(ဂ)-စည်ပင်သာယာရေးဈေးများ၏ ဟင်းသီးဟင်းရွက်နှင်‌့ သား၊ ငါးဈေးဆိုင်တန်းများ သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများနှင်‌့ သန့်ရှင်းသောဈေးများဖြစ်ပေါ်လာအောင် မည်ကဲ့သို့စီစဉ်ဆောင်ရွက် သွားမည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၇.၂.၂၀၁၉)

 

မြန်မာနိုင်ငံရှိ ဈေးများအားလုံးနီးနီး အလှကုန်ပစ္စည်းများ၊ အထည်အလိပ်များ၊ ကုန်ခြောက်ပစ္စည်းများ နှင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်ဈေးတန်းများကို နေရာခွဲခြားပြီး ပူးပေါင်းရောင်းချနေသည့်ဈေး များပြားပါကြောင်း၊ သီးသန့်ရောင်းချသည့်ဈေးများ အလွန်နည်းပါးနေပါကြောင်း၊ အထူးသဖြင့် ဟင်းသီးဟင်းရွက်၊ သား၊ ငါး ဆိုင်တန်းများနှင့်ပတ်သက်၍ စနစ်တကျ တည်ဆောက်ပေးထားသည့် ဈေးဆိုင်ခန်းများရှိသကဲ့သို့ အများစုမှာ တိုးချဲ့ဈေးဆိုင်ခန်းများ၊ လမ်းဘေးနှင့် မြေကြီးပေါ်တွင် ချရောင်းသည့်ဆိုင်ခန်းများ ဖြစ်ပါကြောင်း၊ အဆိုပါဈေးဆိုင်ခန်းများ အားလုံးနှင့်ပတ်သက်၍ နိုင်ငံ တကာတွင် ရေကိုအဓိကသုံးစွဲရသောကြောင့် Wet Market ဟု ခေါ်ယူထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါဈေးများသည် မိမိတို့ပြည်သူများ၏ အဓိကအားထားရာဈေးဖြစ်ပါကြောင်း၊ ပြည်သူများ၏ အာဟာရနှင့် ကျန်းမာရေးအတွက် အရေးကြီးစားသောက်ရမည့်ပစ္စည်းများကို ရောင်းချနေသည့် ဈေးဆိုင်များတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေအနေ၊ စားသောက်ကုန်များ၏ သန့်ရှင်းရေး အခြေအနေများကို ပြုပြင်ပြောင်းလဲရန် များစွာလိုအပ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

ဈေးတစ်ခုရှိ အမှိုက်ပုံတွင်ထူးခြားသည်မှာ ပလတ်စတစ်ပစ္စည်းများ၊ ကြွပ်ကြွပ်အိတ်များကိုသာ တွေ့ရှိနေရပါကြောင်း၊ အမှိုက်အတော်များများကို သိမ်းဆည်းသွားသော်လည်း များစွာကျန်ရှိနေ ပါကြောင်း၊ ရေမရှိသည့်အတွက် ဈေးသည်များအနေဖြင့် ကိုယ့်ပုံးလေးနှင့်ကိုယ်ချ၍ ရောင်းနေရသည့် အခြေအနေ ဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးဈေးများတွင် သား၊ ငါးဈေးတန်း သန့်ရှင်းမှု အခြေအနေများကို သိရှိနိုင်ရန်အတွက်သာ တင်ပြခြင်းဖြစ်ပါကြောင်း၊ အတော်များများသည် ယခုထက်များစွာဆိုးနေသည့် အခြေအနေများရှိပါကြောင်း၊ ဖော်ပြပါအခြေအနေများအပြင် သား၊ ငါးဈေးတန်း၊ ဟင်းသီးဟင်းရွက်ဈေးတန်းများကြားတွင် စားသောက်ဆိုင်များလည်း ပါဝင်ရောင်းချ နေသည်ကို တွေ့ရှိရပါကြောင်း၊ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လက်သုပ်ဆိုင်စသည်ဖြင်‌့ ကျန်းမာရေးအတွက် အခက်အခဲဖြစ်စေမည့်၊ ပြဿနာဖြစ်စေမည့် စားသောက်ကုန်များနှင့် အတူတူ ရောထွေးပြီး ရောင်းချနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရရှိရန်အတွက် ဟင်းသီးဟင်းရွက်နှင့် သား၊ ငါးဈေးဆိုင်တန်းများကို သန့်ရှင်းမှုရှိရေး စီမံဆောင်ရွက်ထားရှိမှုများကို အားဖြည်‌့ဆောင်ရွက်ရန်လည်း လိုအပ်ချက်ရှိနေ ပါကြောင်း၊ ဤသို့ဆောင်ရွက်သည့်အခါ အဓိကအားဖြင်‌့ အဆောက်အဦ၊ ရေ၊ အမှိုက်စွန့်ပစ်စနစ် စသည်တို့မှာ အဓိကကျသည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ ထို့အပြင် စည်ပင်သာယာရေးဈေးများမှ ကြီးကြပ်သည့်အခါ အထူးသဖြင်‌့ မြို့တော်စည်ပင်သာယာရေး သုံးခုဖြစ်သည့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီများတွင် အဖွဲ့အစည်းကြီးများဖြစ်သည့် ကျန်းမာရေးဌာန၊ သား၊ ငါးဌာနစသည်ဖြင်‌့ ဌာနများရှိသော်လည်း မြို့နယ်များတွင် မရှိပါကြောင်း၊ အဆိုပါဌာနအားလုံး၏ သန့်ရှင်းရေးကို ပြည်သူ့ကျန်းမာရေးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကုသရေး ဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့သော် ပူးပေါင်းဆောင်ရွက်မှု များမှာလည်း မရှိသလောက် နည်းပါးနေပါကြောင်း၊ ထို့ကြောင့် သား၊ ငါး ဈေးဆိုင်တန်းများ၏ သန့်ရှင်းသပ်ရပ်မှုနှင့် ပတ်သက်ပြီး အခြေခံအဆောက်အဦများ နည်းပါးမှုကို ပြင်ဆင်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအရေးပါမှု အသိပညာပေးမှုတို့ကို ဆောင်ရွက်ရန်၊ လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ဆောင်ရွက်၍ ဈေးသည်များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကိုလည်း အထူးအရေးပါအောင် ဆောင်ရွက်ရန်အတွက် လိုအပ်နေကြောင်း စီစဉ်‌ ဆောင်ရွက်ထားရှိမှုများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၏ အဖွဲ့ပိုင်ဈေးများရှိဈေးများတွင် ကုန်စိမ်း၊ ကုန်ခြောက်၊ သား၊ ငါးဆိုင်ခန်းများအတွက် ကွန်ကရစ်ခင်း၊ တိုင်ထောင်သွပ်မိုး၊ ဈေးရုံအဆောက်အဦအတွင်း ဟင်းသီးဟင်းရွက်နှင်‌့သား၊ ငါးဈေး ဆိုင်တန်းများအတွက် (၆ ပေ x ၄ ပေ)၊ (၆ ပေ x ၆ ပေ) နှင်‌့ (၉ ပေ x ၉ ပေ) ဈေးအုတ်ခုံများဖြင်‌့ ဆောင်ရွက်ထားရှိစေပါကြောင်း၊ အမှိုက်သိမ်းဆည်းမှုနှင်‌့ပတ်သက်၍ ဈေးဆိုင်အသီးသီးတွင် အမှိုက်ပုံးများထားရှိစေပြီး ဈေးပိတ်သိမ်းချိန်တွင် ဈေးသန့်ရှင်းရေးလုပ်သားများဖြင်‌့ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ထွက်ရှိလာသည်‌့အမှိုက်များအား စုစည်း၍ အဖွဲ့ပိုင်အမှိုက်သိမ်းယာဉ်များဖြင်‌့ သိမ်းဆည်းခြင်း၊ ဈေးအနီးပတ်ဝန်းကျင်များတွင် အမှိုက်ကန်များထားရှိ၍ စနစ်တကျစွန့်ပစ်စေခြင်း၊ ဈေးသည်တစ်ဦးချင်းစီမှ အိတ်ဖြင်‌့ အမှိုက်အမျိုးအစားခွဲခြား၍ သိမ်းဆည်းစွန့်ပစ်သည့်စနစ်ကို ကျင်‌့သုံးစေကာ အမှိုက်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အမှိုက်ကန်များတွင် စွန့်ပစ်စေရေး ဈေးသည်များအား တာဝန်ယူဆောင်ရွက်စေခြင်း၊ ဈေးသူဈေးသားများအား အစည်းအဝေးများ ခေါ်ယူပြီး ဈေးသန့်ရှင်းလှပစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်နိုင်ရန် နားလည်သဘောပေါက် အောင် ရှင်းလင်းဆွေးနွေးစည်းရုံးခြင်းများ ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ ဈေးများအတွင်းတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဈေးများတည်ဆောက်စဉ်ကပင် ရေမြောင်းစနစ်ကို