ပန်းတောင်းမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးတွင် ဧရာဝတီမြစ်၏အနောက်ဘက်အခြမ်းတွင် သီးခြား တည်ရှိနေသောမြို့နယ် ဖြစ်ပါကြောင်း၊ ပန်းတောင်းမြို့နယ်နှင့် ကပ်လျက်တည်ရှိနေသော ဧရာဝတီ တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့သည် ပခုက္ကူ-ကြံခင်း ရထားလမ်း ဖောက်လုပ်စဉ်က တစ်ဆက်တည်း ပါဝင်ခဲ့ကြပါကြောင်း၊ အဆိုပါရထားလမ်း ဖောက်စဉ်က နစ်နာကြေး၊ လျော်ကြေးများ မပေးချေခဲ့သည့်အတွက် ဒေသခံပြည်သူတို့၏ တင်ပြချက်များအပေါ် မူတည်၍ ၂၉-၅-၂၀၁၇ ရက်နေ့နှင့် ၁၅-၅-၂၀၁၈ ရက်နေ့တို့တွင် ပြည်သူ့လွှတ်တော်သို့ ကြယ်ပွင့်မပြ မေးခွန်းနှစ်ကြိမ် မေးမြန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုမေးခွန်းများ၏ ဖြေကြားချက်တွင် ပထမမေးခွန်း အဖြေ၌ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက်ရရှိပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နီးစပ်ရာဘဏ္ဍာနှစ်တွင် နိုင်ငံတော်သို့ ဘဏ္ဍာငွေ တင်ပြတောင်းခံပြီး နိုင်ငံတော်မှ ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ လျော်ကြေး ပေးချေခြင်းများ ဆက်လက်ဆောင်ရွက် သွားမည်ဟုဖြေကြား ထားပါကြောင်း၊ နီးစပ်ရာဘဏ္ဍာနှစ်ဟု အဖြေတွင် ပါရှိခဲ့သော်လည်း ၎င်းမေးခွန်းမေးမြန်းခဲ့သည်မှာ တစ်နှစ်နှင့်ရှစ်လကျော် ဖြေပြီး ဖြစ်ပါကြောင်း၊ ဒုတိယမေးခွန်းအဖြေ အပိုဒ် (ဂ) တွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံပြီးခွင့်ပြုပါက ဆက်လက်ပေးချေသွားမည် ဖြစ်ကြောင်းနှင့် အဖြေ၏အပိုဒ် (ဂ) တွင် ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်မှ ကျော်လွန်ရရှိခဲ့လျှင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘတ်ဂျက်တွင် ဘဏ္ဍာငွေဆက်လက်တောင်းခံပြီး လျော်ကြေးဆက်လက်ပေးချေ သွားမည်ဟု ဖြေကြားခဲ့သည့်အတွက် မိမိမေးခွန်းမေးမြန်းခဲ့သည့် အချိန် ၂၀၁၇ ခုနှစ်ကစပြီး မေးခွန်းဖြေကြားချက်တွင် ဘဏ္ဍာနှစ်များသာ တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲသွား သော်လည်း ပန်းတောင်းမြို့နယ်အတွက် မည်သည့်အချိန်တွင်ပေးမည်ဆိုသည့် တိကျသောအဖြေ ယနေ့အထိ မရှိသေးပါကြောင်း၊
ပခုက္ကူ-ကြံခင်း ရထားလမ်းပိုင်း မြေသိမ်းလျော်ကြေးနှင့်ပတ်သက်၍ ယခင်နှစ် မတ်လ ၁၆ ရက်နေ့က ပခုက္ကူမဲဆန္ဒနယ်မှ ဦးပိုက်ကိုလည်း ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ဖူးပါကြောင်း၊ ထိုမေးခွန်းအား ဖြေကြားရာတွင် ယခုဘဏ္ဍာရေးနှစ်အမီ ပေးချေသွားမည်ဖြစ်ကြောင်း တိကျသည့်အချိန်ကာလကို ဖြေကြားခဲ့ပါကြောင်း၊ အဆိုပါကိစ္စအပေါ် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက ထိန်းညှိ မေးမြန်းနေရသည့်အတွက် မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းသိမ်းမြေယာ လျော်ကြေးဖြစ်ပါလျက် မြို့နယ်အလိုက်၊ တိုင်းဒေသကြီးအလိုက် စီမံချက်ချပြီး မျှတအောင်မဆောင်ရွက်သလို ပေါ်ပေါက် နေပါကြောင်း၊
