(က)-လပွတ္တာမြို့၊ ကုန်သွယ်လမ်း၊ (၅)ရပ်ကွက် ဦးပိုင်အမှတ်(၁၃၀) မြေနေရာအား စာရေးဆရာကြီး မောင်ထင်၏ စာကြည့်တိုက်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၁.၁၂. ၂၀၁၈)

 

လပွတ္တာမြို့သား ကွယ်လွန်သွားသူ နိုင်ငံကျော်စာရေးဆရာကြီး မောင်ထင်အား ဂုဏ်ပြုသောအားဖြင့် လပွတ္တာမြို့သူမြို့သားများနှင့် စာပေဝါသနာရှင်များစုပေါင်း၍ မောင်ထင်စာကြည့်တိုက်ကို ၅-၁၁-၂၀၁၁ နေ့တွင် မြို့နယ်ကြက်ခြေနီရုံး အသင်းပိုင်အဆောက်အဦကို အကူအညီတောင်း၍ ယာယီဖွင့်လှစ် ခဲ့ပါကြောင်း၊ ယခုအခါ ကြက်ခြေနီရုံးတွင်လည်း လုပ်ငန်းများအတွက် ပစ္စည်းများထားရှိရန် လိုအပ်နေပါ၍ နေရာကို ပြန်လည်တောင်းယူနေပါကြောင်း၊ စာကြည့်တိုက် ရေရှည်တည်တံ့စေရေးအတွက် စာကြည့်တိုက် မြေနေရာနှင့်အဆောက်အဦရရှိရန် လိုအပ်သည်ဖြစ်ရာ လပွတ္တာမြို့ကုန်သည်လမ်းရှိ အစိုးရပိုင်မြေ ၁၁-၁-၂၀၁၄ ရက်နေ့က မီးလောင်မှုတွင် မီးလောင်မြေနေရာ ချထားရေးကော်မတီမှ လိုင်စင်သက်တမ်း ကုန်နေသည့် နိုင်ငံခြားသားပိုင်မြေဖြစ်၍ ပြန်လည်နေရာချထားခြင်း မရှိသောမြေကို စာကြည့်တိုက် မြေနေရာအဖြစ် ခွင့်ပြုပေးပါရန် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို စာကြည့်တိုက် ဖြစ်မြောက်ရေး ကော်မတီမှ ၁၀-၈-၂၀၁၃ ရက်နေ့က လျှောက်ထားပါကြောင်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စိစစ်၍ တိုင်းဒေသကြီးအစိုးရသို့တင်ပြပြီး တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂၁/၂၀၁၃) ဆုံးဖြတ်ချက် ၄၁ အရ မြေနေရာချထားခွင့် ပြုကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ၄-၂-၂၀၁၄ ရက်နေ့တွင် စာအမှတ်၊ ၃/၅-၅၀ ဦး (၁) ဖြင့် အကြောင်းပြန်ကြားခဲ့ပါကြောင်း၊ သို့သော် မီးမလောင်မီ နေထိုင်သူက ကန့်ကွက်၍ တိုင်းဒေသကြီးအစိုးရမှ ခရိုင်အုပ်ချုပ်ရေးမှူးသို့ ပြန်လည်စိစစ်ရန် ပြန်ချပေးခဲ့ပါကြောင်း၊ ယခု စာကြည့်တိုက် ဆောက်လုပ်သည့် မြေပိုင်ရှင်သည် နိုင်ငံခြားသားချစ်တီးများဖြစ်၍ ၎င်းတို့ လက်လွှဲသူများမှာလည်း ဥပဒေအရတိကျသော စာရွက်စာတမ်း သက်သေများ မရှိခြင်းကြောင့် မြို့သူမြို့သား စာပေဝါသနာရှင်များနှင့် စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီက မိမိအား ဤကိစ္စကို ပြည်သူ့လွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာသို့ တင်ပြပေးရန် တောင်းဆိုသောကြောင့် ပြီးခဲ့သည့် လေးလက ပြည်ထဲရေးဝန်ကြီးဌာနသို့ စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း တင်ပြခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံကျော်စာရေးဆရာကြီး မောင်ထင်အား ဂုဏ်ပြုသည့် စာကြည့်တိုက်ကို မည်သို့ဆောင်ရွက် နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် နိုင်ငံအနှံ့ ရုံးစုစုပေါင်း ၄၃၄ ရုံးဖွင့်လှစ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုံးများမှာ ဌာနပိုင်စာကြည့်တိုက်များ ဖွင့်လှစ်ပေးသည့်အပြင် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ထူထောင်ဖွင့်လှစ် နိုင်ရေးကိုလည်း ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိရေးအတွက် ရပ်ကွက်/ကျေးရွာနေ ပြည်သူများ စာဖတ်သည့်အလေ့အထ ရရှိစေရေး၊ အလွယ်တကူ စာပေဖတ်ရှု လေ့လာနိုင်စေရေးအတွက် ရည်ရွယ်ပြီး ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဒေသခံပြည်သူများ၏ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ တည်ဆောက်လိုမှုကို အားပေးထောက်ပံ့ သည့်အနေဖြင့် ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာစာကြည့်တိုက် စုစုပေါင်း ၁၅၃၅ တိုက်အတွက် ငွေကျပ် ၁၇၃၅ သန်းကို ထောက်ပံ့ပေးခဲ့ကြောင်း၊ သို့သော် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ကျေးရွာစာကြည့်တိုက်များ တည်ဆောက်နိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ရန်ပုံငွေလျာထားတောင်းခံခြင်း မရှိခဲ့ကြောင်း၊ အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံစာကြည်‌့တိုက်များ ဖောင်ဒေးရှင်းအနေဖြင့် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ဖွံ့ဖြိုးရှင်သန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျေးရွာစာကြည့်တိုက် စုစုပေါင်း ၅၆၈ တိုက် ဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် ငွေကျပ် ၃၄၇.၁၉၂ သန်း ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးမှော်ဘီ ဆရာသိန်းတို့ ကဲ့သို့သော ထူးချွန်ထင်ရှားသည့် ပုဂ္ဂိုလ်များ၏ ဇာတိကျေးရွာများတွင် စာကြည်‌့တိုက်များ တည်ဆောက်ပေးခဲ့ခြင်းများ ရှိခဲ့ပါကြောင်း၊

ထို့အပြင် အခြားသော တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ဆောက်လုပ်ရေးအတွက် ဒေသဖွံ့ဖြိုးရေး လွှတ်တော်ရန်ပုံငွေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်လည်းကောင်း ဆောက်လုပ်ခြင်းများ ရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ စာရေးဆရာကြီး မောင်ထင်စာကြည့်တိုက်ကို ဆောက်လုပ်မည်ဆိုပါက ဒေသဖွံ့ဖြိုးရေး လွှတ်တော်ရန်ပုံငွေဖြင့် လည်းကောင်း၊ စေတနာရှင်ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းကဲ့သို့ NGO အဖွဲ့အစည်းများ၏ အကူအညီကိုရယူ၍ လည်းကောင်း ဆောင်ရွက်သင့်ပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်ထောင်စုအဆင့်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။