မျှင်ဝါးတောင် ကျေးရွာအုပ်စုအတွင်း သရက်ချောင်း၊ ပန်းတိုက်ကျေးရွာသည် ပုသိမ်-မုံရွာ ကားလမ်းမကြီး၏နံဘေး မိုင်တိုင်အမှတ် (၁၁၄/၄) မှ (၁၁၅/၆) မိုင်အတွင်း ရွှေသမင်သစ်တော ကြိုးဝိုင်းအတွင်းရှိပြီး လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်ကစပြီး စတင်တည်ရှိခဲ့သော အိမ်ခြေ ၁၁၆ အိမ်၊ အိမ်ထောင်စု ၁၁၆ ခုနှင့် လူဦးရေ ၄၆၀ ကျော်နေထိုင်သော ကျေးရွာတစ်ရွာ ဖြစ်ပါကြောင်း၊ ကျေးရွာတစ်ရွာ၏ ဖွဲ့စည်းပုံအင်္ဂါရပ်များဖြစ်သည့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ အားကစားကွင်း၊ နိုင်ငံတော်မှ ဆောင်ရွက်ပေးခဲ့သည့် စက်ရေတွင်း၊ ရွာလယ်လမ်းမကြီး၊ ခြံစည်းရိုးအကာအရံများဖြင့် ရွာ၏အင်္ဂါရပ်များ ပေါ်လွင်နေသည့် ရွာတစ်ရွာဖြစ်ပါကြောင်း၊ ရွှေသမင်သစ်တော ကြိုးဝိုင်းအတွင်း အကွက်အမှတ် (၁၈၊ ၂၀၊ ၂၁၊ ၃၅) ဧရိယာ ၇၇ ဧက၊ အိမ်ခြေ ၁၁၆၊ လယ်ယာမြေ ၅၀ ခန့်ဖြင့် တောင်ယာမြေ ၂၀ ခန့် စပါးသီးနှံ၊ မြေပဲ၊ ပဲတီစိမ်းနဲ့နှမ်းသီးနှံများ စိုက်ပျိုးသည့်ကျေးရွာလေးတစ်ရွာ ဖြစ်ပါကြောင်း၊ အုပ်စုကျေးရွာကြီးဖြစ်သည့် ဟင်အော်တောင်ကျေးရွာနှင့် လေးမိုင်ခန့်ကွာဝေးသော ရွာလည်း ဖြစ်ပါကြောင်း၊ ၎င်းရွာမှအနီးဆုံးဖြစ်သည့် မျှင်ဝါးတောင် အ.မ.က နှင့် ပဲ့ပြားကျေးရွာ အ.မ.က များကို KG တန်းအပါအဝင် ကျောင်းသားဦးရေ ၅၀ ကျော်ခန့် သွားရောက်ပြီး ပညာသင်ကြားနေရသည့် သစ်တောကျူးရွာ ဖြစ်ပါကြောင်း၊ ကျေးရွာနေပြည်သူများ အနေဖြင့် မိမိရွာ လူနေမှု အဆင့်အတန်းအတွက် လမ်း၊ ကျောင်း၊ နေအိမ်၊ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခွင့်၊ ဘာသာရေးအရ ကျောင်း၊ ကန်၊ ဘုရားတည်ဆောက်ခွင့် အခွင့်မသာသည့် နိုင်ငံသား အခွင့်အရေးများ ချို့တဲ့နေသည့် နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ပါကြောင်း၊
မိမိတို့ကျေးရွာနှင့် မိမိတို့ဘဝလုံခြုံမှု ကင်းမဲ့သည့် သစ်တောကျူးကျေးရွာ ကျေးရွာသူ/ရွာသား များအဖြစ် နှစ်ပေါင်းများစွာ စိုးရိမ်စိတ်၊ သံသယစိတ်တို့ဖြင့် ဘဝကိုကာရံနေထိုင် ကြရသူများ ဖြစ်ပါကြောင်း၊ ယခုနေထိုင်ရာရွာမှ ရွာပြောင်း၊ ရွာပျက်ခဲ့လျှင် ၎င်းတို့၏မျိုးဆွေသားချင်းများ၊ ရပ်မိရပ်ဖ များ၊ သက်ကြီးရွယ်အိုများ၊ တစ်ရွာတည်းနေ တစ်ရေတည်းသောက် သံယောဇဉ်ထား ရွာသူ/သား များနှင့် နှစ်လရှည်ကြာ အေးအတူပူအမျှ နေထိုင်ခဲ့ကြသည့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံး ကစဉ့်ကလျား ဖြစ်ကြမည်ကို စိုးရိမ်ပူပန်ကြောင့်ကြစိတ်ဖြင့် ရှင်သန်နေကြသူများအဖြစ် တွေ့မြင်သိရှိခဲ့ကြပါကြောင်း၊ နိုင်ငံသားတစ်ယောက်နှင့် ထိုက်တန်သည့် သိက္ခာရှိလူ့အသိုင်းအဝိုင်း၏ စည်းအပြင်က ရိုးသားသည့်ရွာမဲ့ နိုင်ငံသားများ၊ ရွာတွင်နေပြီး ရွာပျောက်နေသော နိုင်ငံသားများအဖြစ် တွေ့ရှိခံစား သိမြင်ခဲ့ရပါကြောင်း၊
