မိမိနှင့် ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးတို့က ၁၇-၉-၂၀၁၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြစာပေးပို့ခဲ့ပါကြောင်း၊ ၁၃-၇-၂၀၁၇ ရက်နေ့တွင်ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၀)ရက်မြောက်နေ့တွင် မိမိအဆိုတစ်ခု တင်သွင်း ခဲ့ပါကြောင်း၊ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင် ရွှေမှော်နှင့် ပယင်းမှော်များ တူးဖော်ဆောင်ရွက်နေမှုများကို နောင်တွင်ယခုကဲ့သို့မဖြစ်စေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ဖြစ်ပါကြောင်း၊ ၎င်းအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုထားပါကြောင်း၊ ယင်းအဆိုတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်လည်း အတည်ပြုပေးရန် ထောက်ခံဆွေးနွေးခဲ့ပါကြောင်း၊ ဝန်ကြီး၏ရှင်းလင်းဖြေကြားချက်နိဂုံးချုပ်တွင် ကချင်ပြည်နယ်၊ တနိုင်း မြို့နယ်တွင် ကျောက်မျက်ရတနာအသေးစား၊ လက်လုပ်လက်စားလုပ်ငန်းများအနေဖြင့် ပယင်း တူးဖော်ခွင့်၊ ရွှေသတ္တု အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ထုတ်လုပ်ခွင့်များကို ကချင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် တရားမဝင် ရွှေနှင့်တူးဖော်မှုများ နောင်တွင်ဖြစ်ပွားခြင်း မရှိစေရန် ဆောင်ရွက်သွားနိုင်မည်ဟု ရှင်းလင်းဖြေကြားထားပါကြောင်း၊ တနိုင်းမြို့နယ်တွင် ရွှေနှင့် ပယင်းထွက်ရှိရာဒေသများဖြစ်သော နန်ဗျူ၊ ဇီးဖြူကုန်း၊ တုံမဏီတို့တွင် တရားမဝင် လုပ်ငန်းရှင် တချို့က ဆောင်ရွက်နေကြကြောင်း နယ်မြေသတင်းအရသော်လည်းကောင်း၊ မဲဆန္ဒရှင် ပြည်သူများ က တင်ပြ၍သော်လည်းကောင်း၊ လူမှုကွန်ရက်များကသော်လည်းကောင်း သိရှိရပါကြောင်း၊ နိုင်ငံတော် ၏ သယံဇာတနစ်နာမှုကိုဖြစ်စေ၊ နိုင်ငံသူ နိုင်ငံသားများ၏ စားဝတ်နေရေးပြေလည်စေရေးနှင့် အလုပ် လက်မဲ့ပြဿနာနည်းပါးစေရေး၊ နိုင်ငံတော်မှ အခွန်ဘဏ္ဍာရရှိရေးစသောအချက်ကို ရှေးရှုပြီး တနိုင်း မြို့နယ်တွင် ပယင်း၊ရွှေသတ္တုနှင့်စပ်လျဉ်းပြီး အသေးစားနှင့်လက်လုပ်လက်စားတူးဖော် ဆောင်ရွက် ခွင့်ကို အမြန်ဆုံးခွင့်ပြုပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် တနိုင်းမြို့နယ်တွင် ပယင်း၊ ရွှေသတ္တုတို့နှင့်စပ်လျဉ်း၍ အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ထုတ်လုပ်ခွင့်ကို ခွင့်ပြုနိုင်ရေး အတွက် မည်ကဲ့သို့ဆောင်ရွက်နေကြောင်းကို သိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၄ ပုဒ်မ ခွဲ (ခ) အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရတနာနယ်မြေအသီးသီးတွင် ကျောက် မျက်ရတနာ လက်လုပ်လက်စားလုပ်ကွက်များ လုပ်ပိုင်ခွင့်ပြုမည့် အမိန့်ကြော်ငြာစာနှင့် ကချင် ပြည်နယ်လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့ဖွဲ့စည်းမည့် အမိန့်ကြော်ငြာစာများကို ၂၆-၉-၂၀၁၈ ရက်နေ့ တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်ပါ၍ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပယင်းတူးဖော်ခွင့်ကို ကျောက်မျက်ရတနာလက်လုပ်လက်စားအနေဖြင့် တရားဝင်လုပ်ကိုင်ခွင့်ပြုသွားနိုင်ပြီ ဖြစ်ပါကြောင်း၊
မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ (က) တွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကျောက်မျက်ရတနာလုပ်ကွက်စိစစ်ချထားရေးအဖွဲ့သည် ရတနာနယ်မြေ သို့မဟုတ် ရတနာ နယ်မြေ ပြင်ပဧရိယာအတွင်း အသေးစားတူးဖော်ထုတ်လုပ်ခြင်း သို့မဟုတ် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ခွင့်ပြုမည့်နေရာဒေသများကို ဝန်ကြီးဌာန၏ သဘော တူညီချက်ဖြင့် လုပ်ကွက်သတ်မှတ်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ရတနာနယ်မြေများအတွင်း လက်လုပ်လက်စားတူးဖော်ထုတ်လုပ်ခြင်းကို လုပ်ကိုင်ခွင့်ပြုမည့်ဧရိယာကို ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့်လည်း ညှိနှိုင်းသတ်မှတ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ပယင်းရတနာကို တရားမဝင် တူးဖော်နေကြသည့် နေရာသည် ရတနာနယ်မြေအတွင်း ကျရောက်ခြင်းမရှိသည့်အတွက် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ (က) အရ ရတနာနယ်မြေပြင်ပရှိ လက်လုပ်လက်စားဧရိယာအဖြစ် ကချင် ပြည်နယ်အစိုးရအဖွဲ့၊ လုပ်ကွက်စိစစ်ချထားရေးအဖွဲ့က လုပ်ကိုင်ခွင့်ပြုနိုင်မည် ဖြစ်ပါကြောင်း၊
မြန်မာ့သတ္တုတွင်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၉ နှင့် ၉၅ တွင်လည်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကန့်သတ်ထားသော ဓာတ်သတ္တုများမှအပ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ဆောင်ရွက်ခွင့်ရှိသည့်သတ္တု၊ စက်မှုတွင်းထွက်ပစ္စည်း သို့မဟုတ် ကျောက်ကို အသေးစားထုတ်လုပ်ခြင်း၊ လက်လုပ်လက်စားထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင် လိုသည့် နိုင်ငံသား သို့မဟုတ် နိုင်ငံသားအဖွဲ့အစည်းသည် ခွင့်ပြုမိန့်ရရှိရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လုပ်ကွက်စိစစ်ချထားရေးအဖွဲ့သို့ လျှောက်ထားရမည်ဟု ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး/ပြည်နယ် ဓာတ်သတ္တုအသေးစား သို့မဟုတ် လက်လုပ် လက်စားလုပ်ကွက်စိစစ်ချထားရေးအဖွဲ့ကို ၁၃-၂-၂၀၁၈ ရက်နေ့က ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ရှင်ဗွေယန်ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ကစီမံခန့်ခွဲမည့် ရွှေသတ္တုအသေးစားလက်လုပ်လက်စားလုပ်ကိုင်ခွင့်အတွက် ဝန်ကြီးဌာနမှ ၆-၉-၂၀၁၈ ရက်စွဲပါစာဖြင့် သတ်မှတ်ပေးခဲ့ပြီးဖြစ်သည့်အတွက် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများနှင့်အညီ ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက်ပေးသွားနိုင်ပြီ ဖြစ်ပါ ကြောင်း၊ လက်ရှိတွင် တနိုင်းမြို့နယ်၊ ရှင်ဗွေယန်ဒေသအတွင်း ရွှေအသေးစားလုပ်ကွက် (၂) ကွက်ကို မြို့နယ်ကွင်းဆင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးတိုင်းတာပြီးဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ရရှိရန် တင်ပြထားပြီးဖြစ်ပါကြောင်း၊
