(က)-နိုင်ငံကျော်စာရေးဆရာကြီး ရွှေဥဒေါင်းစာအုပ်များ ထုတ်ဝေမှု၊ စာမူများထိန်းသိမ်းထားမှု၊ စာမူခများ ရရှိမှုပမာဏနှင့် ရွှေဥဒေါင်းစာပေဆုချီးမြှင့်ရန် မည်သို့စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ (၈.၂.၂၀၁၉)

 

စာရေးဆရာကြီးရွှေဥဒေါင်းသည် မြန်မာစာပေလောကနှင့် စာရေးဆရာများက ဦးညွတ်ဂါရဝပြုရသည့် စာရေးဆရာကြီး တစ်ဦးဖြစ်ပါကြောင်း၊ အထူးခြားဆုံးနှင့် အမှတ်ထင်ထင် စံပြုထိုက်သည့် စာအုပ်က တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ ဆိုသည့်စာအုပ် ဖြစ်ပါကြောင်း၊ ဆရာကြီးသည် ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာသူ ဒေါ်ကြီးစိုးနှင့်အိမ်ထောင်ကျပြီး မိမိ၏ဇာတိ ကမ်းနီရွာတွင် ၁၉၂၂ ခုနှစ် အင်္ဂလိပ်စာ ကျောင်းဆရာလုပ်ရင်း ကြုံတွေ့ရသည့် အဖြစ်အပျက်ကို ရေးထားသော ကျားကိုက်သောမြင်းသည် အလယ်တန်းမြန်မာစာကားပြေ လက်ရွေးစင်စာအုပ်တွင် ဖော်ပြခြင်း ခံခဲ့ရပါကြောင်း၊ အဖွားစိုးဟုခေါ်သည့် ဒေါ်ကြီးစိုးသည် ဘဝ၏နေဝင်စခရီးကို တူမဖြစ်သူ မမြင့်မြင့်နှင့်အတူ သက်ဆုံးတိုင် နေသွားပြီး ကမ်းနီရွာတွင် ခေါင်းချသွားခဲ့ပါကြောင်း၊

စာရေးဆရာသော်တာဆွေသည် ဆရာကြီးရွှေဥဒေါင်း၏ လက်ရင်းတပည့်တစ်ဦး ဖြစ်ခဲ့သည့် အကြောင်း၊ ဆရာကြီးနှင့် မိသားစုဝင်အဖြစ် တရင်းတနှီးဖြတ်သန်းခဲ့ ပုံများကို ရှုမဝရုပ်စုံမဂ္ဂဇင်း အဆိုပါ ဘဝဇာတ်အကြောင်းကို ၁၆၆ တွင် ရေးသားထားသည်ကို တွေ့ရှိရပါကြောင်း၊ ဆရာကြီး ရွှေဥဒေါင်း ကွယ်လွန်သွားပြီးနောက် အဖွားဒေါ်ကြီးစိုး ကမ်းနီးရွာတွင်နေစဉ် ဆရာသော်တာဆွေထံ ရေးသည့် စာအကြောင်း၊ လူထုဦးလှက ဆရာသော်တာဆွေရေးသည့် စာနှင့်ပူးတွဲစာပါ အကြောင်းများကို ရေးသားတင်ပြ ထားပါကြောင်း၊

၎င်းစာတွင် ဆရာကြီး၏ဇနီးဖြစ်သူ မစိုးမရှိသည့်နောက် ဆရာကြီး၏စာမူများအတွက် ရသောငွေများကို (၁) ဒါရိုက်တာဦးသုခ၊ (၂) လူထုဦးလှ၊ (၃) စာရေးဆရာသော်တာဆွေ၊ (၄) ဦးဝင်းတင်တို့ လေးဦးတိုင်ပင်ပြီး သင့်လျော်သည့် လူငယ်စာရေးဆရာများအား သင့်လျော်သလို စဉ်းစားပြီး သင့်လျော်သည့် စာပေဆုများပေးရန် မိမိတာဝန်လွှဲအပ် ခဲ့ပါသည်ဆိုပြီး အသိသက်သေများဖြင့် အောက်တွင် သုံးဦးပါရှိပါကြောင်း၊

