ရွှေပြည်သာမြို့နယ်၊ မြန်မာ့စာတိုက်လုပ်ငန်း အဆောက်အဦသည် အများပြည်သူနှင့် ဆက်သွယ်ရေး ဝန်ထမ်းများအတွက် အန္တရာယ်ရှိအဆောက်အဦအဆင့်သို့ ရောက်ရှိနေပါသဖြင့် ခေတ်မီမြန်မာ့ စာတိုက်နှင့်ဆက်သွယ်ရေး လုပ်ငန်းအဆောက်အဦသစ်တစ်လုံး အမြန်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရွှေပြည်သာမြို့နယ် အန္တရာယ်ရှိစာတိုက်အဆောက်အဦသည် ရွှေပြည်သာမြို့၏အဓိကအချက်အချာ နေရာတွင်တည်ရှိပြီး ဘတ်စ်ကားလမ်းမကြီး၊ ဘုရင့်နောင်လမ်းမကြီး၏ဘေးတွင် အထင်ကရတည်ရှိ နေသောအဆောက်အဦ ဖြစ်ပါကြောင်း၊ ရှေ့နှင့်ဘေးနံရံများ ပြိုကျပျက်စီးနေပါကြောင်း၊ ဘေးနံရံများသည် တိုင်မှလေးလက်မခန့် ကွာသည့်အထိ တိုင်များသည် စောင်းပြီးတစ်ဝက်ခန့် ခြစားထားသည့် အနေအထားများ အထွေထွေ ယိုယွင်းပျက်စီးမှုများကို တွေ့ရှိနိုင်ပါကြောင်း၊ သက်ဆိုင်ရာ အင်ဂျင်နီယာပညာရှင်များနှင့် အင်ဂျင်နီယာ အုပ်ချုပ်ရေးမှူးတို့ကို ဆက်သွယ်ပြီး စိစစ်ပေးရန် မေတ္တာရပ်ခံခဲ့ပါကြောင်း၊ မေတ္တာရပ်ခံချက်အရ အဆိုပါစာတိုက်က အန္တရာယ်ရှိ အဆောက်အဦ ဖြစ်သည့်အကြောင်း ရွှေပြည်သာမြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးက ရာ/ဦ အင်ဂျင်နီယာများ၏ တင်ပြချက်များအရ အတည်ပြုလက်မှတ်ရေးထိုးပြီး ပေးပို့ထားသည့်စာ ဖြစ်ပါကြောင်း၊ ဒုတိယတာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ခံအင်ဂျင်နီယာတို့က အစီရင်ခံထားသည့်စာ အပိုဒ် (၂) တွင် ရွှေပြည်သာမြို့နယ် မြန်မာ့စာတိုက်လုပ်ငန်းရုံးကို ကွင်းဆင်းစစ်ဆေးရာ ၎င်းအဆောက်အဦသည် ၄၂ ပေ x ၃၁ ပေ အတိုင်းအတာရှိ တစ်ထပ်အုတ်ညှပ် အဆောက်အဦသည် မြေနိမ့်ပိုင်းဖြစ်သဖြင့် ဘေးပတ်လည်တွင် ရေများရှိနေခြင်းကြောင့် ဖောင်ဒေးရှင်းအတွင်းသို့ ရေစိမ့်ဝင်သဖြင့် အကုန်လုံးကွဲအက်နိမ့်ကျပြီး ကွန်ကရစ်ကြမ်းခင်းများပါ ကွဲအပ်နိမ့်ကျလျက် ရှိပါကြောင်း၊ ဘေးအကာနံရံများလည်း အက်ကြောင်းဖြစ်ပြီး တိုင်နှင့်နံရံသည် လေးလက်မခန့် ကွာဟနေခြင်း၊ အဆောက်အဦသည် တစ်ဘက်သို့စောင်းနေခြင်း၊ ခြေချော်တံခါးကြေးဘောင်များနှင့် တံခါးရွက်များပျက်စီးခြင်းများ၊ ဒိုင်းများကွေးညွတ်သွားခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ စာပိုဒ်ကြီး (၃) တွင် ၎င်းအဆောက်အဦအတွင်းတွင် လက်ရှိရုံးလုပ်ငန်းများ ဆောင်ရွက်နေသော အဆောက်အဦ ဖြစ်ပြီး ရာသီဥတုဒဏ်ခံနိုင်ရည်မရှိသဖြင့် အချိန်မရွေးပြိုကျ ပျက်စီးနိုင်ပြီး ရုံးဝန်ထမ်းများနှင့် ရုံးသို့လာသော ပြည်သူများထိခိုက်နိုင်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ အဆောက်အဦ၏ သက်တမ်းသည် နှစ် ၂၀ ရှိကြောင်း လက်မှတ်ရေးထိုး တင်ပြထားသည့်အတွက် အဆိုပါ အဆောက်အဦကို အသစ်ဆောက်လုပ်ပေးရန် ခိုင်မာသည်ကို တွေ့ရှိနိုင်ပါကြောင်း၊ စာပို့လုပ်ငန်းသည် အမြန်ချောစာလုပ်ငန်း၊ အမြန်ချောထုပ်လုပ်ငန်းကို အင်တာနက်၊ ကွန်ပျူတာတို့ဖြင့်လည်း ဆောင်ရွက်နေပါကြောင်း၊ ငွေပို့လုပ်ငန်းကိုလည်း ထို့အတူ အင်တာနက်၊ ကွန်ပျူတာဖြင့် ဆက်တိုက် ချိတ်ဆက်ပြီး ဆောင်ရွက်နေပါကြောင်း၊ CB Bank၊ OK $ Bank စသည့် ဘဏ်များကလည်း ဖုန်းဘေလ်ရောင်းချခြင်း၊ ငွေပို့ခြင်း၊ ငွေထုတ်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊
ထို့ကြောင့် အဆောက်အဦ ခေတ်မီရုံတင်မက အဆောက်အဦတွင်ရှိသော ဆက်သွယ်ရေး ပစ္စည်းများလည်း ခေတ်မီရန်လိုအပ်သည့်အတွက် ခေတ်မီစာတိုက် အဆောက်အဦဆိုရာတွင် ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ပါကြောင်း၊ အကယ်၍သာမမျှော်လင့်ဘဲ ပြိုကျပျက်စီးပါက အသက်အန္တရာယ်ကိုသော် လည်းကောင်း၊ ခန္ဓာကိုယ်ထိခိုက်ပျက်စီးမှု များသော်လည်းကောင်း မလွှဲမသွေဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ အစားထိုးကုစားပေး၍ မရနိုင်ပါကြောင်း၊ ထို့ကြောင့် ရွှေပြည်သာမြို့နယ်၊ မြန်မာ့စာတိုက်လုပ်ငန်း အဆောက်အဦသည် အများပြည်သူနှင့် ဆက်သွယ်ရေး ဝန်ထမ်းများအတွက် အန္တရာယ်ရှိအဆောက်အဦ အဆင့်သို့ ရောက်ရှိနေပါသဖြင့် ခေတ်မီမြန်မာ့စာတိုက်နှင့် ဆက်သွယ်ရေးလုပ်ငန်း အဆောက်အဦသစ်တစ်လုံး အမြန်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ် (၁၅၁/၁၆၆) တွင် ၄၂ ပေ x ၃၀ ပေ x ၁၂ ပေ ရှိ တိုက်ခံတစ်ထပ်စာတိုက် အဆောက်အဦကို ၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး သက်တမ်းအားဖြင့် ၂၅ နှစ်ခန့်ကြာမြင့်ပြီဖြစ်၍ သဘာဝဘေးအန္တရာယ်နှင့် သက်တမ်းကြာမြင့်မှု တို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အတိုင်း အဆောက်အဦ၏ခေါင်မိုး၊ မျက်နှာကျက်၊ နံရံနှင့်ကြမ်းခင်းတို့သည် ယိုယွင်းပျက်စီးလျက်ရှိသည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ စာတိုက်လုပ်ငန်းသည် ယခင်ကမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ကြီးကြပ်မှုအောက်ရှိ လုပ်ငန်းတစ်ခု ဖြစ်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှစ၍ မြန်မာ့စာတိုက်လုပ်ငန်းအဖြစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အတွင်းရှိ မြန်မာနိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် သီးခြားရပ်တည်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ ရပ်တည်ဆောင်ရွက်ခဲ့သည့် အချိန်မှစပြီး မြန်မာ့စာတိုက်လုပ်ငန်း အနေဖြင့် နှစ်စဉ်အရှုံးပေါ် ခဲ့ရပါကြောင်း၊
