၊ ယခင်က လန-၃၉၊ လယ်ယာမြေဥပဒေအရ ပယ်ဖျက်ခြင်း ဆောင်ရွက်ရပါကြောင်း၊ အခြားနည်းသုံးစွဲခွင့်များ လုပ်ရပါကြောင်း၊ ၎င်းအပေါ်တွင် ဆက်စပ်သည့် ဝန်ကြီးဌာနများကို ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က လိုက်လံပြီး ဆောင်ရွက်ရသည့်အခါ အခက်အခဲများရှိနေခြင်း ဖြစ်ပါကြောင်း၊ ယခုလို မြို့တစ်ခု၊ ရွာတစ်ခု ဖွဲ့ရန်အတွက်ကို မြေအမျိုးအစားသည် အခြားနည်းသုံးစွဲခွင့် ရပြီးပြီဆိုလျှင် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကနေပြီး အမှုတွဲများပြုစုပြီး Notification ထုတ်ပြန်ပေးရုံ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခက်အခဲဖြစ်နေသည်မှာ ဆက်စပ်သည့် မြေများက ဝန်ကြီးဌာနနှစ်ခု၊ သုံးခုနှင့်ဆက်စပ်နေသည့် အတွက်ကြောင့် ၎င်းဌာနများမှာ ကြန့်ကြာနေခြင်း ဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်မှ ဆက်စပ်သည့် မြေအမျိုးအစား စီမံခန့်ခွဲရသည့် ဌာနများဖြစ်သည့် လယ်/ဆည်ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေးဝန်ကြီးဌာနများနှင့် ဆက်စပ်ပြီး မြန်ဆန်စွာရရှိရေး အတွက်ကို ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးနိုင်မည် ဖြစ်သည့်အကြောင်း ရှင်းလင်း ဖြေကြားပါသည်။