အဘွားစိုးကွယ်လွန်ပြီးနောက် ဆရာသော်တာဆွေရှိရာ ရန်ကုန်မြို့ကို ဆရာမကြီးလူထုဒေါ်အမာ ရောက်ရှိလာပြီး ရွှေဥဒေါင်းစာပေမူပိုင်ခွင့် ထိန်းသိမ်းရေးနှင့် ရွှေဥဒေါင်းဆု အစုအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်ဟု ဆိုပါကြောင်း၊ (၁) လူထုဦးလှ (ကွယ်လွန်)၊ (၂) ဆရာဦးသုခ၊ (၃) လူထုဒေါ်အမာ၊ (၄) သော်တာဆွေတို့အပြင် ဆရာဦးဝင်းတင်တို့ပါဝင်ပြီး စာမူများပြန်လည် ထုတ်ဝေရေး ကိစ္စအဝဝအတွက် အဆိုပါအဖွဲ့က တာဝန်ယူဆောင်ရွက် ခဲ့သည်ဟု ဆိုပါကြောင်း၊ အဖွဲ့က လုပ်ငန်းစဉ်ခုနစ်ရပ် ချမှတ်ခဲ့ပြီး အမှတ်စဉ် (ဂ) တွင် စာမူပြန်လည် ထုတ်ဝေခွင့်နှင့် စာမူဉာဏ်ပူဇော်ခ လက်ခံထိန်းသိမ်းရေး ကိစ္စများကို အဖွဲ့၏ကိုယ်စားလှယ် လွှဲအပ်ချက်အရ လူထုဒေါ်အမာ တစ်ဦးတည်းက တာဝန်ခံဆောင်ရွက်သွားမည်၊ အမှတ်စဉ် (ဃ) တွင် စာမူဉာဏ် ပူဇော်ခများကို အဖွဲ့ဝင်များ၏ သဘောတူညီချက်အရ ဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်၍ အပ်နှံထားမည်ဟုလည်း ပါရှိပါကြောင်း၊

အထက်ပါအကြောင်းအရာများနှင့် ပတ်သက်ပြီး ၂၇-၁၂-၁၉၉၈ ရက်နေ့က တူမလေး မမြင့်မြင့်သန်းက ၎င်း၏ခင်ပွန်း ယခုထီးချိုင့်မြို့နယ် ပညာရေးမှူးနှင့် ထီးချိုင့်မြို့နယ်စာပေနှင့် စာနယ်ဇင်းဥက္ကဋ္ဌ မောင်ချစ်ထွေး (မဟာဝိဇ္ဇာ) တို့သည် မန္တလေးမြို့ ဆရာမကြီးလူထုဒေါ်အမာနှင့် သွားရောက် တွေ့ဆုံသည့်အခါ ရွှေဥဒေါင်းစာပေဆုက ထုတ်ပေးရန် မလွယ်ကူသေးကြောင်း လူထုဦးလှနှင့် ဆရာသော်တာဆွေတို့သည်လည်း ကွယ်လွန်သွားကြပြီး ဦးဝင်းတင်လည်း ထောင်ထဲရောက်နေကြောင်း၊ ဆရာကြီးဦးသုခလည်း ကျန်းမာရေးမကောင်းသဖြင့် အမှတ် (၂) စစ်ဆေးရုံ တက်နေရကြောင်း၊ စာမူမှရသောငွေများကို ဆရာမကြီးလူထု ဒေါ်အမာ၏သား ဗိုလ်ညို ယခု စာရေးဆရာ ညီပုလေးအမည်ဖြင့် ဘဏ်တွင်အပ်နှံထားကြောင်း ဆရာမကြီးက ပြောပြသည်ကို မမြင့်မြင့်သန်း၏ ၃၀-၅-၁၉၉၉ ရက်နေ့ရက်စွဲဖြင့် ရန်ကုန်မြို့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌထံတင်ပြသည့် စာတွင်ပါရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ နိုင်ငံကျော်စာရေး ဆရာကြီးရွှေဥဒေါင်း စာအုပ်များထုတ်ဝေမှု၊ စာမူများထိန်းသိမ်းထားမှု၊ စာမူခများရရှိမှုပမာဏနှင့် ရွှေဥဒေါင်းစာပေ ဆုချီးမြှင့်ရန် မည်သူကမည်သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စာရေးဆရာကြီး ဦးဖေသိန်း (ကလောင်အမည် ရွှေဥဒေါင်း) သည် ၁၉၇၃ ခုနှစ်တွင် ကွယ်ကွန်ခဲ့ပါကြောင်း၊ ကွယ်လွန်ပြီးနောက် ဆရာကြီး၏ စာအုပ်စာပေများကို စီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍ ဆရာကြီးရွှေဥဒေါင်း စာမူထိန်းသိမ်းရေး ကော်မတီက ဆောင်ရွက်နေသည့် အကြောင်းကို သိရှိခဲ့ရပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်သူတစ်ဦးဖြစ်သည့် ဆရာမကြီး လူထုဒေါ်အမာ၏ သား ဦးငြိမ်းချမ်း (စာရေးဆရာညီပုလေး) ကို ဆက်သွယ်မေးမြန်း သည့်အခါ ဆရာကစာဖြင့် ယခုကဲ့သို့ ပြန်ကြားလာပါကြောင်း၊ ဆရာကြီးရွှေဥဒေါင်း ကွယ်လွန်သည့်အခါ ဇနီးဖြစ်သူ ဒေါ်ကြီးစိုးကျန်ရစ်ခဲ့ပါကြောင်း၊ ဒေါ်ကြီးစိုးက ဆရာကြီးရွှေဥဒေါင်း၏ စာမူများကို ထိန်းသိမ်းရန် ဒါရိုက်တာစာရေဆရာ ဦးသုခ၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဆရာသော်တာဆွေနှင့် ဆရာဟံသာဝတီ ဆရာဦးဝင်းတင်တို့ကို လွှဲအပ်တာဝန်ပေးခဲ့ပါကြောင်း၊

