မြန်မာနိုင်ငံသစ်တောများသည် ကျွန်းနှင့်သစ်မာမျိုးစုံထွက်ရှိသည့် အဖိုးတန်သစ်တောကြီးများ ဖြစ်ကြပါကြောင်း၊ ထွက်ရှိသည့်သစ်မာများထဲတွင် ပိတောက်၊ တမလန်းကဲ့သို့သော သစ်မာများမှာ ပြည်တွင်း ဈေးကွက်သာမက အိမ်နီးချင်းနိုင်ငံကြီးတစ်ခု၏ ဈေးကွက်ဝယ်လိုအားနှင့် ဈေးနှုန်းမြင့်မားမှုတို့ကြောင့် မိမိတို့နိုင်ငံအတွင်းတွင် တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ သယ်ယူခြင်း၊ ရောင်းချခြင်းများကို တွေ့မြင်ကြားသိ နေရပါကြောင်း၊ ယခင်ကသစ်များကို အချိန်တိုကာလအတွင်း အလွန်အကျွံ ထုတ်ယူခဲ့သည့်အတွက် သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ယခုအစိုးရလက်ထပ်တွင် ပဲခူးရိုးမသစ်တောကို ၁၀ နှစ်၊ ကျန်သစ်တောများကို တစ်နှစ်၊ သစ်ထုတ်လုပ်ခြင်းရပ်ဆိုင်းခဲ့ပါကြောင်း၊ သို့သော်လည်း ကျွန်းသစ်နှင့် သစ်မာများ တရားမဝင်ထုတ်လုပ်မှုက ရပ်ဆိုင်းသွားခြင်းမရှိဘဲ ယနေ့အထိ ထုတ်လုပ်နေကြဆဲ ဖြစ်ပါကြောင်း၊ တာဝန်သိပြည်သူများက သတင်းအတိအကျပေးပြီး တိုင်ကြားသောကြောင့် ဖမ်းဆီးမိသည်များလည်း ရှိပါကြောင်း၊ သတင်းတိကျပါလျက် မဖမ်းမိသည်များလည်းရှိပါကြောင်း၊ သတင်းပေးသည့် ပြည်သူများမသိလိုက်၍ လွတ်ထွက်သွားသည်များလည်း ရှိပါကြောင်း၊ တစ်ခါတစ်ရံတွင် ခရိုင်စစ်ကြောင်း၊ တိုင်းစစ်ကြောင်းစသည်အားဖြင့် တရားမဝင်သစ်လုပ်ငန်းများကို စစ်ကြောင်းထိုးရှာဖွေ ဖမ်းဆီးပါကြောင်း၊ သို့သော်လည်း ၎င်းစစ်ကြောင်းများ ဘယ်နေ့လာမည်ကို သစ်မှောင်ခိုသမားက သတင်းကြိုသိပြီး ဖြစ်နေပါကြောင်း၊
မိမိမဲဆန္ဒနယ်မြေတွင် ပုံစံအမျိုးမျိုးနှင့် ထုတ်လုပ်နေကြသည်များ၊ သယ်ယူနေကြသည်များ၊ ဖမ်းဆီးရမိသည်များ ရှိပါကြောင်း၊ တစ်နိုင်ငံလုံးရှိ သစ်ထွက်ရာဒေသ အားလုံးတွင်လည်း ဤပုံစံမျိုးများ ဖြစ်နိုင်ပါကြောင်း၊ ဖမ်းဆီးသစ်များကို သစ်တောဦးစီးဌာနက လေလံတင် ရောင်းချသည့် ဈေးနှုန်းမှာ သုံးသိန်း၊ လေးသိန်းမျှသာဖြစ်ပါကြောင်း၊ သစ်မှောင်ခိုကုန်သည်က တောထဲတွင် ဝယ်သည့်ဈေးမှာ ကောင်းလျှင်ကောင်းသလို ငါးသိန်းမှ ဆယ်သိန်းအထိ ရှိသည်ဟုသိရပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်၏ ရေမြေပေါ်တွင်ပေါက်ရောက်သည့် အဖိုးတန်ပစ္စည်းများ၏ ဈေးကွက်ပေါက်ဈေးကို သေချာစွာ လေ့လာပြီး ပုဂ္ဂလိကထုတ်လုပ်ခွင့် ပေးလိုက်ခြင်းအားဖြင့် စည်းကမ်းမဲ့စွာ တရားမဝင်ထုတ်လုပ်နေခြင်းကို သစ်တောဦးစီးဌာနက မင်ထောင်ရိုက်၍ ထုတ်လုပ်စေခြင်းဖြင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ပေးနိုင်ခြင်း၊ သစ်တောကဏ္ဍ၏ ဝင်ငွေကိုတိုးတက် ရရှိစေနိုင်ခြင်း၊ အဂတိလိုက်စားမှုကို လျော့နည်းသွားစေနိုင်ခြင်း၊ တာဝန်သိသိ၊ သစ္စာရှိရှိနှင့် တာဝန်ထမ်းဆောင်နေကြသော သစ်တောဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ၏ အသက်အန္တရာယ် ကျရောက်မှုကို အကာအကွယ်ပေးရာ ရောက်ခြင်းတို့ကြောင့် တမလန်းနှင့် ပိတောက်သစ်များကို Annual Allowable Cut လွန်းဘက်အတိုင်းအတာ သတ်မှတ်ပြီး ပုဂ္ဂလိက ထုတ်လုပ်ခွင့်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံရှိ သစ်တောများ အဆင့်အတန်းနှင့် အရည်အသွေး ကောင်းမွန်လာစေရေးအတွက် သစ်ထုတ်လုပ်ခြင်းနှင့် သစ်တောပြုစုခြင်း လုပ်ငန်းများကို သစ်တောခရိုင်များအလိုက် သစ်တောအုပ်ချုပ်မှု လုပ်ငန်းစီမံကိန်းများကို (၁၀) နှစ် တစ်ကြိမ် ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ယခုအခါ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းနှင့် စီမံအုပ်ချုပ်လုပ်ကိုင်လျက်ရှိပြီး သစ်အမျိုးအလိုက် နှစ်စဉ်သစ်တောထွက် ပမာဏ (Annual Allowable Cut-AAc) သတ်မှတ်ခြင်းကိုလည်း စီမံချက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာ့ရွေးချယ်နည်းစနစ်အရ သစ်ထုတ်ရာတွင် အရွယ်ရောက်သစ်ပင်များကိုသာ ထုတ်ယူပြီး တိုးပွားနှုန်းကောင်းသည့် အပင်များကို ချန်ခဲ့သည့်အတွက် သစ်ထုတ်ယူပြီးသော်လည်း နှစ်နှစ်သုံးနှစ် ကြာသည်အထိ မြန်မာ့သစ်တောသည် အစဉ်နုပျိုကောင်းမွန်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သစ်တော ပြုန်းတီးမှု လျော့နည်းစေရေးအတွက် သစ်ထုတ်လုပ်သည့်အခါ သစ်တောဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ဥပဒေချိုးဖောက်မှုများကို ထိရောက်စွာအရေးယူခြင်း၊ သစ်ခုတ်လှဲ ထုတ်လုပ်ရာတွင် လွယ်ကူရာဒေသအတွင်း ကြုံသလို ထုတ်လုပ်ခွင့်မပြုခြင်း၊ ခရိုင်အလိုက် သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများတွင် ဖော်ပြထားသည့် အစီအစဉ်အတိုင်းထုတ်လုပ်ခြင်း၊ ပင်ထောင် ရိုက်မှတ်ပြီး အပင်များ ခိုးယူခုတ်လှဲ ပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် တားဆီးကာကွယ်ခြင်း၊ ကျွန်းစိုနှင့် သစ်မာပင်ထောင်များ နှစ်ချင်းထုတ်လုပ်ခြင်း၊ ပင်ထောင်ကျန်များစနစ်တကျ ထုတ်လုပ်ခြင်း၊ ကန့်သတ်လုံးပတ်မပြည့်သည့် အပင်များကို မသမာသောစိတ်ဓာတ်နှင့် လုံးပတ်ပြည့်မီသည့် စာရင်းသို့ ခိုးယူသွတ်သွင်းမှုကို ထိရောက်စွာအရေးယူခြင်းနှင့် ဒေသအလိုက်သတ်မှတ်ထားသည့် AAc အသီးသီးထက် မည်သည့်နည်းနှင့်မျှ ကျော်လွန်ထုတ်ယူခြင်းများ မပြုလုပ်ခြင်းအစရှိသည့် အချက်များအပေါ် အလေးထား လိုက်နာပြီး သစ်တောပြုန်းတီးမှု လျော့နည်းရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊
လက်ရှိအစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကကြီးမှူးပြီး ကျင်းပပြုလုပ်ခဲ့သည့် သစ်တောသယံဇာတ ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲမှ ဖော်ထုတ်ရရှိသည့် ဆွေးနွေးပွဲရလဒ်များအပေါ် အခြေခံပြီး သစ်ထုတ်လုပ်ကဏ္ဍကို အောက်ပါအတိုင်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း -
(က) ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း သစ်လုံးဝထုတ်လုပ်မှုမရှိဘဲ ရပ်နားခြင်း၊
(ခ) ပဲခူးရိုးမဒေသအား ၁၀ နှစ်တာကာလ သစ်ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊
(ဂ) ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း သစ်ထုတ်လုပ်ခြင်းကို AAc သတ်မှတ်ချက်ဘောင် အတွင်းမှ လျှော့ချထုတ်လုပ်ရန် စီမံဆောင်ရွက်ခြင်းနှင့်
(ဃ) မြန်မာ့သစ်လုပ်ငန်းကိုယ်စား ပုဂ္ဂလိကလုပ်ငန်းရှင်များမှ သစ်ထုတ်လုပ်ခြင်းကို လုံးဝ ခွင့်မပြုဘဲ ဌာနအစီအစဉ်ဖြင့်သာ ဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း၊
ထို့အပြင် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၁၈ အရ သစ်ခုတ်လှဲထုတ်လုပ်ခြင်း၊ ပြည်တွင်းပြည်ပ ရောင်းချခြင်းလုပ်ငန်းများကို အစိုးရအဖွဲ့က တာဝန်ပေးအပ်သည့် နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းအဖြစ် မြန်မာ့သစ်လုပ်ငန်းက ဆောင်ရွက်လျက်ရှိရာ ကျွန်းစို/သစ်မာပင် ထောင်ရိုင်မှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အစိုးရအဖွဲ့အစည်းဖြစ်သည့် မြန်မာ့သစ်လုပ်ငန်းကို သစ်ခုတ်လှဲ ထုတ်လုပ်၍ ပြည်တွင်းပြည်ပ ရောင်းဝယ်ခွင့်ပြုလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် သစ်ခုတ်လှဲ ထုတ်လုပ်ခြင်းအတွက် သီးခြားလုပ်ထုံးလုပ်နည်းများ မရှိသေးပါကြောင်းနှင့် နောင်တွင်ပုဂ္ဂလိက ကုမ္ပဏီ၊ လုပ်ငန်းရှင်များ လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိလာပါက ကုမ္ပဏီ၊ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်နှင့် အခြေအနေများအပေါ် အခြေခံပြီး တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ စံနှုန်းအညွှန်းများနှင့်အညီ သတ်မှတ်ပေးသွားမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့်မေးခွန်းနှင့်စပ်လျဉ်းပြီး သစ်ထုတ်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၁၈ အရ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် မြန်မာ့သစ်လုပ်ငန်းက ဆောင်ရွက်လျက်ရှိသည့်အတွက် ပုဂ္ဂလိက/ကုမ္ပဏီလုပ်ငန်းရှင်များအား သစ်ခုတ်လှဲထုတ်ယူခွင့်ပြုမည့် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
