(ဂ)-အခြေခံပညာ(၁၀)တန်းစာမေးပွဲရမှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ခြင်းကြောင့် အခြေခံပညာ ကလေးများ၏ လက်တွေ့ဘဝဖွံ့ဖြိုးမှုကို ထိခိုက်နေခြင်းအပေါ် ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၈.၁.၂၀၁၉)

 

အမျိုးသား ပညာရေးဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (ဆ) တွင် ကလေးများကို အတွေးအခေါ် အယူအဆ မှန်ကန်ပြီး လူ့စွမ်းအားအရင်းအမြစ်များကို ပျိုးထောင်ပေးပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အမျိုးသားပညာရေးက ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အမျိုးသားပညာရေး ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ထ) တွင် တက္ကသိုလ်တက်ရောက်မှုအတွက် ရွေးချယ်ရန်တာဝန်မရှိဘဲ သက်မွေး ပညာရပ်ဖြစ်စေ၊ အဆင့်မြင့်ပညာရပ်ဖြစ်စေ အခြေခံလေ့ကျင့်ပေးရန်သာ တာဝန်ရှိကြောင်း ပြဋ္ဌာန်း ထားပါကြောင်း၊ အမျိုးသားပညာရေး ရည်မှန်းချက် ပုဒ်မ ၃ ပုဒ်မခွဲ (က) (ခ) (ဂ) တွင် ဝေဖန်ပိုင်းခြား အသိဉာဏ်ရှိသော ကလေးများကို ပျိုးထောင်ပေးရမည်၊ အထူးသဖြင့် ဝိဇ္ဇာဘာသာတွဲနှင့် ပတ်သက်သည့် ကလေးများလည်း အထိုက်အလျောက် ပါဝင်စေရမည့် သဘောထားမျိုးဖြင့် ပညာရေး ရည်မှန်းချက်တွင် ပြဋ္ဌာန်းအတည်ပြု ထားပါကြောင်း၊ ပုဒ်မ ၄ ပုဒ်မခွဲ (ဋ) တွင်  တက္ကသိုလ်ဝင်ခွင့်နှင့် ပတ်သက်ပြီး တက္ကသိုလ်ပဋိညာဉ် စာတမ်းနှင့်အညီ တက္ကသိုလ်ကို ဝင်ရောက်နိုင်အောင် စိစစ်ရွေးချယ်သည့် စနစ်ကိုထားရှိမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ၂၀၁၅ ခုနှစ် NLD ရွေးကောက်ပွဲ ပညာရေးကြေညာစာတမ်း အပိုဒ် ၉ တွင် ကျောင်းသားမိဘနှင့် ရပ်/ကျေးတို့အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော ပညာရေးဝန်ဆောင်မှုဖြစ်အောင် ဆောင်ရွက်မည်ဟု ပြဋ္ဌာန်းကြေညာခဲ့ပါကြောင်း၊ အခြေခံပညာရေး၏ လက်ရှိအနေအထားတွင် သိပ္ပံဘာသာတွဲယူသူများပြီး ဝိဇ္ဇာဘာသာတွဲယူသူ နည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ဝိဇ္ဇာဘာသာတွဲယူသူ ၁၁.၈ ရာခိုင်နှုန်းသာရှိပြီး တစ်နိုင်ငံလုံးတွင် စိတ်ကြိုက်မြန်မာစာတစ်ဦးသာ ရှိခဲ့ပါကြောင်း၊ Curricula ဟူသော လက်တွေ့ဖွံ့ဖြိုးမှု ဘာသာရပ်များကျောင်းတွင် သင်ကြားမှုနည်းပါးပါကြောင်း၊ နိုင်ငံသား ကောင်းများဖြစ်ရန်အတွက် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်စေပါကြောင်း၊ စာမေးပွဲရမှတ်ကောင်း ရရှိရေး ဦးတည်သင်ကြားမှုကြောင့် အလွတ်ကျက်စနစ်ကိုသာ အားပေးနေပါကြောင်း၊ အောင်ချက် ရာခိုင်နှုန်းကြောင့် ကျောင်းသား၊ ဆရာ၊ မိဘအပေါ် သက်ရောက်မှု ရှိနေပါကြောင်း၊ ပုဂ္ဂလိက ကျောင်းများ၊ ကျူရှင်များကြောင့် မိဘများဝန်ထုပ်ဝန်ပိုး ဖြစ်ပါကြောင်း၊ တောင်ပေါ်၊ မြေပြန့်၊ မြို့ပေါ်၊ ကျေးလက်ကွဲပြားခြားနားသည့် အရင်းအမြစ်များကြောင့်လည်း ရမှတ်များကွာခြားနေပါကြောင်း၊ စာစစ်ဦးစီးဌာနသည် တက္ကသိုလ်ဝင်ခွင့် မေးခွန်းများကို တာဝန်ယူဆောင်ရွက်နိုင်မည့် အနေအထားရှိပုံ ရပါကြောင်း၊ ဒီမိုကရေစီအစိုးရ အုပ်ချုပ်မှုကာလ သုံးနှစ်ခန့်ကြာမြင့်လာပြီ ဖြစ်ပါကြောင်း၊ နှစ်စဉ် အခြေခံပညာအထက်တန်း ဖြေဆိုအောင်မြင်သူပျမ်းမျှ သုံးပုံတစ်ပုံရှိသော်လည်း အပြင်ရောက်သွားသည့် သုံးပုံနှစ်ပုံသော ကလေးများကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါကြောင်း၊ ထို့ကြောင့် အခြေခံပညာစာမေးပွဲ ၁၀ တန်း စာမေးပွဲရမှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့် သတ်မှတ် နေခြင်းကြောင့် ကလေးများ၏လက်တွေ့ဘဝ ဖွံ့ဖြိုးမှုထိခိုက်နေခြင်းအပေါ် ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သို့စီစဉ်ဆောင်ရွက် ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို စနစ်တကျ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာ သုံးသပ်ရေးလုပ်ငန်း (Comprehensive Education Sector Review-CESR) ကို ဆောင်ရွက်ပြီး CESR ၏ရလဒ်နှင့် ထောက်ခံအကြံ ပြုချက်များအပေါ် အခြေခံပြီး အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၁) (National Education Strategic Plan 2016-21) ကို ရေးဆွဲပြုစုပြီး ၂၀၁၆-၁၇ ပညာသင်နှစ်မှစတင်၍ အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ အခြေခံပညာကဏ္ဍတွင် အခြေခံပညာရေး စနစ်ဟောင်း 11 Schooling Year မှ KG+ 12 စနစ်သစ်ကို သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ၊ ကျောင်းသုံးဖတ်စာ အုပ်အသစ်များ၊ ဆရာလမ်းညွှန် စာအုပ်အသစ်များ၊ သင်ထောက်ကူ ပစ္စည်းများဖြင့် ၂၀၁၆-၁၇ ပညာသင်နှစ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပြီး ၂၀၂၂-၂၃ ပညာသင်နှစ်တွင် ဒွါဒသမတန်း (Grade 12) သင်ရိုးအသစ်၊ ကျောင်းသုံးဖတ် စာအုပ်အသစ်၊ ဆရာလမ်းညွှန်စာအုပ် အသစ်များကို အခြေခံပညာရေး စနစ်ပြုပြင် ပြောင်းလဲမှုဖြင့် ပြီးစီးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ စနစ်သစ်ပညာရေးပြုပြင် ပြောင်းလဲမှုများတွင် ဝိဇ္ဇာဘာသာတွဲနှင့် သိပ္ပံဘာသာတွဲတို့ကို ဟန်ချက်ညီညီ အချိုးညီမျှတရေး ဖွံ့ဖြိုးရေးဘာသာ (တွဲဖက် သင်ရိုးဝင်ဘာသာ) ရပ်များကို သင်ရိုးဝင်ဘာသာရပ်များအဖြစ် သတ်မှတ်သင်ကြား သင်ယူလေ့ကျင့် ရေး၊ စာမေးပွဲရလဒ်ကောင်း ရရှိရေးဦးတည်ပြီး အလွတ်ကျက်မှတ်မှု အားပေးသည့် သင်ကြားသင်ယူမှု စနစ်မှ တစ်သက်တာသင်ယူနိုင်ရေး (Lifelong Learning) နှင့် စဉ်းစားတွေးခေါ်မှုကို အားပေးသော သင်ကြားသင်ယူမှု စနစ်ကို ကူးပြောင်းဖြစ်ပေါ်လာစေရေးအတွက် ကျောင်းသား/သူများ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၏ ပြိုင်ဆိုင်မှုလျှော့ချရေးနှင့် မိဘများ၏ပညာရေးနှင့် စပ်လျဉ်းသည့် အသုံး စရိတ်ပိုမိုလျှော့ချ စေရေးအတွက် ပညာရေးတွင် သာတူညီမျှမှုရှိရေး ပိုမိုဖြစ်စေရေးတို့အတွက် ကိုလည်း ဦးတည်ပြီး ကြိုးပမ်းပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊

