မြန်မာနိုင်ငံတွင် ခေတ်မီအဆင့်မီ စာကြည့်တိုက်အမျိုးမျိုးထူထောင်ရန်အတွက် အဆင့်မီကျွမ်းကျင် သော အရည်အချင်းရှိ စာကြည့်တိုက်မှူးများနှင့်ဝန်ထမ်းများဖြစ်လာအောင် ဆောင်ရွက်ပေးရန်၊ ကျောင်းစာကြည့်တိုက် များတွင် ကျွမ်းကျင်အရည်အချင်းရှိ စာကြည့်တိုက်မှူးများ ခန့်ထားပေးရန်နှင့် ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများအတွက် ယခုထက်အကျိုးရှိအောင် ပြည်ထောင်စုအစိုးရ မှ စီမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
အသိပညာရရန်နှင့် ဦးနှောက်ဖွံ့ဖြိုးရေးအတွက် ပြည်သူတစ်ရပ်လုံး လက်လှမ်းမီရလောက်အောင် လွယ်ကူမှုရှိသည့် ပညာရှာမှီးရာအရပ်သည် စာကြည့်တိုက်ဖြစ်ပါကြောင်း၊ လွတ်လပ်စွာရှာမှီးနိုင်သည့် လူထု တက္ကသိုလ်လည်းဖြစ်ပါကြောင်း၊ အမျိုးသားစာကြည့်တိုက်၊ တက္ကသိုလ်စာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်၊ အထူးစာကြည့် တိုက်၊ နယ်လှည့်စာကြည့်တိုက်၊ ရည်ညွှန်းစာစာကြည့်တိုက်၊ အများပြည်သူစာကြည့်တိုက်နှင့် ကျေးလက်စာကြည့်တိုက်များဟူ၍ စာကြည့်တိုက်အမျိုးမျိုးလည်းရှိပြီး ဝန်ထမ်းအသီးသီး ထမ်းဆောင်ရ ပါကြောင်း၊ ဝန်ထမ်းထမ်းဆောင်နေသည့်အမျိုးအစားများသည် အရည်အသွေးပြည့်စာကြည့်တိုက်များ၊ စာကြည့်တိုက် လက်ထောက်၊ ကျွမ်းကျင်ဝန်ထမ်းနှင့် အကူဝန်ထမ်းများဖြစ်ပါကြောင်း၊
စာကြည့်တိုက် ထူထောင်ရန် ၅ ချက်စံနှုန်းရှိပါကြောင်း၊ ယင်းတို့မှာ Brain, Building, Book, Budget နှင့် Borrower ဖြစ်ပြီး စာကြည့်တိုက်မှူးသည် နေရာ၊ အလုပ်ရုံစီမံခန့်ခွဲသူအဖြစ် ရှိနေသည့် အတွက်ကြောင့် ယင်းသို့ စီမံခန့်ခွဲမှုပြည့်စုံမှ စာကြည့်တိုက်ကောင်းတစ်ခု ဖြစ်မည်ဖြစ်ပါကြောင်း၊ စာကြည့်တိုက်မှတစ်ဆင့် ကုလသမဂ္ဂ ၂၀၃၀ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို အောင်မြင်ရန် ဆောင်ရွက်နေသော မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာလှုပ်ရှား ဆောင်ရွက်နေကြသော လူတိုင်းအတွက် ဖွင့်လှစ်ထားသည့် လူထုအခြေပြုစာကြည့်တိုက်များ များစွာအပေါ် မူတည်နေပါကြောင်း၊
အတွေ့အကြုံအရ တက္ကသိုလ်များ၊ ကျောင်းများ၊ ပြည်သူ့စာကြည့်တိုက်များ၊ ကျေးလက်စာကြည့်တိုက် များတွင် စာကြည့်တိုက်မှူးများ မရှိပါကြောင်း၊ ထို့ကြောင့် စာကြည့်တိုက်ကော်မတီအနေနှင့် ဖွဲ့စည်းတာဝန်ခံ ဆောင်ရွက်နေရသည့်အတွက် စာကြည့်တိုက်မှူးများအနေဖြင့် အားနည်းမှုများရှိလာပြီး ကျောင်းသူကျောင်းသားများအနေဖြင့်လည်း စာကြည့်တိုက်၏ အစီအမံနှင့် ပတ်သက်၍ အားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊
မြန်မာနိုင်ငံတွင် ခေတ်မီအဆင့်မီ စာကြည့်တိုက်အမျိုးမျိုး ထူထောင်ရန်အတွက် အဆင့်မီ ကျွမ်းကျင်သော အရည်အချင်းရှိစာကြည့်တိုက်မှူးများနှင့် ဝန်ထမ်းများဖြစ်လာအောင် ဆောင်ရွက်ပေးရန်၊ ကျောင်းစာကြည့် တိုက်များတွင် ကျွမ်းကျင်အရည်အချင်းရှိ စာကြည့်တိုက်မှူးများ ခန့်ထားပေးရန်နှင့် ဆရာ/မများ၊ ကျောင်းသား/သူများအတွက် ယခုထက်အကျိုးရှိအောင် ပြည်ထောင်စုအစိုးရမှ စီမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၁၈-၁၉ ပညာသင်နှစ်တွင် အစိုးရကျောင်းအဖြစ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၄၇၀၀၅ ကျောင်းရှိပါကြောင်း၊ အဆိုပါကျောင်းများတွင် အထက်တန်းကျောင်း ၂၃၇၆ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၁၆၄၇ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၂၃၉၄ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ) ၂၂၆၉ ကျောင်း၊ အခြေခံပညာမူလတန်းလွန် ကျောင်း ၃၇၈၈ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၃၁၁၅ ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း (ခွဲ) ၆၂၃ ကျောင်း စုစုပေါင်း ၂၆၂၁၂ ကျောင်း များတွင် စာကြည့်တိုက်များရှိပါကြောင်း၊
စာကြည့်တိုက်မရှိသည့် ကျောင်းများအတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာကျောင်းများ အတွက် စာအုပ်စင်များ သို့မဟုတ် ဗီရိုများဖြည့်ဆည်းပြီး စာကြည့်တိုက်စာအုပ်များ ဖြည့်ဆည်းနိုင်ရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာကျောင်းများတွင် သင်ကြားရေး ဆရာ/မများထဲမှပဲ တစ်ဦးကို စာကြည့်တိုက်တာဝန်ခံအဖြစ်လည်းကောင်း၊ သင်ကြားရေး ဆရာ/မများနှင့် ကျောင်းကောင်စီအဖွဲ့မှ အသင်းခေါင်းဆောင်များကို အဖွဲ့ဝင်အဖြစ်လည်းကောင်း ထားရှိပြီး ကျောင်းစာကြည့်တိုက် အဖွဲ့များဖွဲ့စည်းထားရှိ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်းအဖွဲ့များသည် ကျောင်းသား/သူများ စာအုပ်စာပေလေ့လာဖတ်ရှုခြင်း၊ ငှားရမ်းဖတ်ရှုခြင်းများ အဆင်ပြေစေရန်အတွက် နေ့စဉ်အလှည့်ကျ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အခြေခံပညာ ကျောင်းများရှိ ကျောင်းစာကြည့်တိုက်များတွင် စာကြည့်တိုက်မှူးများ ခန့်ထားပေးရန် ခွဲဝေရာထူး သတ်မှတ်ထားချက်အနေဖြင့် အခြေခံပညာဦးစီးဌာနတွင် ယနေ့အထိမရှိသေးသော်လည်း အခြေခံပညာကျောင်းများတွင် လိုအပ်နေသော မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ/မများ ခန့်ခွင့်ရရှိမည်ဆိုပါက အခြေခံပညာဦးစီးဌာနအနေဖြင့် ရန်ကုန်တက္ကသိုလ်တွင် စာကြည့်တိုက်ဘွဲ့ အပ်နှင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ စာကြည့်တိုက်ဘွဲ့ရများမှ ၂၅၀ ဦးက လိုအပ်နေသည့် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာ သင်ကြားနေသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ခန့်ထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
ဆရာ/မများ၊ ကျောင်းသား/သူများအတွက် စာကြည့်တိုက်အသုံးပြုမှုနှင့် ပတ်သက်၍ ပိုမိုအကျိုးရှိ လာစေရန်နှင့် နည်းစနစ်မှန်ကန်စေရန်အတွက် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများကို အခြေခံပညာဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၊ မြန်မာနိုင်ငံစာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့ (MBAPE)၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဂျပန်နိုင်ငံအခြေစိုက် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့နှင့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊
စာကြည့်တိုက်အသစ် Pilot Project အနေဖြင့် အ.ထ.က (၂) အင်းစိန်၊ အ.လ.က (၉) အင်းစိန်၊ အ.ထ.က (၁) တောင်ကြီး၊ အ.ထ.က (၁) ဇေယျာသီရိ၊ အ.ထ.က (၅) နေပြည်တော်၊ အ.ထ.က (၆) နေပြည်တော်၊ အ.ထ.က (၂) ပျဉ်းမနား၊ အ.ထ.က (၁၆) မန္တလေး၊ အ.ထ.က (၁) သာစည်၊ အ.လ.က သိမ်ဇရပ်၊ အ.ထ.က မန်ကျည်းပင် (တပ်ကုန်း)၊ အ.ထ.က (၁၈) နေပြည်တော်၊ အ.လ.က (၂) တာမွေ စုစုပေါင်း ၁၅ ကျောင်းကို စာကြည့်တိုက် ဖွင့်လှစ်ခဲ့ပါကြောင်း၊
မြန်မာနိုင်ငံပန်းချီဆရာအသင်းက စာကြည့်တိုက်များတွင် ကလေးများစိတ်ပါဝင်စားရန် စီစဉ်ဆောင်ရွက် ပေးပါကြောင်း၊ အခြေခံပညာအဆင့်မြင့် ပညာဦးစီးဌာနအနေဖြင့် အဆင့်မီကျွမ်းကျင်သော အရည်အချင်းရှိသည့် စာကြည့်တိုက်မှူးများ၊ ဝန်ထမ်းများ ဖြစ်လာစေရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့် ပြည့်မီသော လက်ထောက်စာကြည့်တိုက် မှူးများအား စာကြည့်တိုကမှူးအဖြစ်သို့လည်းကောင်း၊ စာကြည့်တိုက်လက်ထောက် (၂) များအား လက်ထောက်စာကြည့်တိုက်မှူး အဖြစ်သို့လည်းကောင်း ရာထူးတိုးမြှင့်ခန့်ထား သင်တန်းပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ/မများနှင့် ကျောင်းသား/သူများအတွက် အကျိုးရှိအောင် စာကြည့်တိုက်များကို ယခင်ဖွင့်လှစ်သည့် အချိန်ထက် အချိန်တိုးမြှင့်စီစဉ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် စနေရော၊ တနင်္ဂနွေ အချိန်ပြည့် စာကြည့်တိုက်များနှင့် မန္တလေးတက္ကသိုလ်တွင် စနေနေ့အပါ ဖွင့်လှစ်စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
စာကြည့်တိုက်များတွင် စာအုပ်များ စုဆောင်းထားရှိနိုင်ရေးအတွက် ဘာသာရပ်ဌာနဆိုင်ရာများမှ ဝယ်ယူလိုသော စာအုပ်စာရင်းများကို ဝယ်ယူဖြည့်ဆည်းပေးလျက်ရှိပြီး ဘာသာရပ်အစုံ ဂျာနယ်များ ပါဝင်သော e-database ရှိ Elton Bryson Stephens Company Best Wishes (EBSCO) Discovery Service Online Resources များတွင် ပညာရပ်စုံ E-Books များ၊ ပညာရပ်ဆိုင်ရာ ဂျာနယ်များ ဝယ်ယူဖြည့်ဆည်း၍ မိမိဌာန၊ မိမိအိမ်များမှ ၂၄ နာရီအသုံးပြုနိုင်ရန် User Name, Password များဖြင့် စီစဉ်ဆောင်ရွက်ပေးထား လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများ တိုးတက်ရန် စာကြည့်တိုက်နှင့် သုတပညာဘာသာရပ်ကို ရိုးရိုးတန်း၊ မဟာဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါကြောင်း၊ စာကြည့်တိုက်ဝန်ထမ်းများ စာကြည့်တိုက်လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိစေရန် စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည့်အပြင် စာကြည့်တိုက်များတွင် လက်တွေ့သင်တန်းဆင်းခြင်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားပါသည်။
ဒေါက်တာဒေါ်ခင်စည်သူ (လွိုင်ကော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဖြေကြားချက်တွင် ဒေသဆိုင်ရာနှင့်ပြင်ပ အဖွဲ့အစည်းဖောင်ဒေးရှင်းက ပူးပေါင်း ဆောင်ရွက်နေသည်ဟု ပါရှိပါကြောင်း၊ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းသည် မည်သည့် အတိုင်းအတာနှင့် စီမံကိန်းဆွဲထားသည်။ Expanded Time Duration များကို သိရှိလိုပါကြောင်း၊ ကျောင်းသား/သူများ၊ ဆရာ/မများအတွက် အစီအမံတချို့ ပါဝင်ဖြေကြားခဲ့သည့်ကိုလည်း တွေ့ရှိရသည့်အတွက် ယင်းအစီအမံတွင် ကျောင်းသား/သူများအနေဖြင့် အရင်အဆက်ဆက်က စာကြည့်တိုက်အပေါ် စိတ်ဝင်စားမှုအားနည်းနေသည့်အပေါ် စိတ်ဝင်စားလာစေရန် မည်သို့ စီမံပေးမည်၊ မည်သည့်ပုံစံဖြင့် စီမံပေးမည်၊ Attended များ၊ Out Less များ Over view၊ Review ကို မည်သို့ စီမံဆောင်ရွက်မည်၊ ယင်းသို့ ရလာဒ်များကို စကားဝိုင်းအနေဖြင့်ဖြစ်စေ ယင်းတို့၏ အရည်အချင်း၊ အရည်အသွေးများကို မည်သို့ Manage လုပ်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၊ MBAPE၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ကျန်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး Pilot Project အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော် လေးနေရာတွင် ကျောင်း ၄၀ ကို စာကြည့်တိုက်အခန်းများဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၁၀၀တွင် ဆက်လက်တိုးချဲ့နိုင်ရန် ရည်မှန်း ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများတွင် ကလေးများ စိတ်ဝင်စားရန်အတွင် မြန်မာနိုင်ငံပန်းချီအသင်းက မေတ္တာဖြင့်အခမဲ့ကူညီခြင်း ဖြစ်ခြင်းကြောင့် ကျောင်းပေါင်း ၁၀၀ လုံးတွင် စီစဉ်ဆောင်ရွက်ပေးနိုင်သည် ယင်းတို့အပေါ်တွင် မူတည်ပါကြောင်း၊
စာကြည့်တိုက်အခန်းကို စာကြည့်တိုက်စင်များ၊ လိုအပ်သည့်စာရွက်၊ စာအုပ်၊ စာတမ်းများ ဖြည့်ဆည်းခြင်းကို ကျောင်းပေါင်း ၁၀၀ အထိ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းစာကြည့်တိုက်များကို အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များပါ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ကျောင်းသား/သူများ စာကြည့်တိုက် အသုံးပြုပြီး စာများများဖတ်ရန်သည် အထူးသဖြင့် အခြေခံပညာကျောင်းမှာကတည်းက ကလေးများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပါရှိလာအောင် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ကလေးများအနေဖြင့် စာကြည့်တိုက်ကို များများအသုံးပြုပြီး စာများများဖတ်ရန် မိဘဆရာအသင်းများ၊ အထူးသဖြင့် ဆရာ/မများနှင့် မိဘအုပ်ထိန်းသူများ၊ ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် အင်မတန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် မိဘအုပ်ထိန်းသူ၊ ပြည်သူများ၊ ကျောင်းသားဟောင်းများ၊ အလှူရှင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများဖြင့် စကားဝိုင်းဆွေးနွေးပွဲများကို ကျောင်းတိုင်းတွင် ဆောင်ရွက်ပြီး စာများများဖတ်သည့် အလေ့အကျင့်များရရှိအောင် စီစဉ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာများများဖတ်ပြီး များများသင်ယူရန် အားပေးပါကြောင်းနှင့် တစ်သက်တာလုံး သင်ယူမှုအလေ့အကျင့်ကောင်းများ ရရှိရန်သည် အင်မတန်အရေးကြီးသည့်အတွက် ယခုလုပ်ငန်းသည် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်းနှင့် အားလုံးညီညီညွတ်ညွတ်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပါက အချိန်တိုအတွင်း အောင်မြင်မည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