သို့ပါ၍ မျှင်ဝါးတောင်ကျေးရွာ အုပ်စုအတွင်း ရွှေသမင်သစ်တော ကြိုးဝိုင်းအတွင်းတည်ရှိသည့် သရက်ချောင်း၊ ပန်းတိုက်ကျေးရွာအား ဥပဒေအရခွင့် ပြုနိုင်မှုအပေါ် အလေးထားစဉ်းစားပြီး သစ်တောမြေမှ ပယ်ဖျက်၍ ရွာမြေနှင့်လုပ်စား ကိုင်စားမြေအဖြစ် ဖွဲ့စည်းချထားပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါကလည်း မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၁၃ ခုနှစ်တွင် သစ်တောနယ်မြေများအတွင်း နှစ်ကာလအတိုင်းအတာ တစ်ခုအထိ အခြေချ နေထိုင်သည့် ရွာစုနှင့် အိမ်ထောင်စုများကို သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် သစ်တော ဦးစီးဌာနနှင့် ဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့များမှ မြေပြင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပြီး ကောက်ယူရရှိသည့် ရင်းများအရ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောမြေမှ ပယ်ဖျက်ခြင်း လုပ်ငန်းစဉ်အား အဆင့်အလိုက် စီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ (က) အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေး အမည်ပေါက်ရွာများ၏ ရွာမြေ၊ လယ်မြေ၊ သာသနာပိုင်/အများပိုင် မြေများကို သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ခြင်း၊ (ခ) အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည် မပေါက်သေးသည့် ကျေးရွာများအား လုပ်ထုံးလုပ်နည်းနှင့်အညီ သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ခြင်း၊ (ဂ) အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည်ပေါက် ကျေးရွာများနှင့် အမည်မပေါက် သော်လည်း အခိုင်အမာ တည်ထောင်ထားပြီးသည့် ကျေးရွာများအား အထက်ပါလုပ်ထုံး လုပ်နည်းများအတိုင်း သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးခြင်း၊ (ဃ) အိမ်ခြေ ၅၀ အောက် ပြန့်ကျဲနေထိုင်သည့် အိမ်ခြေများနှင့် ပြင်ပမှနေထိုင်ပြီး ကြိုးဝိုင်းအတွင်းကျူးကျော် ဝင်ရောက်လုပ်ကိုင် သူများအတွက် အချိန်ယူစိစစ်ပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းမှုဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ခြင်းတို့ ဖြစ်ပါကြောင်း၊
ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများနှင့် သဘာဝနယ်မြေများအတွင်း တရားမဝင်ဝင်ရောက်ပြီး နှစ်ကာလအတိုင်းအတာ တစ်ခုအထိ အခြေချနေထိုင်သည့် ရွာစုနှင့်အိမ်ထောင်စုများအား အဆင့်အလိုက် ပယ်ဖျက်ပေးလျက်ရှိရာ လုပ်ငန်းစဉ် (က) မှ (ဂ) အထိ အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေး အမည်ပေါက်/အမည်မပေါက်ရွာ၊ အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည်ပေါက် ကျေးရွာများနှင့် အမည်မပေါက်သော်လည်း အခိုင်အမာတည်ထောင် ထားပြီးဖြစ်သည့် ကျေးရွာများ၏ ရွာမြေ၊ လယ်မြေ၊ သာသနာမြေ၊ အများပိုင်မြေများကို သစ်တောနယ်မြေ အဖြစ်မှ ပယ်ဖျက်ပေးလျက် ရှိပြီး၊ ယာမြေနှင့်ဥယာဉ်ခြံမြေများအား သစ်တောမြေမှ ပယ်ဖျက်ခြင်းမပြုဘဲ ယာမြေအား သီးနှံသစ်တော ရောနှောစိုက်ပျိုးသည့် စနစ်ကိုအခြေခံသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းနှင့် ဥယျာဉ်ခြံမြေများအား နှစ်ရှည်မြေငှားရမ်း စနစ်ဖြင့် ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိပြီး အမှတ်စဉ် (ဃ) လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် ကြိုးဝိုင်းတောခြောက်ခု စုစုပေါင်းဧရိယာ ၁.