တက္ကသိုလ်ဝင်ခွင့်နှင့် စပ်လျဉ်း၍ အမျိုးသားပညာရေးဥပဒေ အခန်း (၃) ပုဒ်မ ၄ တွင် တက္ကသိုလ် ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင်ရွေးချယ် လျှောက် ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်း စာမေးပွဲရမှတ်ဖြင့်သာ စိစစ်ဆုံးဖြတ် ရွေးချယ်ခြင်း မဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ ပဋိညာဉ်စာတမ်းနှင့်အညီ စိစစ် ရွေးချယ်သည့် စနစ်ထားရှိရေးဟု ပြဋ္ဌာန်းပြီးဖြစ်သဖြင့် အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြုပြင်ပြောင်းလဲ နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးမူကို လက်ရှိအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ နှစ်စဉ်ထုတ်ဝေလျက်ရှိသော တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်နှင့်အညီ လည်းကောင်း၊ တက္ကသိုလ်ဝင်ခွင့်စနစ် ပြုပြင်ပြောင်းလဲမှုအရ အချို့တက္ကသိုလ် များက သတ်မှတ်ချက်နှင့်အညီ ဝင်ခွင့်စစ်ဆေး၍လည်းကောင်း၊ လူတွေ့စစ်ဆေး၍လည်းကောင်း၊ အချို့အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များက ဝေးလံခက်ခဲသော ဒေသများအတွက် ကျား/မ အချိုးညီမျှမှုအတွက် Quota စနစ်ဖြင့် သတ်မှတ်၍လည်းကောင်း ရွေးချယ်လျက် ရှိပါကြောင်း၊ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင် လက်ရှိပြောင်းလဲနေသော သင်ရိုးညွှန်းတမ်း အသစ်အရ ၂၁ ရာစုကျွမ်းကျင်မှုများဖြစ်သည့် ကျိုးကြောင်းဆက်စပ် တွေးခေါ်တတ်မှု၊ တီထွင်ဖန်တီးတတ်မှု၊ ဆန်းသစ်တီထွင်မှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ ဆက်သွယ် ဆောင်ရွက်နိုင်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် တာဝန်ယူတာဝန်ခံပြီး အကောင်းဆုံးတာဝန် ကျေပွန်အောင် ဆောင်ရွက်တတ်သော Soft Skill များနှင့် သက်မွေးအခြေခံများကို ရရှိရေးအတွက် သင်ကြားသင်ယူ လေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ အခြေခံပညာ အထက်တန်းအဆင့် ပြီးမြောက်ပြီးနောက် ကျောင်းသား/သူများ၏ လက်တွေ့ဘဝအတွက် သက်မွေးသင်တန်းများ၊ ဘွဲ့ကြိုသင်တန်းများ၊ ဒီပလိုမာသင်တန်းများ တက်ရောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ အဆင်‌့မြင့်ပညာ တက္ကသိုလ်များသို့ တက်ရောက်သင်ယူလိုသော ကျောင်းသား/သူများ အနေဖြင့် တက္ကသိုလ်များသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားပြီး သင်ယူခွင့်ရရှိရေးနှင့် သက်မွေးသင်တန်းများ အဆင့်အလိုက် ကျွမ်းကျင်မှုသင်တန်းများ၊ ဘွဲ့ကြိုသင်တန်းများ၊ ဒီပလိုမာ သင်တန်းများ တက်ရောက်ပြီးနောက် အဆင့်မြင့်တက္ကသိုလ်များသို့ တက်ရောက်သင်ယူ နိုင်ရေးအတွက် တစ်သက်တာ သင်ယူမှုလမ်းကြောင်း (Lifelong Learning Pathway) လည်း ဖန်တီးပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