အဆိုပါလမ်းပိုင်း မြေသိမ်းလျော်ကြေးများကို ၂၀၁၆ ခုနှစ်ကတည်းက ပေးလျော်နေသည်ဟု ကြားသိရ ပါသော်လည်း ပန်းတောင်းမြို့နယ် လျော်ကြေးများအတွက် မည်သည့်ဘဏ္ဍာရေးနှစ်အမီ ပေးလျော် မည်ဟု တိတိကျကျမဖြေကြားထားသလို အဖြေများသည် မသေချာ၊ မရေရာသည့်အဖြေများကိုသာ ရရှိထားခဲ့ပါကြောင်း၊ ထို့ကြောင့် မြေသိမ်းခံရခြင်းအတူတူဖြစ်ပါလျက် လျော်ကြေးပေးသည့်အခါ ခွဲခြားခံရသလို ဖြစ်နေပါကြောင်း၊ ယခုအခါ ပန်းတောင်းမြို့နယ်မှ ရထားလမ်းသိမ်းမြေထဲတွင် ပါဝင်သော တောင်သူများက အခြားမြို့နယ်များ၊ တိုင်းဒေသကြီးများတွင်ရရှိပြီး ပန်းတောင်းမြို့နယ်က အဘယ့်ကြောင့်မရရှိသေးသည်ကို ဖုန်းဆက်ပြီးမေးမြန်းကြပါကြောင်း၊ လူကိုယ်တိုင်လာရောက်ပြီး မေးမြန်းခြင်း၊ လူထုတွေ့ဆုံပွဲများတွင် မေးမြန်းခြင်းတို့ကြောင့် ပန်းတောင်းမြို့နယ်အတွက် တိကျသော အဖြေကို သိရှိလိုပါ၍ ပန်းတောင်းမြို့နယ်အတွင်း ကြံခင်း-ပခုက္ကူရထားလမ်းပိုင်း တည်ဆောက်ရာတွင် သိမ်းဆည်းမြေများအတွက် လျော်ကြေးပေးချေရန် နောက်ဆက်တွဲဆောင်ရွက်ထားမှု အခြေအနေ အားသိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ကြံခင်း-ပခုက္ကူ ရထားလမ်းဖောက် လုပ်ရာတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်း ပါဝင်သွားသည့်မြေများကို ကြံခင်း-ဥသျှစ်ပင်အပိုင်းနှင့် ဥသျှစ်ပင်-သရက်အပိုင်း နှစ်ပိုင်းခွဲ၍ သိမ်းဆည်းခဲ့ရာ ကြံခင်း-ဥသျှစ်ပင်အပိုင်းတွင် ကျေးရွာအုပ်စု ၁၀ အုပ်စုရှိ တောင်သူ ၂၉၆ ဦး၏သိမ်းဆည်းမြေ ၃၆၀.၂၇ ဧကနှင့် သိမ်းဆည်းမြေတွင် ပါဝင်ခြင်းမရှိသော်လည်း ရထားလမ်းဖောက်လုပ်မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ တောင်သူ ၄၉ ဦး၏မြေ ၃၆.၂၄ ဧကတို့ ပါဝင်ခဲ့ပါကြောင်း၊ ဥသျှစ်ပင်-သရက်အပိုင်းတွင် ကျေးရွာအုပ်စု ၁၁ အုပ်စုရှိ တောင်သူ ၃၁၆ ဦး၏ သိမ်းဆည်းမြေ ၃၆၁.၂၃ ဧကပါဝင်ပြီး စုစုပေါင်းသိမ်းဆည်းမြေ ၇၂၁.၅ ဧကကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အတည်ပြုထားပြီး ဖြစ်ပါကြောင်း၊ ကြံခင်း-ဥသျှစ်ပင်အပိုင်းရှိ ပန်းတောင်းမြို့နယ်အတွင်း ပါဝင်သွားသည့် သိမ်းဆည်းမြေ ၃၆၀.၂၇ ဧကနှင့် သိမ်းဆည်းမြေတွင် ပါဝင်ခြင်းမရှိသော်လည်း ရထားလမ်းဖောက်လုပ်မှုကြောင့် ပျက်စီးသွားသည့်မြေ ၃၆.၂၄ ဧက စုစုပေါင်း ၃၉၆.၅၁ ဧကအတွက် လျော်ကြေးနှင့်နစ်နာကြေး စုစုပေါင်းတန်ဖိုးငွေကျပ် ၆၉၆.၇၅၂ သန်းကို ၂၃-၅-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၈) ၌ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း ပန်းတောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ၂-၁၀-၂၀၁၈ ရက်နေ့တွင်မှ မြန်မာ့မီးရထားတိုင်းအမှတ် (၉) ဟင်္သာတသို့ အသိပေးအကြောင်းကြားလာသဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထား တောင်းခံနိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာ့မီးရထားအနေဖြင့် အတည်ပြုချက်ရရှိပြီးဖြစ်သော ကြံခင်း-ဥသျှစ်ပင်အပိုင်းရှိ ပန်းတောင်း မြို့နယ်အတွင်းပါဝင်သွားသည့် သိမ်းဆည်းမြေနှင့် ပျက်စီးသွားသည့်မြေ စုစုပေါင်း ၃၉၆.၅၁ ဧကတို့ အတွက် လျော်ကြေးနှင့်နစ်နာကြေး စုစုပေါင်းကျပ် ၆၉၆.၇၅၂ သန်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင် ထည့်သွင်းလျာထားတောင်းခံ၍ ခွင့်ပြုရရှိမှုအပေါ်မူတည်၍ လျော်ကြေးနှင့်နစ်နာကြေး ပေးချေမှုများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊
ဥသျှစ်ပင်-သရက်အပိုင်းရှိ ပန်းတောင်းမြို့နယ်အတွင်း ပါဝင်သွားသော ကျေးရွာအုပ်စု ၁၁ အုပ်စုမှ တောင်သူ ၃၁၆ ဦး၏ သိမ်းဆည်းမြေ ၃၆၁.၂၃ ဧကအတွက် လျော်ကြေးတန်ဖိုးများကို ပန်းတောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အဆင့်ဆင့်တင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ၂၈-၁၂-၂၀၁၈ ရက်နေ့တွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက်တင်ပြ ထားသည်ဟု သိရှိရပါကြောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အတည်ပြုပြီး သည့်နောက် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ မြန်မာ့မီးရထားသို့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်အမီ အကြောင်းကြားလာပါက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံ၍ ခွင့်ပြုရရှိမှုအပေါ် မူတည်၍ လျော်ကြေး ပေးချေမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဒေါ်ခင်နှင်းသစ်(ပန်းတောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီး၏ဖြေကြားချက်တွင် ပန်းတောင်းမြို့နယ်အတွက် ကြံခင်းနှင့်ဥသျှစ်ပင်၊ ဥသျှစ်ပင်နှင့်သရက် ဟူ၍ အပိုင်းများခွဲပြီး လျော်ကြေးပေးရန် ပါရှိပါကြောင်း၊ သို့သော် ဝန်ကြီး၏အဖြေကို ချုံ့လိုက်သည့် အခါ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေတွင်ထည့်သွင်းပြီးတင်ပြမည်၊ ခွင့်ပြုရရှိမှုအပေါ်မူတည်ပြီး ပေးမည်ဟု ဖြေကြားချက်တွင် ပါရှိပါကြောင်း၊ မိမိမေးမြန်းလိုသည့်မေးခွန်းက ပခုက္ကူလွှတ်တော် ကိုယ်စားလှယ်၏မေးခွန်းတွင် ဘယ်ဘဏ္ဍာရေးနှစ်အမီ ပေးချေသွားမည့်အချိန်ကို တိတိကျကျဖြေသွား ပါကြောင်း၊ ယခုကြယ်ပွင့်ပြမေးခွန်းမေးခဲ့သည်မှာ စုစုပေါင်း သုံးကြိမ်မြောက်မေးခွန်းဖြစ်သည့်အတွက် ပန်းတောင်းမြို့နယ်ရှိ မြေသိမ်းခံရသူများကို ပခုက္ကူမြို့နယ်ကဲ့သို့ မည်သည့်ဘဏ္ဍာရေးနှစ်အမီ၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် နောက်ဆုံးထားပေးမည်ဆိုသည့် တိကျသောအဖြေကို ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
မိမိတို့အနေဖြင့် မြန်မာ့မီးရထား မီးရထားလမ်းဖောက်သည့် မြေယာသိမ်းဆည်းသော လျော်ကြေး၊ နစ်နာကြေးများ ပေးသည့်နေရာတွင် ဖြစ်ဖြစ်၊ အခြားလုပ်ငန်းများအတွက် မြေလျော်ကြေးများ၊ နစ်နာကြေးများပေးသည့်အခါ ပထမအဆင့် မိမိတို့ကလျော်ကြေး၊ နစ်နာကြေးပေးရမည်၊ မြေဧက များကို သက်ဆိုင်ရာဒေသ အာဏာပိုင်များက အတည်ပြုချက်ရယူပါကြောင်း၊ အတည်ပြုချက် ရပြီးနောက် ဧကအတည်ပြုပြီးနောက် လျော်ကြေး၊ နစ်နာကြေးတန်ဖိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ သက်ဆိုင်ရာဒေသအာဏာပိုင် အဆင့်ဆင့်၊ ဗဟိုအထိတင်ပြီး အတည်ပြုချက် ရယူရပါကြောင်း၊ ယခင်မေးခွန်းတွင် မည်သည့်ဘဏ္ဍာရေးနှစ်အမီ ပေးချေရန် ဆောင်ရွက်မည်ဟု ပြောခဲ့သော်လည်း မိမိတို့၏လုပ်ပိုင်ခွင့်၊ ကာလသတ်မှတ်နိုင်ခြင်းမရှိသည့်အတွက် မိမိတို့က ခွင့်ပြုချက်များ၊ အတည်ပြုချက်များရရှိသည့်အချိန်တွင် ဆောင်ရွက်ရပါကြောင်း၊ ခွင့်ပြုရရှိသည့် ရန်ပုံငွေအပေါ် မူတည်၍ဆိုသည်မှာ ဘတ်ဂျက်သဘောတရားအရ လျာထားထည့်သွင်းရမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံမည် ဖြစ်ပါကြောင်း၊ သို့သော် တင်ပြတောင်းခံသည့်ပမာဏအတိုင်း အမြဲတမ်းအပြည့်အဝမရရှိသည့်အတွက် ခွင့်ပြုရရှိ သည့် ရန်ပုံငွေအပေါ်မူတည်၍ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်ပါကြောင်း ဖြေကြားပါသည်။