၂၀၁၆-၁၇ ခုနှစ်မှ ၂၀၁၈-၁၉ ခုနှစ် ဒီဇင်ဘာလအထိ စုစုပေါင်း ၁၂.၂ ဘီလီယံခန့် အရှုံးပေါ်လျက် ရှိသည့်အတွက် မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၃၃၀ ရှိ စာတိုက်ပေါင်း ၁၃၈၆ ခု၏ အဆောက်အဦများကို အကြီးစားပြင်ဆင်ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်းတို့အတွက် နှစ်စဉ်ခွဲဝေရရှိသည့် ဘဏ္ဍာရန်ပုံငွေဖြင့်သာ စာတိုက်အသီးသီးတို့၏ ယိုယွင်းပျက်စီးမှုအခြေအနေ အပေါ်မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ရသဖြင့် ရွှေပြည်သာမြို့နယ်ရှိ စာတိုက် အဆောက်အဦ ပြုပြင်တည်ဆောက်ခြင်းကို မဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အထိ စာတိုက်အဆောက်အဦများ အကြီးစား ပြင်ဆင်ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ငွေလုံးငွေရင်းရန်ပုံငွေ စုစုပေါင်းကျပ်သန်း ၄၀၀.၂၂၆ ဖြင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၉၃.၈၂ သန်း လျာထားဆောင်ရွက်လျက်ရှိရာတွင် ရွှေပြည်သာစာတိုက်အသစ် ဆောက်လုပ်ခြင်းလုပ်ငန်း မပါဝင် ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စာတိုက်အဆောက်အဦများ အကြီးစားပြင်ဆင်ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်း အပါအဝင် မြန်မာ့စာတိုက်လုပ်ငန်း တစ်ခုလုံးအတွက် ငွေလုံးငွေရင်းရန်ပုံငွေ စုစုပေါင်းကျပ်သန်း ၁၇၅၅.၀၅၆ တင်ပြတောင်းခံခဲ့သော်လည်း ကျပ် ၃၇၄.၉၁၁ သန်းသာ ခွင့်ပြုချက် ရရှိခဲ့သည့်အတွက် မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊
သို့သော် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ဆွေးနွေးတင်ပြချက်များအရ လည်းကောင်း၊ မြန်မာ့စာတိုက် လုပ်ငန်းကကွင်းဆင်း စစ်ဆေးချက်များအရ လည်းကောင်း၊ ရွှေပြည်သာစာတိုက်သည် အန္တရာယ်ရှိ အဆောက်အဦ ဖြစ်နေခြင်းကြောင့် အဆိုပါစာတိုက်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် သာမန်ရန်ပုံငွေ ခွင့်ပြုချက်ဘောင်အတွင်းမှ အရေးပေါ်လုပ်ငန်းအဖြစ် ပေ ၂၀ ပတ်လည် ယာယီအဆောက်အဦ တစ်လုံးကို ဆောက်လုပ်ပေးရန်အတွက် ၂၁-၁-၂၀၁၉ ရက်နေ့တွင် တင်ဒါခေါ်ယူခဲ့ပြီး ဖြစ်ပါကြောင်း၊ တင်ဒါအောင်မြင်သည့်လုပ်ငန်းရှင်ကို လုပ်ငန်းအပ်နှံ၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ရာ ၂၀၁၉ ခုနှစ် မတ်လကုန်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားပါကြောင်း၊ ထို့အပြင် စာတိုက်အသစ်ဆောက်လုပ် ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် ခန့်မှန်းကုန်ကျငွေကျပ်သိန်း ၃၀၀ တင်ပြတောင်းခံ၍ ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဉာဏ်လင်း (ရွှေပြည်သာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးအနေဖြင့် ပြည်သူများ၏အသက်အန္တရာယ်နှင့် ပြင်းထန်စွာ ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်မည့်အရေးနှင့် ပတ်သက်ပြီး ယာယီအဆောက်အဦများ ဆောက်လုပ်မည်၊ ၂၀၁၉-၂၀ ခုနှစ်တွင် ခေတ်မီအဆောက်အဦသစ်ကို ဆောက်လုပ်လျာထား