(စ)-၂၀၁၈-၁၉ ခုနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရန် လျာထားချက်ကို မည်သည်‌့အချက်များအပေါ် အခြေခံ၍ သတ်မှတ်လျာထားသည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၀.၁၂. ၂၀၁၈)

 

၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေဇယား ၁ အရ အခွန်အကောက်များ ကောက်ခံရန် မူလလျာထားချက်ကို ကျပ်သန်းပေါင်း ၇၅၇၅၉၃၄.၂၁၄ သတ်မှတ်လျာထားကြောင်း တွေ့ရှိရပြီး ကုန်သွယ်လုပ်ငန်းခွန်ကို ကျပ်သန်းပေါင်း ၂၁၂၂၈၃၈.၅၄၇ သတ်မှတ်လျာထားရာ အခွန်အကောက်စုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းကျော် သတ်မှတ်လျာထားသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စု၏ လျာထားချက်များကို အကောင်အထည်ဖော် အခွန်ကောက်ခံရာတွင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှတစ်ဆင်‌့ မြို့နယ်အခွန်များဦးစီးဌာနသို့ နှစ်စဉ်အခွန်ကောက်ခံရန်  လျာထားသတ်မှတ်ပေးပြီး အခွန်ကောက်ခံမှုများ လုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း၊ မြို့နယ်များလျာထားချက်နှင့်အညီ အခွန်ကောက်ခံရာတွင် နှစ်စဉ်အခွန် ပေးဆောင်နေကျ လူဟောင်းများကိုသာ အခွန်ကောက်ခံနိုင်ရန် ကြိုးစားလုပ်ဆောင်နေပြီး အခွန်ရှောင်နေသော ဝန်ထမ်းများ၊ အခွန်ဆောင်ရန်လိုအပ်နေသော အခွန်ထမ်းအသစ်များ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိကြောင်း၊

ဒီမိုကရေစီစနစ်သည် ပြည်သူကိုအခြေခံသောစနစ် ဖြစ်ပါကြောင်း၊ မြို့နယ်ရှိ အခွန်ဝန်ထမ်းများသည် အခွန်ထမ်းပြည်သူများနှင်‌့ တိုက်ရိုက်ထိတွေ့ ဖော်ဆောင်မှုပေးနေသော နေရာများဖြစ်ရာ မြို့နယ်များ၏ ပကတိ မြေပြင်အချက်အလက်များအပေါ် အခြေခံပြီး လျာထားသတ်မှတ်နိုင်မည်ဆိုလျင် အနီးစပ်ဆုံး လျာထားသတ်မှတ်နိုင်မည်ဟု ယုံကြည်မိပါကြောင်း၊ အနီးစပ်ဆုံး လျာထားသတ်မှတ်ကောက်ခံနိုင်မှသာ နိုင်ငံတော်၏ နှစ်စဉ်ဘတ်ဂျက်လိုငွေပြမှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ယနေ့မိမိတို့နိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုသည် တရားဝင်ကုန်သွယ်မှုထက် ထက်ဝက်ကျော် ပိုမိုနေသည်ဟု ကုန်သည်များထံမှ ကြားသိရပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်သည် အထူးကုန်စည် (ခေါ်)ဝင်ငွေခွန်တို့နှင်‌့လည်း ဆက်စပ်လျက်ရှိရာ တရားမဝင် ဝင်ငွေကုန်သွယ်မှုများကြောင့် အထူးကုန်စည်ခွန်လည်းမရ၊ ကုန်သွယ်လုပ်ငန်းခွန်လည်းဆုံးရှုံး၊ နောက်ဆုံးဝင်ငွေခွန်ပါ ဆုံးရှုံးပြီး နိုင်ငံတော်နှင်‌့ နိုင်ငံသားများအတွက် များစွာထိခိုက်နစ်နာကြောင်း၊ သို့ဖြစ်ပါ၍ ကုန်သွယ်လုပ်ငန်းခွန် ဆောင်မည့်သူများ အခွန်လျာထားချက်တွင် အကျုံးဝင်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အခွန်ဆောင်နိုင်ရန်အတွက် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရန် လျာထားချက်ကို မည်သည်‌့အချက်များအပေါ် အခြေခံ၍ သတ်မှတ်လျာထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စီမံကိန်းနှင်‌့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက် ဥပဒေ ဇယား(၁)အရ အခွန်အကောက်များ ကောက်ခံရန် မူလလျာထားချက်တွင် အခွန်အမျိုးအစား ၂၂ မျိုးအတွက် စုစုပေါင်း ကျပ် ၇၅၇၅၉၃၄.၂၁၄ Trillion ဖြစ်ပါကြောင်း၊ ပြည်တွင်းအခွန်းများဦးစီးဌာနမှ ကောက်ခံရန်လျာထားချက်တွင် အခွန် ၅ မျိုးအတွက် ကျပ် ၆၀၅၆၅၃၂.၅၁၄ ဖြစ်ပြီး စုစုပေါင်း လျာထားချက်၏ ၈၀ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကို ကျပ် ၂၁၂၂၈၃၈.၅၄၇ Trillion လျာထားပြီး စုစုပေါင်း အခွန်အကောက်လျာထားချက်၏ ၂၈ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ပြည်တွင်းအခွန်းများဦးစီးဌာနမှ ကောက်ခံရန်လျာထားသည့် အခွန် ၅ မျိုးတွင် ဝင်ငွေခွန် ၃၈ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၃၅ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန် ၂၃ ရာခိုင်နှုန်း၊ အောင်ဘာလေသိန်းဆုခွန် သုံးရာခိုင်နှုန်းနှင်‌့ တံဆိပ်ခေါင်းခွန် တစ်ရာခိုင်နှုန်းပါဝင်ပါကြောင်း၊

ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် အခွန်လျာထားချက်များကို သတ်မှတ်သည့်အခါ  ယခင်နှစ်က ကောက်ခံခဲ့သည့် အခွန်ကောက်ခံရရှိမှုများကို အခြေခံ၍ Revenue Forecasting Model ကို အသုံးပြုပြီး ခန့်မှန်းတွက်ချက် လျာထားခြင်းဖြစ်ကြောင်း၊ ထိုသို့တွက်ချက်ရာတွင် အခွန်တစ်ရပ်ချင်းစီအလိုက် ယခင်နှစ်များ၏ ကောက်ခံရရှိမှုအပေါ် အခြေခံ၍ (၁) Forecast Function Method၊ (၂) Average Method နှင်‌့ (၃) Adjustment Method စသည့် နည်းလမ်းသုံးခုကို အသုံးပြုပြီး ခန့်မှန်းတွက်ချက်ပါကြောင်း၊ ရရှိလာသည့် လျာထားချက်ပမာဏကို ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနသို့ အဆိုပြုလျာထားချက်အနေဖြင်‌့ ပေးပို့ပါကြောင်း၊ ထို့နောက် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ ၎င်းတို့၏ Revenue Forecasting Model ကိုအသုံးပြု၍ နိုင်ငံတော်၏ စီမံကိန်းလျာထားချက်များနှင်‌့ ကိုက်ညှိပြီး ထပ်မံတွက်ချက်မှုများပြုလုပ်ကာ အခွန်ကောက်ခံရန် လျာထားချက်များကို အပြီးသတ် ညှိနှိုင်းသတ်မှတ်ပါကြောင်း၊

ထိုသို့ရရှိသည်‌့ အခွန်လျာထားသတ်မှတ်ချက်များ အပေါ်မူတည်၍ ပြည်တွင်းအခွန်များ ဦးစီးဌာန(ရုံးချုပ်)မှ တိုင်းဒေသကြီး/ပြည်နယ် အခွန်ဦးစီးဌာနမှူး ရုံးများအလိုက် ကောက်ခံရမည်‌့ အခွန်လျာထားချက်များကို ပြန်လည်ခွဲဝေ သတ်မှတ်ပေးကြောင်း၊ ထိုသို့ခွဲဝေသတ်မှတ်ရာတွင်လည်း လွန်ခဲ့သော သုံးနှစ်ကာလအတွင်း နှစ်တစ်နှစ်ချင်းစီအလိုက် အခွန်ကောက်ခံရရှိမှုကို အခြေပြု၍ အထက်ပါနည်းလမ်းများ တည်ဆဲအခွန်ဥပဒေဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မှုများ၊ အခွန်ကင်းလွတ်ခွင့် ပြုထားသော ကုန်စည်များ၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ ဒေသဖွံ့ဖြိုးဆောင်ရွက်မှု အခြေအနေများကို စိစစ်သုံးသပ်၍လည်းကောင်း အနီစပ်ဆုံးဖြစ်အောင် လျာထားပေးခြင်းဖြစ်ပါကြောင်း၊

ထို့အတူ တိုင်းဒေသကြီး/ပြည်နယ်များက သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများသို့ လျာထားချက် ခွဲဝေချထားပေးရာတွင်လည်း ထိုမြို့နယ်၏ ယခင်နှစ်များက အခွန်ကောက်ခံမှုရရှိရေး အခြေအနေ၊ စီးပွားရေးဖြစ်ထွန်းမှု အခြေအနေ၊ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အခြေခံအဆောက်အဦများ တည်ဆောက်မှု အခြေအနေစသည်ဖြင်‌့ တစ်မြို့နယ်ချင်းစီအလိုက် စိစစ်၍ အခွန်လျာထားချက်များကို သတ်မှတ်ပေးရခြင်းဖြစ်ကြောင်း၊ ထိုသို့သတ်မှတ်ရာတွင် အဆိုပါမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းများ တည်ရှိမှုအခြေအနေကို ထည်‌့သွင်းစဉ်းစားရကြောင်း၊ ဥပမာအားဖြင်‌့ အထူးကုန်စည် ထုတ်လုပ်မှုမျိုးသည် မြို့နယ်တိုင်းတွင် မရှိသောကြောင့် အထူးကုန်စည်ခွန် လျာထားချက်တွင် မြို့နယ်တိုင်းရှိမည် မဟုတ်ကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ကောက်ခံရန် အခွန်လျာထားချက်များ ခွဲဝေချထားပေးရာတွင် အထက်ပါအတိုင်း မြို့နယ်များ၏ အခြေခံအချက်အလက်များ အပေါ်မူတည်၍ အနီးစပ်ဆုံးဖြစ်စေရန် ခွဲဝေလျာထားသတ်မှတ်ပေးလျက် ရှိပါကြောင်း၊ အနာဂတ်တွင် ယခုထက်ပိုမို ပြည်‌့စုံအဆင်‌့မြင်‌့သည်‌့ Revenue Forecasting Model ကိုအသုံးပြုပြီး ခန့်မှန်းတွက်ချက် လျာထားပေးနိုင်ရေး စီမံဆောင်ရွက်ချက်ရှိပါကြောင်းနှင်‌့ မြို့နယ်အလိုက် အကြံပြုလိုသည်များ ရှိပါကလည်း ကြိုဆိုပါကြောင်း ရှင်းလင်းဖြေကြားပါသည်။