ဖော်ပြပါပုဂ္ဂိုလ်များ ထိန်းသိမ်းလာခဲ့ရာမှ တစ်ဦးပြီးတစ်ဦးကွယ်လွန် သွားခဲ့ကြပြီးနောက် နောက်ဆုံးကျန်ရစ်သည့် ဆရာဟံသာဝတီဦးဝင်းတင်က လူထုမိသားစုနှင့် ဆရာကြီးရွှေဥဒေါင်း၏ တူဖြစ်သူ ဆရာလူထု ဦးစိန်ဝင်းတို့ကို ဆက်လက်လွှဲပြောင်း ထိန်းသိမ်းစေခဲ့ပါကြောင်း၊ ဆရာလူထုဦးစိန်ဝင်း ကွယ်လွန်သွားသည့်အခါ လူထုမိသားစုနှင့် ဆရာကြီး ရွှေဥဒေါင်း၏မြေး ဦးသန်းအေး (အင်ဂျင်နီယာ) နှင့် အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းတို့ ဆရာကြီး၏ စာမူများကို ဆက်လက်ထိန်းသိမ်းလာခဲ့ရာ ယနေ့ထက်တိုင် ဖြစ်ပါကြောင်း၊ ဆရာကြီးရွှေဥဒေါင်း၏ စာမူခများတွင် ယခုအခါ ကျပ်ငွေသိန်း ၁၀၈၉ သိန်းကျပ်ရှိပြီး မန္တလေးမြို့ရှိ မြန်မာ့စီးပွားရေး ဘဏ်အမှတ်-၂၊ စာရင်းအမှတ် SDA၊ စာရင်းအမျိုး အစား S၊ ငွေစာရင်းအမှတ် SC004088 တွင် စာရင်းသွင်းစုဆောင်း ထားရှိပါကြောင်း၊ ဖော်ပြပါစုဆောင်းငွေများကို ဆရာကြီးရွှေဥဒေါင်း၏ ဇာတိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မန်ကျည်းတုံရွာရှိ ရွှေဥဒေါင်းစာကြည့်နှင့် အခြေခံပညာ အထက်တန်းကျောင်းသို့ လှူဒါန်းရန်အတွက် ဆရာကြီးရွှေဥဒေါင်း ဆွေမျိုးများနှင့် ရွာမိရွာဖများ ပါဝင်သော အဖွဲ့ကို ပေးအပ်လှူဒါန်းရန် ပြောဆိုတိုင်ပင်ထားပြီး ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်လည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စာပေဗိမာန်က ထုတ်ဝေခဲ့သော မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်၊ ဝတ္ထုရှည်စာစဉ် အတွဲ (၂) တွင် ဆရာကြီး၏ ရတနာပုံဝတ္ထုကို ထည့်သွင်းထုတ်ဝေခဲ့ပြီး ယင်းအတွက် မူပိုင်ခွင့်တောင်းခံခြင်းနှင့် ဉာဏ်ပူဇော်ခ ချီးမြှင့်ခြင်းတို့ကို စာစဉ်ထုတ်ဝေရေး ကော်မတီက ဆရာကြီးရွှေဥဒေါင်း စာမူထိန်းသိမ်းရေး