ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက် (A)၊ ဝါးဖြူတောင်ဒေသရှိ ရွှေလုပ်ကွက် (B)၊ သပြေပင်ဒေသနှင့် ဇီးဖြူကုန်းဒေသရှိ ရွှေလုပ်ကွက် (C) တို့အား တရားဝင်ရွှေ ထုတ်လုပ်ခွင့် ပြုပေးနိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရမည်းသင်းမြို့နယ်သည် ရွှေသတ္တုအများအပြားထွက်ရှိရာ ဒေသဖြစ်ပြီး အကြီးစားရွှေ လုပ်ကွက်ကြီးများ လုပ်ကိုင်ရာဒေသလည်း ဖြစ်ပါကြောင်း၊ (A) လုပ်ကွက်သည် ဧက ၆၀၀၀ ကျော်ရှိပြီး (B) လုပ်ကွက်သည် ဧက ၈၀၀၀ ကျော်နှင့် (C) လုပ်ကွက်သည် ဧက ၅၀၀၀ ကျော် ရှိပါကြောင်း၊ ယခင်က (A) (B) (C) လုပ်ကွက်ကြီးများတွင် လုပ်ကိုင်နေကြသော ကုမ္ပဏီများသည် ရွှေကြွေးကျန်များ အပြေအကြေပေးသွင်းနိုင်ခြင်း မရှိသည့်အတွက် လုပ်ကွက်ကြီးများ ပိတ်သိမ်းထားခံ ရသည်ကို သိရှိရပါကြောင်း၊ ယခင်က ရွှေသတ္တုတူးဖော်သည့် ကုမ္ပဏီကြီးများ လုပ်ငန်းလည်ပတ်မှု ရှိသည့်အတွက် ဒေသခံပြည်သူများ၊ နိုင်ငံသူနိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြပြီး နိုင်ငံတော်အတွက် ဘဏ္ဍာအခွန်ငွေများလည်း ရရှိပါကြောင်း၊ ဆိုင်ကယ်ကယ်ရီနှင့် ကားကယ်ရီသမားများ၊ တည်းခိုခန်းလုပ်ငန်းရှင်များ၊ ကုန်စိမ်းသည်မှအစ ရွှေဆိုင်ပိုင်ရှင်များအဆုံး ဈေးရောင်းသူများအားလုံး အရောင်းအဝယ် အဆင်ပြေခဲ့ကြပါကြောင်း၊ မိုးထိမိုးမိဒေသကို ယခင်က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာတွင် တာဝန်ကျဝန်ထမ်းများနှင့် ရွှေခိုးတူးသူများ နားလည်မှုများရယူပြီး လုပ်ကိုင်ခဲ့ကြသည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ တစ်ပြားတစ်ချပ်မှမရရှိဘဲ သယံဇာတများ များစွာဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိပါကြောင်း၊ ယခုအခါ ၁၂-၁၂-၂၀၁၈ ရက်နေ့က ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဝန်ကြီးဌာနက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ပေးရန်အတွက် လျှောက်ထားလာခြင်းကိုလည်း သိရှိရပါကြောင်း၊ လက်ရှိအချိန်တွင် (B) လုပ်ကွက်တွင်ရှိသည့် Actor (2) ပေါက်နှင့် (3) ပေါက်တွင် တရားမဝင်လေလံ ပေးထားသည် ဆိုသည့်အကြောင်း သိရှိရပါကြောင်း၊ အချို့ Actor များတွင်လည်း ဗြုန်းခိုးယူမှုများရှိပြီး ပန်းတောင်ဒေသရှိ ဗြုန်းကြိတ်စက်များကို သယ်ယူပြီး ရွှေထုတ်လုပ်မှုများ ရှိကြောင်း တိုင်ကြားမှုများလည်း ရှိပါကြောင်း၊ လုပ်ကွက် (A) တွင် တရားမဝင်ရွှေထုတ်လုပ်မှု များကြောင်း သတင်းများရရှိသည့်အတွက် ၃၁-၁၂-၂၀၁၈ ရက်နေ့က ဖမ်းဆီးရေးအဖွဲ့နှင့် တက်ရောက် ဖမ်းဆီးသည့်အခါ ဗြုန်းကြိတ်စက်လေးလုံးနှင့်အတူ ဆက်စပ်ပစ္စည်း ၂၈ မျိုးကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းနိုင်ခဲ့ပါကြောင်း၊
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ပြည်ထောင်စုဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင့် ဦးစားပေးဆောင်ရွက်ရမည့် မူကြမ်းများတွင် သတ္တုတွင်းလုပ်ကွက်များရှိရာ ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည်၊ နိုင်ငံတော်နှင့် ရင်းနှီးမြှုပ်နှံသူနှစ်ဦးနှစ်ဖက် မျှမျှတတအကျိုးရှိစေမည့် Win Win System ကို အခြေခံပြီး အကျိုးတူဆောင်ရွက် မည်ဆိုပြီး ဖော်ပြထားခြင်း ရှိပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီး ဌာနအနေဖြင့် (C) လုပ်ကွက်တွင် အမရာကုမ္ပဏီက ဧက ၃၀၀၀ ကုမ္ပဏီ အသစ်အနေဖြင့် လျှောက်ထားသည်ဟု သိရှိရပါကြောင်း၊ လက်ရှိတွင် (A) နှင့် (B) က ပိတ်သိမ်းထားသည် ဆိုသည့်အကြောင်း သိရှိရပါကြောင်း၊ ထို့ကြောင့် လုပ်ကွက် (A) နှင့် (B) တို့တွင် လုပ်ကိုင်သည့် ကုမ္ပဏီကြီးများ၏ ရွှေကြွေးကျန်များကို ၎င်းတို့အများဆုံး ပေးသွင်းနိုင်သည့် ပမာဏကို ကနဦးအနေဖြင့် ညှိနှိုင်းလက်ခံရယူပြီး ကျန်ရှိကြွေးကျန်များကို အရစ်ကျစနစ်ဖြင့် ညှိနှိုင်းပြီး၊ ၎င်းတို့ထက်ကောင်းသည့် အခြားသောအစီအစဉ်များ ရှိမည်ဆိုပါကလည်း မည်သည့်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရ ရမည်းသင်းမြို့နယ်တွင်ရှိသည့် အကြီးစားရွှေလုပ်ကွက်ကြီးများဖြစ်သည့် (A) (B) (C) ရွှေလုပ်ကွက်ကြီးများကို တရားဝင်လုပ်ကိုင်ခွင့်ပြု ပေးနိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသတွင် တရားမဝင်ရွှေတူးဖော် ထုတ်လုပ်မှုများ ရှိခဲ့သဖြင့် ယခင်အိုင်ဗင်ဟိုးကုမ္ပဏီက ရွှေထုတ်လုပ်ရန်တင်ပြခဲ့သည့် မြေဧရိယာ ၃၀.၇၅ စတုရန်းမိုင်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထိန်းသိမ်း ခဲ့ရဖူးပါကြောင်း၊ အဆိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်ထိန်းသိမ်းခဲ့သည့် မြေဧရိယာကို မိုးထိမိုးမိဒေသ လုပ်ကွက်-A မြေဧရိယာ ၆၁၀၅ ဧက၊ ဝါးဖြူတောင်ဒေသ လုပ်ကွက်-B မြေဧရိယာ ၈၄၈၄.၅၉ ဧက၊ သပြေပင်နှင့် ဇီးဖြူကုန်းဒေသ လုပ်ကွက်-C မြေဧရိယာ ၅၀၉၁.၈၀ ဧကဟူ၍ လုပ်ကွက်သုံးခု ပိုင်းခြားထားခဲ့ပါကြောင်း၊ လုပ်ကွက်-A တွင် တရားဝင် ရွှေတူးဖော်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီး နိုင်ငံပိုင်သတင်းစာများတွင် ၃-၅-၂၀၁၁ ရက်နေ့မှ ၁၀-၅-၂၀၁၁ ရက်နေ့အထိ ကြော်ငြာထည့်သွင်းပြီး တင်ဒါခေါ်ယူမှု ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ လုပ်ကွက် (A) အား အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီက နိုင်ငံတော်သို့ ငါးနှစ်အတွင်း ပုတ်ပြတ် ရွှေစင် ၅.၅၇၇ မက်ထရစ်တန်၊ အဆိုပြုငွေကျပ်သန်း ၁၀၀ ဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အကြီးစားရွှေ ထုတ်လုပ်ခွင့် ရရှိခဲ့ပြီး စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ပါကြောင်း၊ ကုမ္ပဏီသည် လုပ်ငန်းအခက်အခဲ များကြောင့် မူလစာချုပ်အား ပြင်ဆင်ချုပ်ဆိုခွင့်ပြုရန် တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် စာချုပ်ကို နှစ်ကြိမ်ပြင်ဆင် ချုပ်ဆိုပေးခဲ့ ရပါကြောင်း၊ ပြင်ဆင်စာချုပ်များအရ ပုတ်ပြတ်ရွှေစင်ကို ရှစ်နှစ်အတွင်း ပေးသွင်းရန်နှင့် လစဉ်ပေးသွင်းရမည့် ပိဿာနှုန်းထားများကို စာချုပ်တွင် ဖော်ပြထားခဲ့ပါကြောင်း၊ ပုတ်ပြတ်ရွှေစင် ပေးသွင်းပြီးပါက နောက်ထပ် ၁၇ နှစ်အား ထုတ်လုပ်မှုအပေါ် အချိုးခွဲဝေခံစားသည့် စနစ်နှင့် ၂၀၃၆ ခုနှစ်အထိ ဆောင်ရွက်ခွင့် ရရှိခဲ့ပါကြောင်း၊