မည်ဆိုသည့် ဖြေကြားချက်ကို သိရှိရသည့်အခါ ရွှေပြည်သာမြို့နယ် ပြည်သူလူထု၏ကိုယ်စား အထူးကျေးဇူး တင်ရှိပါကြောင်း၊ ဝန်ကြီး၏ဖြေကြားချက်က အလွန်မှန်ကန်သင့်လျော်ပါကြောင်း၊ နိုင်ငံတော်တွင် အဆုံးရှုံးခံပြီး လုပ်နေရသည့်လုပ်ငန်းများ ရှိပါကြောင်း၊ လျှပ်စစ်မီးသွယ်တန်းသည့် ကိစ္စတွင် နိုင်ငံတော်ကအရှုံးပေါ်ပြီး လုပ်ရပါကြောင်း၊ ထို့အတူ စာတိုက်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး သည်လည်း ပြည်သူလူထုအတွက် နိစ္စဓူဝမလုပ်မဖြစ်၊ မရှိမဖြစ်သော လုပ်ငန်းဖြစ်သည့်အတွက် ဝန်ကြီးဖြေကြားသည့်အတိုင်း ၎င်းစီမံကိန်းများကို ထိထိရောက်ရောက်ဖြင့် ဆက်လက်ဆောင်ရွက် နိုင်ပါစေ၊ ခေတ်မီစက်ကိရိယာများနှင့် ပတ်သက်ပြီး ဝန်ကြီးဖြေကြားချက်တွင် မပါရှိသည့်အတွက် ဖြေကြားပေးရန်၊ ဖွဲ့စည်းပုံများတွင် မော်တော်ဆိုင်ကယ်များ အားနည်းခြင်းများ၊ ကွန်ပျူတာတစ်လုံး ပျက်နေခြင်း၊ ဖုန်းသုံးလုံးပေးရာတွင် တစ်လုံးသာ Device နှင့်ဆက်သွယ်၍ ရခြင်းစသည့် အနေအထား အားလုံးကို ဝန်ကြီးအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံသုံးသပ်ပြီး ၎င်းကိစ္စကို အောင်မြင်ပြီးမြောက် သည်အထိ စက်ကိရိယာများနှင့်ပတ်သက်ပြီး ကြီးကြပ်ကွပ်ကဲ ပေးနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောကြားသွားသကဲ့သို့ မြန်မာ့စာတိုက်၊ မြန်မာ့မီးရထားကဲ့သို့ ပြည်သူ့ အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သည့်အတွက် အရှုံးရင်ဆိုင်ပြီး ဆောင်ရွက်နေရပါကြောင်း၊ မိမိတို့က ရန်ပုံငွေတင်ပြသည့်အခါ ဆောင်ရွက်သင့်သည့် လုပ်ငန်းအားလုံးအတွက် ရန်ပုံငွေတင်ပြ သော်လည်း နှစ်စဉ်ဘတ်ဂျက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ရန်ပုံငွေဘောင် သတ်မှတ်ချက်ပေးပါကြောင်း၊ မိမိတို့တင်ပြတောင်းခံသည့် ရန်ပုံငွေပမာဏများစွာ ပြန်လည် လျှော့ချရပါကြောင်း၊ လျှော့ချရာတွင် ဦးစားပေးအစီအစဉ်အလိုက် မည်သည့်လုပ်ငန်းများကို ဦးစား ပေးမည်နည်းဆိုသည့် အပေါ်မူတည်ပြီး ဝန်ကြီးဌာနအဆင့် ဌာနအားလုံးနှင့်တိုင်ပင်ပြီး ဆောင်ရွက်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောကြားသကဲ့သို့ ရွှေပြည်သာစာတိုက်သည် အင်းစိန်စာတိုက်ကဲ့သို့ ခေတ်မီစက်ကိရိယာများ တပ်ဆင်သွားသင့်ပါကြောင်း၊ စာတိုက်က ဆောင်ရွက်နေရသည့် လုပ်ငန်းများသည် များပြားပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ရန်ပုံငွေ အခြေအနေအပေါ် မူတည်ပြီး ရွှေပြည်သာစာတိုက် အဆင့်မြှင့်တင်ရေးအတွက် အဆောက်အဦအသစ် ဆောက်လုပ်ပြီးသည့်နောက်ပိုင်း အဆင့်ဆင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ညွှန်ကြားပြီးကွပ်ကဲ ဆောင်ရွက်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