သို့ရာတွင် လတ်တလောကာလတွင် တနိုင်းမြို့နယ်၊ နန်ဗျူ၊ ဇီးဖြူကုန်း၊ လဘူခ၊ ဝေလောဒေသ များ အတွင်း ရွှေအသေးစားလုပ်ကွက်ကုမ္ပဏီ ၁၅ ခုမှ လုပ်ကွက် ၅၂ ကွက်အား နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ကွင်းဆင်းစစ်ဆေးနိုင်ခြင်းမရှိသေးသောကြောင့် ၁၄-၈-၂၀၁၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ပြည်နယ်လုပ်ကွက်စိစစ်ချထားရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၈/ ၂၀၁၈) ဆုံးဖြတ်ချက်အရ တနိုင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ခေတ္တဆိုင်းငံ့ ထားပါကြောင်း၊ အကယ်၍ အဆိုပါလုပ်ကွက်များအား ကွင်းဆင်းစစ်ဆေးပြီးပါက အသေးစား၊ လက်လုပ်လက်စားလုပ်ကွက်များအတွက် ဧရိယာသတ်မှတ်ခွင့်ပြုပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးလင်းလင်းဦး(တနိုင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
တနိုင်းမြို့နယ်တွင် ဒေသသုံးခု နန်ဗျူ၊ ဇီးဖြူကုန်း၊ တုံမဏီတို့သည် ရွှေသတ္တုများ၊ ပယင်းများ ထွက်ရှိသည့်နေရာများ ဖြစ်ပါကြောင်း၊ ယခု နယ်မြေဒေသလုံခြုံမှုအခြေအနေ မကောင်းဘူးဆိုသည်မှာ ခိုင်မာသည့်အကြောင်းပြချက် မဟုတ်ပါကြောင်း၊ တနိုင်းတွင် လုပ်ငန်းရှင်တချို့က ဝင်ရောက် လုပ်ကိုင် နေကြပါကြောင်း၊ အများစုက တရားဝင်လျှောက်လိုလုပ်ကိုင်လိုကြ ပါကြောင်း၊ လျှောက်၍မရ ဖြစ်နေ ပါကြောင်း၊ နယ်မြေလုံခြုံမှုအနေအထားကိုအကြောင်းပြပြီး ယခုကဲ့သို့လုပ်ဆောင်နေပါက နိုင်ငံတော်၏ သယံဇာတနစ်နာဆုံးရှုံးမှုက ကြီးသထက်ကြီးလာပြီး အများပြည်သူလည်း အလုပ်အကိုင်အခွင့်အလမ်း များ နည်းသွားမည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနနှင့်သော် လည်းကောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်သော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းပြီးမှ မိမိတို့ ဒေသတွင် တရားဝင်လုပ်ကွက်များချနိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
နန်ဗျူ၊ ဇီးဖြူကုန်းဒေသတွင် ပြည်နယ်အစိုးရ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် မိမိတို့ခေတ္တဆိုင်းငံ့ ထားခြင်းသာ ဖြစ်ပါကြောင်း၊ သို့ရာတွင် ပြီးခဲ့သည့်လပိုင်းက ပြည်နယ်အစိုးရ၏တောင်းဆိုမှုအတွက် အသေးစားလက်လုပ်လက်စား လုပ်ကွက်များကို ရှဒူဇွပ်ဒေသတွင်သွားရောက်ပြီး ကွင်းဆင်းတိုင်းတာ ပေးပြီး သတ်မှတ်ပေးခဲ့ခြင်းလည်း ရှိပါကြောင်း၊ အကယ်၍ ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် ကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အမြန်ဆုံးဆက်လက်ညှိနှိုင်းဆောင်ရွက်၍ ရပါကြောင်း၊ ဧရိယာလည်းသတ်မှတ်ပြီး၊ လုပ်ကွက်ဧရိယာလည်း Coordinated အကုန်လုံးလုပ်ထား ပြီးပြီဖြစ်သည့်အတွက် မြေပြင်ကွင်းဆင်းမှုတစ်ခုသာကျန်ရှိသည့်အတွက် မိမိတို့ပေါင်းစပ်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