ကော်မတီမှ စာရေးဆရာညီပုလေးနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရွှေဥဒေါင်းစာပေဆု ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆရာကြီးရွှေဥဒေါင်းစာမူ ထိန်းသိမ်းရေး ကော်မတီတို့တွင် လတ်တလောအစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးမောင်မောင် (ထီးချိုင့်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုကဲ့သို့ ဆရာကြီး၏ဇာတိတွင် ဆရာကြီးရွှေဥဒေါင်း၏ နာမည်ဖြင့် လှူမည့်သူရှိသည့် အတွက်လည်း ကာယကံရှင်များအနေဖြင့် ဝမ်းသာမည် ဖြစ်ပါကြောင်း၊ ဆရာကြီးရွှေဥဒေါင်း၏ စာမူများကို နောက်ဆုံးပိုင်ဆိုင်ခဲ့သည်မှာ အဖွားဒေါ်ကြီးစိုး ဖြစ်ပါကြောင်း၊ အဖွားဒေါ်ကြီးစိုးက လွှဲအပ်ခဲ့သည့်အခါ တူမလေး မမြင့်မြင့်ကလည်း ပါရှိခဲ့ပါကြောင်း၊ နောက်ဆုံး ကာယကံရှင်၏ ဆန္ဒက တာဝန်ရှိသည့် ရွှေဥဒေါင်းစာပေဆု ထာဝစဉ်တည်တံ့ရေးအတွက် ဆရာကြီး၏ စာမူအားလုံးကို နိုင်ငံတော်ကို အပြီးအပြတ်လှူမည်ဟု ပြောပါကြောင်း၊ တစ်ချိန်တွင် နိုင်ငံတော်ကတစ်ဆင့် ဆုပေးသည့်အခါ ဆရာကြီးရွှေဥဒေါင်း၏ မျိုးဆက်ဆက်ခံသူ တစ်ယောက်အနေဖြင့် အဘွားဒေါ်ကြီးစိုး၏ ကိုယ်စားဆုပေးပွဲများတွင် တက်ရောက်ဆုပေးခွင့်ပေးရန် တောင်းဆိုပါကြောင်း၊ ဒါကိုလည်း ရွှေဥဒေါင်းစာပေဆုအတွက် ထိန်းသိမ်းရေးကော်မတီ အခြေအနေ မည်ကဲ့သို့ချမှတ်မည်၊ ကာယကံရှင်၏ မေတ္တာရပ်ခံချက်ကို မည်ကဲ့သို့ လက်ခံနိုင်မည် ဆိုသည်ကို မည်ကဲ့သို့ လက်ခံနိုင်မည် ဆိုသည့်အပေါ် ဝန်ကြီးဌာနအနေဖြင့် ဖြေကြားနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း

မေးခွန်းနှင့်ပတ်သက်၍ စာရေးဆရာကြီးရွှေဥဒေါင်း စာမူထိန်းသိမ်းရေး ကော်မတီမှ စာရေးဆရာ ညီပုလေးနှင့် ဆက်လက်ပြီး ဆက်သွယ်ဆောင်ရွက် ပေးပါမည် ဖြစ်ပါကြောင်းရှင်းလင်း ဖြေကြားပါသည်။