၅၇၇၁၉ သိန်း ဧက ဖွဲ့စည်းထားရှိပြီး ရွှေသမင်သစ်တော ကြိုးဝိုင်းအား ၁၉-၃-၂၀၀၃ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၁၀၁ ဖြင့် ဧရိယာ ၁၁၆၆၆ ဧကနှင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ် စာရင်းကောက်ယူ မှုများအရ မြန်အောင်မြို့နယ်၊ ရွှေသမင်သစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၃၅) အတွင်း အိမ်ခြေ ၅၀ အောက် ပြန့်ကျဲနေထိုင်သော အိမ်ခြေများ၏ ရွာမြေ ၂.၉၁ ဧက၊ လယ်မြေ ၁၉၆.၇၅ ဧက၊ ယာမြေ ၄၅ ဧက စုစုပေါင်း ၂၄၄.၆၆ ဧက စာရင်းကောက်ယူ ရရှိခဲ့ပါကြောင်း၊ ပန်းတိုက်အိမ်စုသည် ရွှေသမင်ကြိုးဝိုင်း အကွက်အမှတ် (၁၈၊ ၁၉) ဖြင့် သရက်ချောင်းအိမ်စုသည် အကွက်အမှတ် (၂၀၊ ၂၁၊ ၃၅) တို့တွင် တည်ရှိပြီး အိမ်ခြေ ၅၀ အောက် ပြန့်ကျဲနေသော အိမ်ခြေများ စာရင်းတွင် ပါဝင်သည့်အတွက် အဆိုပါမြေအားလုံးသည် ကြိုးဝိုင်းအတွင်း အခြားဒေသမှ ဝင်ရောက် လုပ်ကိုင်သည့် တောင်သူများ ဖြစ်ကြပါကြောင်း၊
သစ်တောဦးစီး ဌာနအနေဖြင့် သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ခြင်း လုပ်ငန်းစဉ် အမှတ်စဉ်(က) မှ (ဂ) အထိပါဝင်သော မြေအားလုံးအတွက် ပယ်ဖျက်ပေးလျက်ရှိပြီး အိမ်ခြေ ၅၀ အောက် ပြန့်ကျဲသော အိမ်ထောင်စုများနှင့် နီးစပ်ရာကျေးရွာများမှ ဝင်ရောက်လုပ်ကိုင်ကြသော လယ်မြေများအား ကြိုးဝိုင်းမှ ပယ်ဖျက်ခြင်းအား လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပယ်ဖျက်ပေးသည့် အချိန်မှသာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးခင်မောင်လတ် (မြန်အောင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သရက်ချောင်း၊ ပန်းတိုက်ကျေးရွာကို ရောက်သည့်အခါ ယခုအချိန်တွင် ၎င်းအိမ်ခြေ ၅၀ ကို သီးခြားစာရင်း ကောက်ယူသည့်အခါ အိမ်က ၁၁၆ အိမ်ခန့် ရှိနေပါကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ပြန်လည်စဉ်းစားပြီးသေချာစိစစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်းမေးပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
အိမ်ခြေ ၅၀ အောက်ရှိ ပြန့်ကျဲအိမ်ထောင်စုများနှင့် ပတ်သက်သည့် အိမ်ထောင်စုများကို သစ်တောနယ်မြေ ကြိုးဝိုင်းမှ ပယ်ဖျက်ပေးနိုင်မှု အခြေအနေက တစ်ပြည်လုံးအတိုင်းအတာဖြင့် သတ်မှတ်ပြီးမှ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ ဝန်ကြီးဌာနတွင် ပြန်လည်စိစစ်ပြီးမှ အတိအကျပြန်လည်ဖြေကြားပေးမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားပါသည်။
