ကူမဲသည် အရင်က ရွာငယ်လေးသာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကြောင်း၊ အနီးအနားရွာများက မြေဆီသြဇာနှင့်ပြည့်စုံပြီး နောင်တွင် အနော်ရထာမှ ကင်းတားလေး၊ ကင်းတားကြီး ဆည်ရေသောက်စနစ်များဖြင့် ပီပီပြင်ပြင် လုပ်ခဲ့ကြောင်း၊ ထို့နောက် ကူမဲရွာသူရွာသားများ ညီညီညာညာ လုပ်ကြသည့်အခါ ကူမဲသည် ရွာကြီးတစ်ရွာ ဖြစ်လာပြီး စံပြကျေးရွာဖြစ်လာခဲ့ကြောင်း၊ ကူမဲစံပြကျေးရွာ ရွာသူရွာသားများက နိုင်သည့်နေရာမှ ညီညီညာညာနှင့် ငွေအား၊ လူအား အားလုံး ဝိုင်းဝန်းကြိုးစား လုပ်ကိုင်ကြသောအခါ ယခု NLD အစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံမှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ပြည်ထောင်စု Cabinet ၏ ခွင့်ပြုမူကြောင့် ကူမဲစံပြကျေးရွာသည် မြို့အဖြစ်အဆင့်တိုး သတ်မှတ်ကြောင်းကို ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ မြို့ဖြစ်လာသော်လည်း ကူမဲ၏မြေပုံမြေတိုင်းတာမှုသည် ၁၆ လက်မ ၁ မိုင် စကေးသာ ဖြစ်သောကြောင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်ပီပြင်မှုမရှိသေးပါကြောင်း၊ ရုံးမြေ၊ ကျောင်းမြေ၊ ဈေးမြေ၊ သာသနာဓိကမြေ စသည့် ကွက်စိတ်ကွက်ကျဲ ပီပီပြင်ပြင်တိုင်းတာမှု မရှိသေးသည့်အပြင် အထက်ပါ အကြောင်းအရင်းများကြောင့် ဂရန်ဖောက်သောအခါ မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများ ရှိနေပါကြောင်း၊
ထို့ကြောင့် မြစ်သားမြို့နယ်ရှိ ကူမဲမြို့ကို မြို့အင်္ဂါရပ်နှင့် ပီပြင်ပြည့်စုံနိုင်ရန် အတွက် ၆၄ လက်မ ၁ မိုင် စကေးနှင့် မြေပုံအသစ် ပြန်လည်ရေးဆွဲပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကူမဲကျေးရွာကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၃-၅-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ(၆၇၈/၂၀၁၇)နှင့် ကူမဲမြို့အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လုပ်ငန်းစဉ်အရ ၁၆ လက်မ ၁ မိုင် စကေးနှင့်ရေးဆွဲထားသည့် ကူမဲမြို့မြေပုံကို ၆၄ လက်မ ၁ မိုင်စကေးဖြင့် ကွက်ကြဲ၊ ကွက်စိတ်မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း၊ မြို့မြေများသည် ဒေသအလိုက် မြေတန်ဖိုးကြီးမြင့်ပြီး မြို့မြေတိုင်းတာရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သောအခါ ပိုင်ဆိုင်မှုပြဿနာ၊ နယ်နိမိတ်ပြဿနာများ ဖြေရှင်းဆောင်ရွက်ရန်အတွက် လက်ရှိအခြေအနေအထိ ၁၈၈၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတော် မြေနယ်သတ်လက်စွဲဥပဒေပုဒ်မ ၂ ပြဋ္ဌာန်းချက်နှင့်အညီ ဦးစွာ နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (နယ်သတ်ဝန်)နှင့် နယ်နိမိတ်ကြပ်မတ်ရေး အရာရှိ (နယ်ခြားဝန်)တို့ကို ခန့်ထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်များမှအပ အခြားတိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မြို့များကို နယ်နိမိတ်သတ်မှတ်ရေး အရာရှိအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးကို လည်းကောင်း၊ နယ်နိမိတ်ကြီးကြပ်ရေးအရာရှိ (နယ်ခြားဝန်)ကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးကိုလည်းကောင်း တာဝန်ပေးဆောင်ရွက်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က တိုင်းတာမည့် မြို့နယ်နိမိတ်သတ်မှတ်ရေးနှင့် နယ်နိမိတ်ကြပ်မတ်ရေး အရာရှိများကို ခန့်ထားပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရပါကြောင်း၊ ဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆက်လက်ညှိနှိုင်းပြီး နိုင်ငံတော်အစိုးရကိုယ်စား နယ်သတ်ဝန်နှင့် နယ်ခြားဝန်များခန့်ထားရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ကူမဲမြို့ကို ၆၄ လက်မ ၁ မိုင် စကေးဖြင့် ကွက်ကြဲ၊ ကွက်စိတ်တိုင်းတာနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကုန်ကျစရိတ်ရန်ပုံငွေ တွက်ချက်တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိသည်နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြီးကြပ်ရေး အရာရှိများကို ခန့်ထားနိုင်ရေး ဆောင်ရွက်သွားရန် စီစဉ်ထားရှိပြီဖြစ်ကြောင်း၊ ထို့ကြောင့် မေးခွန်းပါအချက်များနှင့် စပ်လျဉ်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် မြေတိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေတောင်းခံထားရှိပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိပါက လိုအပ်သော မြေသတ်ဥပဒေနှင့်အညီ နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြီးကြပ်ရေး အရာရှိတို့ကို ခန့်ထားဆောင်ရွက်ပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