ကုမ္ပဏီသည် ၂၀၁၆ ခုနှစ် ဧပြီလမှစပြီး နိုင်ငံတော်သို့ စာချုပ်ပါ သတ်မှတ်ရွှေစင်များ အပြည့်အဝပေးသွင်းခြင်း မရှိခဲ့သည့်အတွက် ၁၇-၂-၂၀၁၈ ရက်နေ့ ခွင့်ပြုမိန့်ပယ်ဖျက်ခဲ့ပြီး ၁၇-၅-၂၀၁၈ ရက်နေ့တွင် သဘောတူစာချုပ်ကို ရပ်စဲခဲ့ပါကြောင်း၊ ခွင့်ပြုမိန့်ပယ်ဖျက်ခဲ့ပြီးနောက် ဌာနမှ ကုမ္ပဏီကို စာချုပ်ပါပေးသွင်းရန် ကျန်ရှိရွှေစင်များ ရရှိရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်အတိုင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားမကြောင်းဖြင့် တရားစွဲဆိုရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ကွက် (A) ဧရိယာအတွင်း ရွှေထုတ်လုပ်ခွင့်ကို တရားဝင်ပြန်လည် သတ်မှတ်ချထားနိုင်ရေးအတွက် အဆိုပါတရားမမှု၏ ဆုံးဖြတ်ချက်အမိန့်အပေါ် မူတည်ပြီးမှ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ရွှေလုပ်ကွက် (B) က ဒုတိယအများဆုံး အဆိုပြုခဲ့သည့် ရွှေမိုးယံကုမ္ပဏီက ရွှေစင် ၅.၁၁၇ မက်ထရစ်တန်နှင့် ၂၀၁၁ ခုနှစ်တွင် ထုတ်လုပ်ခွင့်စာချုပ် ချုပ်ဆိုခဲ့ပါကြောင်း၊ ကုမ္ပဏီကလည်း လုပ်ကွက် (A) ကဲ့သို့ပင် လုပ်ငန်းအခက်အခဲများကြောင့် မူလစာချုပ်အား ပြင်ဆင်ချုပ်ဆိုခွင့် ပြုရန်တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် စာချုပ်နှစ်ကြိမ်ပြင်ဆင် ချုပ်ဆိုပေးခဲ့ရပါကြောင်း၊ ပြင်ဆင်စာချုပ်များအရ ပုတ်ပြတ်ရွှေစင်ကို ရှစ်နှစ်အတွင်း ပေးသွင်းရန်နှင့် လစဉ်ပေးသွင်းရမည့် ပိဿာနှုန်းများကိုလည်း ဖော်ပြထားရှိပါကြောင်း၊ ပုတ်ပြတ်ရွှေစင် ပေးသွင်းပြီးပါက နောက်ထပ် ၁၇ နှစ်အား ထုတ်လုပ်မှုအပေါ် အချိုးခွဲဝေသည့် စနစ်ဖြင့် ၂၀၃၆ ခုနှစ်အထိ ဆောင်ရွက်ခွင့်ကို ပေးခဲ့ပါကြောင်း၊
ကုမ္ပဏီကစာချုပ်အရ ရွှေစင်များပေးသွင်းရန် ကျန်ရှိခဲ့သဖြင့် ၈-၁၁-၂၀၁၇ ရက်နေ့မှစပြီး ယနေ့အထိ လုပ်ကွက် (B) ကို လုပ်ငန်းများဆိုင်းငံ့ ထားပါကြောင်း၊ လုပ်ကွက်အခြေအနေနှင့် ပတ်သက်ပြီး စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ စာချုပ်ရပ်စဲရေး ဆောင်ရွက်သွားရန်နှင့် စာချုပ်ပါ စည်းကမ်း အတိုင်း မပေးသွင်းမှုအပေါ် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွားရန် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ ၂၂-၁-၂၀၁၉ ရက်စွဲပါစာဖြင့် အကြံပြုခဲ့ပါကြောင်း၊ လုပ်ကွက် (B) အား ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ အကြံပြုချက်အတိုင်း ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ ဆက်လက်တင်ပြပြီး မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ရွှေလုပ်ကွက် (C) က ၈-၅-၂၀၁၂ ရက်နေ့ကနေပြီး ၇-၅-၂၀၁၇ ရက်နေ့အထိ ခွင့်ပြုသက်တမ်းငါးနှစ်ဖြင့် မြန်မာစန်းသီအောင် ကုမ္ပဏီကို ရွှေတူးဖော်ထုတ်လုပ်ခွင့် ပေးခဲ့ပါကြောင်း၊ ပြင်ဆင်ချိန်ကာလအပြီး ရွှေထုတ်လုပ်မှုကာလ စတင်ချိန်တွင် ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ၃၁-၈-၂၀၁၃ ရက်နေ့တွင် စာချုပ်စည်းကမ်းနှင့် မညီညွတ်သည့်အတွက် လုပ်ကွက်အား ပိတ်သိမ်း ခဲ့ပါကြောင်း၊ အဆိုပါရွှေလုပ်ကွက် (C) တွင် ယခုအခါ AMARI Group (Australia) Co.,Ltd သည် နန်းခွဲဒေသ မြေပုံညွှန်း 93 D/6 ဝန်းကျင်တွင် ရွှေနှင့်ဆက်စပ် သတ္တုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် လျှောက်ထားသည့်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ကို တောင်းခံထားပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့သဘောထားမှတ်ချက် ပြန်ကြားရရှိပါက မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