ထို့အပြင် ယခုနှစ်တွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းများတွင် ဖြေဆိုသည့် အခြေခံပညာ အထက်တန်း စာမေးပွဲများမှ အောင်မြင်သူများကို အခြေခံပညာအထက်တန်း သင်ယူပြီးမြောက်မှု လက်မှတ်များကိုလည်း ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ Matriculation Exam များက တက္ကသိုလ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်ပြီး ဖြေဆိုရသောစာမေးပွဲများ ဖြစ်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တက္ကသိုလ်များတွင် နေ့သင်တန်းလက်ခံနိုင်သည်မှာ အများဆုံး ၂၅၀၀၀၀ ခန့်သာ ဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဗြိတိန်နိုင်ငံ Open University နှင့် ပူးပေါင်းပြီး လုပ်ငန်းခွင်ဝင်ရောက်မှုနှင့် ပိုမိုဆက်နွယ်ဆက်စပ်မှုရှိသော ပညာရပ်နယ်ပယ်များကို အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများကို သင်ကြား သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးလျက် ရှိပါကြောင်း၊ အဆိုပါ အစီအစဉ်တွင် Open University ၏ ကမ္ဘာ့အဆင့်မီ သင်ရိုးညွှန်းတမ်းများကို လိုင်စင်ရယူပြီး Licensing Courses သင်ကြားပေးနိုင်ရန်အတွက်ဖြစ်ပြီး အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်အောင်မြင်သူ ကျောင်းသား/သူများအနေဖြင့် မိမိနှစ်သက်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လုပ်ငန်းခွင်မပျက်လည်း သင်ကြားသင်ယူနိုင်မည့် အခွင့်အလမ်း ပိုမိုရရှိနိုင်မည် ဖြစ်သည့်အတွက် နိုင်ငံတကာပညာရေး စနစ်များကို လေ့လာမည်ဆိုလျှင်လည်း Grade 9 ပြီးစီးပါက A ဖြင့် အောင်မြင်သည့် ကျောင်းသား/သူများသာ သိပ္ပံဘာသာတွဲများကို ရွေးချယ်သင်ယူခွင့် ပေးပါကြောင်း၊ မိမိတို့နိုင်ငံတွင် သိပ္ပံဘာသာတွဲများကိုယူသည့် ကျောင်းသား/သူများသည် A ဖြင့် အောင်မြင်သည့် ကျောင်းသား/သူများကလည်း ယူသကဲ့သို့၊ B ဖြင့်၊ C ဖြင့် အောင်မြင်သည့် ကျောင်းသား/သူများကလည်း ယူနေသည့်အတွက် ၎င်းတို့အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုသည့်အခါ အခက်အခဲများ တွေ့နေရပါကြောင်း၊ ထို့ကြောင့် High School Completion Certificate ပေးပြီးသည့်အခါ သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိပေးရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လက်ရှိအမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၁) အရ ဆောင်ရွက်နေသော ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများအရ အခြေခံပညာကဏ္ဍတွင် ကျောင်းသား/သူများ၏ လက်တွေ့ဘဝဖွံ့ဖြိုးမှုအတွက်များစွာ အထောက်အကူပြုပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် တစ်သက်တာသင်ယူမှု အခွင့်အလမ်းများ (Lifelong Learning Opportunity) ပိုမိုရရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အနာဂတ်လူ့စွမ်းအား အရင်းအမြစ် လူငယ်မျိုးဆက်များ နိုင်ငံ့သားကောင်းသမီးမွန်များအဖြစ် ပြုစုပျိုးထောင်သင်ကြားသင်ယူ လေ့ကျင့် ပေးနိုင်ရေးအတွက် အထက်ပါမဟာဗျူဟာ စီမံကိန်းပါ လုပ်ငန်းစဉ်များအတိုင်း ရည်မှန်းချက်ထားပြီး ဦးတည်ကြိုးပမ်း ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။