စနစ်တကျ ထည်‌့သွင်းတည်ဆောက်ထားပြီး အဝီစိတွင်းများ၊ ရေတွင်း၊ လက်နှိပ်တုံကင်တွင်းများ တူးဖော်ပြီး ၎င်းတွင်းမှရေများကို လျှပ်စစ်မော်တာ သို့မဟုတ် အင်ဂျင်များအသုံးပြုပြီး အမြင့်တင်ရေစင် မြေအောက်ရေကန်၊ အုတ်ရေကန်များသို့ ရေသိုလှောင်ထားပြီး ၎င်းရေများကိုရယူသုံးစွဲ၍ နေ့စဉ်သား၊ ငါးကန်များအား ရေဆေးသန့်ရှင်းဆောင်ရွက်စေခြင်း၊ မိုးရာသီမကျရောက်မီ ဈေးအတွင်းရေမြောင်း များအား ဈေးကော်မတီဝင်များ၊ ဈေးသူဈေးသားများပူးပေါင်း၍ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပတ်စဉ်ဈေးပိတ်ရက်များတွင် တူးဖော်ရှင်းလင်းခြင်း၊ ဟင်းသီးဟင်းရွက်နှင်‌့ သား၊ ငါးတန်းများ အနံ့အသက်ကင်းစင်စေရေး၊ ပိုးမွှားများ မပေါက်နိုင်စေရေးအတွက် ဆေးဖြန်းခြင်း၊ ထုံးဖြူးခြင်းနှင်‌့ ရေဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင်‌့ ညီညွတ်သည်‌့ စားသောက်ကုန်များ ရောင်းချနိုင်ရေးအတွက် ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင်‌့ ပေါင်းစပ်၍ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ အစားအသောက် များတွင်ပါဝင်သော၊ စားသုံးရန်မသင်‌့သော ခွင်‌့မပြုဆိုးဆေးများ ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဟင်းသီးဟင်းသီးရွက်များတွင် E-Coli ပိုးများ ပါဝင်မှုရှိ/မရှိ၊ ပဲပြားများတွင် တာရှည်ခံဆေးများ အသုံးပြုထားခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများကို ဆောင်ရွက်ပြီး သက်ဆိုင်ရာ အစား အသောက်နှင်‌့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ပေးပို့စစ်ဆေးလျက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ခွင်‌့မပြုဓာတုဆိုးဆေးကင်းစင်သော ဈေးများပေါ်ထွန်းစေရေးအတွက် စီမံချက်များ ရေးဆွဲပြီး အောက်ပါရည်ရွယ်ချက်များဖြင်‌့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ (က) ပြည်သူ လူထုစားသုံးနေသော အစားအသောက်များ ဘေးကင်းလုံခြုံစိတ်ချရစေရန်၊ (ခ) တိုင်းဒေသကြီး/ ပြည်နယ်များတွင် ခွင်‌့မပြုဆိုးဆေးအသုံးပြုမှုများအား ပပျောက်စေရန်၊ (ဂ) ထုတ်လုပ်သူများ ရောင်းချ သူများသည် အမျိုးသားအစားအသောက်ဥပဒေ၊ စည်ပင်သာယာရေး ဥပဒေများနှင့်အညီ ဆောင်ရွက် ကြရန်နှင်‌့ စည်းကမ်းဖောက်ဖျက်သူများကို ထိရောက်ဟန့်တားစေသော ပြစ်ဒဏ်များဖြင်‌့ ကွပ်ကဲ ကြပ်မတ်ရန်၊ (ဃ) စားသုံးသူလုပ်သားပြည်သူများသည် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး စစ်မှန်ကောင်းမွန်သော စားသောက်ကုန်များကို ရွေးချယ်စားသောက်နိုင်ရန်အတွက် ပညာပေးခြင်း၊ လေ့ကျင့်ပေးခြင်းများကို သင်တန်းများ၊ သတင်းစာစောင်များ၊ သတင်းမီဒီယာများ၊ ဟောပြောပွဲများ စသဖြင်‌့ နည်းလမ်းများဖြင်‌့ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊

စည်ပင်သာယာရေးအဖွဲ့များဥပဒေ ပုဒ်မ ၂၄ ပုဒ်မခွဲ(င-၁)တွင် စည်ပင်သာယာရေးဈေးအဖွဲ့ပိုင် ဈေး များတည်ထောင်ခြင်း၊ ကြီးကြပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းစသည်‌့ ဈေးလုပ်ငန်းများနှင်‌့ စပ်လျဉ်း သည်‌့လုပ်ငန်းများကို စီမံခန့်ခွဲခြင်းဆောင်ရွက်ရန် ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊ စည်ပင်သာယာ ရေးအဖွဲ့များ ဥပဒေနှင်‌့အညီ အဖွဲ့ပိုင်ဈေးများ၊ ကိုယ်ပိုင်ဈေးများ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်ဈေးများ နှင်‌့ လမ်းဘေးဈေးများဆိုင်ရာ နည်းဥပဒေများ၊ အဖွဲ့ဈေးများတွင် ကျန်းမာသန့်ရှင်းမှု၊ လုံခြုံမှုနှင်‌့ အုပ်ချုပ်မှုဆိုင်ရာ စည်းကမ်းများ (Bye Laws) များကို ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊  အမြဲတမ်း ဆိုင်ခန်းများ၊ ဟင်းသီးဟင်းရွက်နှင်‌့ သား၊ ငါးဈေးဆိုင်တန်းများ သန့်ရှင်းရေးအတွက်လည်း လိုက်နာရမည်‌့စည်းကမ်းများကို သတ်မှတ်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာစည်ပင် သာယာရေးကော်မတီများအနေဖြင်‌့ တာဝန်ယူ၍ သက်ဆိုင်ရာဒေသအာဏာပိုင်များနှင်‌့ ညှိနှိုင်းပြီး ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းပါဝင်စေလျက် ဈေးသည်များ ဈေးစည်းကမ်းနှင်‌့အညီ ဖွင်‌့လှစ်ရောင်းချပြီး သန့်ရှင်းလတ်ဆတ်သော ကျန်းမာရေးနှင်‌့ညီညွတ်သည်‌့ ရောင်းကုန်ပစ္စည်းများ ဖြစ်စေရေး စစ်ဆေးကြီးကြပ်ဆောင်ရွက်ခြင်း၊ စည်းကမ်းအတိုင်းလိုက်နာဆောင်ရွက်စေရန် ကြပ်မတ် လုပ်ဆောင်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဒေါက်တာစံရွှေဝင်း (ရေကြည်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်

ဖော်ပြပါ ဖြေကြားချက်များမှာ စာအုပ်ထဲတွင်ရေးထားသည့်ကိစ္စများကို ဖြေကြားခြင်းသာဖြစ်ပြီး၊ သား၊ ငါး၊ ဈေးဆိုင်တန်းများကို လက်တွေ့ရောက်ဖူးပါသလားဟု မိမိအနေဖြင့် မေးလိုပါကြောင်း၊ အမှန်တကယ်လက်တွေ့ ဖြစ်နေသည့်ဘဝထဲ သွားရောက်ကြည်‌့စေလိုပါကြောင်း၊ နေပြည်တော် ဈေးမှာပင် အဆောက်အဦအတွင်းမည်သည်မျှမရှိဘ မိမိတို့ရောက်စတုန်းက အခြေအနေနှင့်မတူဘဲ အခြေအနေအလွန်ဆိုးရွားနေပါကြောင်း၊ အခြားဈေးများသည် ယင်းထက် များစွာဆိုးရွားနေသော ကြောင့် ထိုကိစ္စရပ်များကို မည်သို့ဆောင်ရွက်ထားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

နေပြည်တော်ကောင်စီအနေဖြင့် သား၊ ငါးဈေးဆိုင်တန်းများနှင့်ပတ်သက်၍ အထူးသန့်ရှင်းရေး အဖွဲ့များ မြို့မဈေး၊ သပြေကုန်းဈေးများတွင် သီးခြားအဖွဲ့ဖွဲ့ပြီး သန့်ရှင်းရေးများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ တစ်ခါတစ်ရံ သား၊ ငါးပျံကျဈေးရောင်းချသည့် အဖွဲ့များမှလွဲ၍ သား၊ ငါးဈေးတန်းရှိ အဖွဲ့များနှင့်ပတ်သက်ပြီး သန့်ရှင်းရေး နေ့စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြားမြို့နယ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့များ၏ဆောင်ရွက်မှုအပေါ်သာ မူတည်သည့် အတွက် မိမိအနေဖြင့် သီးခြားတင်ပြလိုခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။