မင်းဘူး-စလင်း ကားလမ်းပေါ်ရှိ (ဝ/၀) မိုင်မှ ၂၉ မိုင်သည် ကောင်းမွန်ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းပိုင်းဖြစ်ပါကြောင်း၊ ၂၅-၁၁-၂၀၀၉ ရက်နေ့တွင် စတင်တာဝန်ယူ ဆောင်ရွက်ခဲ့သောလမ်းလည်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းကို စတင်ဆောင်ရွက်စဉ်ကပင် ပဋိညာဉ်စာချုပ် ချုပ်ဆိုပြီး ဖြစ်ပါကြောင်း၊ ပဋိညာဉ်စာချုပ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ (၁၅) ချက်၊ စံချိန်စံညွှန်းများ၊ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူ၏ တာဝန်ဝတ္တရားအချက်များ ၃၀ ချက်ပါဝင်ပြီး ဖြစ်ပါကြောင်း၊ သို့သော်လည်း အဆိုပါလမ်းပိုင်းတွင် အန္တရာယ်ကွေ့များစွာ ရှိနေပါကြောင်း၊ အရေးကြီးဆုံးကွေ့များမှာ စစ္စလီကွေ့၊ သက်သာပန်းတောင်းကွေ့၊ ကန်သာကြီးကွေ့၊ အုတ်ပုံကွေ့၊ လက်မဲကန်ကွေ့တို့ ဖြစ်ပါကြောင်း၊ ယာဉ်အသွားအလာ များပြားလာသည်နှင့်အမျှ ယာဉ်မတော် တဆမှုများ မကြာခဏပိုမို ဖြစ်ပေါ်လာပါကြောင်း၊
စစ္စလီကွေ့၊ သက်သာပန်းတောင်းကွေ့၊ ကန်သာကြီးကွေ့၊ အုတ်ပုံကွေ့၊ လက်မဲကန်ကွေ့တို့တွင် မကြာခဏဆိုင်ကယ် တိမ်းမှောက်မှုများ၊ ယာဉ်တိုက်မှုများဖြစ်ပေါ်ပြီး ကျိုးပဲ့ဒဏ်ရာများ၊ အသက် ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လေ့ရှိပါကြောင်း၊ ထိုကဲ့သို့ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရန် မင်းဘူး-စလင်းကားလမ်းမပေါ်ရှိ အန္တရာယ်ကွေ့များအား အန္တရာယ် ကင်းရှင်းစေရန်အတွက် ဖြောင့်တန်းစွာဖောက်လုပ်ပေးရန်နှင့် နှစ်လမ်းမောင်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူး-စလင်း- တညောင်-ဆိပ်ဖြူလမ်းသည် မိုင်တိုင် ၀ မှ မိုင်တိုင် (၆၉/၇) အထိ စုစုပေါင်း ၆၉ မိုင် ၇ ဖာလုံရှိပြီး ၎င်း ၆၉ မိုင်အနက် စုစုပေါင်း ၂၉ မိုင် လမ်းပိုင်းသည် ကောင်းမွန်ဆောက်လုပ်ရေး ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်သောလမ်းပိုင်း ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပိုင်း၏မိုင်တိုင် (၂၉/ဝ)မှ မိုင်တိုင် (၆၉/ဝ) အထိ စုစုပေါင်း ၄၀ မိုင် ၂ ဖာလုံသည် လမ်းဦးစီးမှ ဆောင်ရွက်သည့် အပိုင်းဖြစ်ပြီး ၆၉ မိုင် ၂ ဖာလုံမှ ၇ ဖာလုံအထိ စုစုပေါင်း ၅ ဖာလုံသည် နှင်းသဇင်ကုမ္ပဏီမှ B.O.T ဖြင့် ဆောင်ရွက်သော လမ်းပိုင်းဖြစ်ပါကြောင်း၊ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူ လမ်းပေါ်ရှိ အန္တရာယ်ကွေ့များဖြစ်သည့် ၄ မိုင် ၃ ဖာလုံ (စစ္စလီကွေ့) နေရာတွင် အကျယ် ၁၈ ပေလမ်းမှ အကျယ် ၂၄ ပေအထိ တိုးချဲ့၍လမ်းဖြောင့်စေရန် ဆောင်ရွက်ခြင်း လုပ်ငန်းအတွက် ကျောက်ခင်းခြင်း ဆောင်ရွက်နေပြီဖြစ်ပြီး ၁၇ မိုင် ၂ ဖာလုံမှ ၄ ဖာလုံအကြားတွင် သက်သာပန်းတောင်း ကွေ့နေရာ၌ လမ်းကွေ့ဖြောင့်ရန်အတွက် မြေသားတာပေါင် လုပ်ငန်းအတွက် မြေဖို့ခြင်း၊ လမ်းအကွေ့တွင် အမြင်ရှင်းစေရန် သစ်ပင်လေးပင်ကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ၁၉ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား ကန်သာကြီးကွေ့နေရာတွင် သစ်ပင်ငါးပင်ကို ခုတ်ထွင်ရှင်းလင်းခြင်း၊ မြေသား တာပေါင်ဖို့၍ လမ်းဖြောင့်ခြင်း၊ မိုင်တိုင် ၂၈ မိုင် ၇ ဖာလုံမှ မိုင်တိုင် ၂၉ မိုင် ၁ ဖာလုံအတွင်း လက်မဲကန်ကွေ့နေရာတွင် ကွေ့အမြင်ရှင်းလင်းရန်အတွက် သစ်ပင်များခုတ်ထွင် ဖယ်ရှားခြင်း၊ နယ်ခြားဆိုင်းဘုတ်များ နေရာရွှေ့ပြောင်းခြင်း လုပ်ငန်းများနှင့် မြေသားတာပေါင်ဖို့ခြင်း လုပ်ငန်းများကို လက်ရှိတွင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊
မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူး-စလင်းကားလမ်းပေါ်ရှိ အန္တရာယ်ကွေ့အားလုံးကို အကျယ် ၁၈ ပေမှ အကျယ် ၂၄ ပေအထိ လမ်းချဲ့ထွင်ခြင်း လုပ်ငန်းအားလုံးကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ၃၀-၉-၂၀၁၉ ရက်နေ့ အပြီးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
