ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် သကေတမြို့နယ်တို့ကို ဆက်သွယ်ထားသော ငမိုးရိပ်ချောင်း ဖြတ်ကူးတံတား ကမာကြည်ဝဲယာတွင်ကပ်လျက် ကျောက်သဲဒိုင်ကြီးများ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး ကျောက်နှင့်သဲများ တင်ဆောင်သည့် သင်္ဘောများ အဝင်/အထွက်၊ အတင်/အချကို နေ့ညအဆက်မပြတ် ပြုလုပ်နေခြင်းကြောင့် ငမိုးရိပ်ချောင်း ရေကြောင်းပြောင်းလဲခြင်း၊ ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ အထူးသဖြင့် ကမာကြည်တံတား အောက်ခြေကြံ့ခိုင်မှုကို စိန်ခေါ်လျက် ရှိသည့်အပြင် ကျောက်သဲဒိုင်လုပ်ငန်းများ ဆောင်ရွက်ခွင့်ရသူများသည် ငမိုးရိပ်ချောင်းတံတား တာဘောင်ကြီးများကို ပိုင်းဖြတ်မြေညှိဆောင်ရွက်ခြင်း၊ ဒီရေအဝင်/အထွက် စီးဆင်းနိုင်ရန် ပြုလုပ်ထားသော ရေမြောင်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်း၊ ကားလမ်းပိတ်ဆို့ခြင်းများကိုလည်း ပြုလုပ်လာကြပါကြောင်း၊
ယခုကျောက်၊ သဲဒိုင်များ တည်ရှိသည့်ရပ်ကွက်သည် နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားအရာရှိကြီးများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ အငြိမ်းစားညွှန်/ချုပ်ကြီးများနှင့် စီးပွားရေးပညာရှင်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များကို နေရာချပေးထားသည့် ရပ်ကွက်ဖြစ်ပါကြောင်း၊ ကျောက်တင်သယ်ချ အလုပ်သမား (၁၀၀) ကျော်ခန့်သည် နေ့စဉ်အတင်အချ ပြုလုပ်နေသည့်အတွက် အော်ဟစ်ဆူညံသံများမှာ ပတ်ဝန်းကျင် ရပ်ကွက်ပြည်သူများကို စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ ကျောက်သဲဒိုင်အတွင်း ဖွင့်လှစ် ရောင်းချနေသော အရက်ဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကြောင့် ပြဿနာများ ပိုမိုဖြစ်ပေါ်လျက်ရှိခြင်း၊ မြို့နယ်ပေါင်းစုံမှ လာရောက်လုပ်ကိုင်နေကြသည့်အတွက် ရပ်ကွက်အတွင်း လုံခြုံရေးစိစစ် ထိန်းချုပ်ရန် ခက်ခဲခြင်းစသည့် ဆိုးကျိုးများကို ရပ်ကွက်ပြည်သူများ ခံစားနေရပါကြောင်း၊
တံတား၏ ဘေးတန်းကပ်လျက်ရှိသည့် ကျောက်၊ သဲဒိုင် ဘေးနားတွင်လည်း လူနေရန်အတွက် အဆောက်အဦများ၊ အရက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များပါ အခိုင်အမာ ဆောက်လုပ်ထားပါကြောင်း၊ သင်္ဃန်းကျွန်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) ကို ဖြတ်ကူး တည်ဆောက်ထားသော တံတားအသစ်ကို မဖွင့်ရသေးသော်လည်း ကျောက်၊ သဲဒိုင်များက နေရာယူထားကြပါကြောင်း၊ ငမိုးရိပ်ချောင်း၏ ဘယ်ဘက်အခြမ်းသည် သင်္ဃန်းကျွန်းမြို့နယ်ဖြစ်ပြီး ညာဘက်အခြမ်းတွင် သာကေတမြို့နယ် ဖြစ်ပါကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၏ တံတားနှင့် ပေ ၁၅၀ ပတ်ဝန်းကျင်တွင် ကျောက်၊ သဲဒိုင်ကြီး လေးဒိုင်ရှိပြီး သင်္ဘောကြီးများ နေ့ညအဆက်မပြတ် သွားလာနေကြသောကြောင့် တံတားကြီးအတွက် အန္တရာယ်ရှိပါကြောင်း၊ ရပ်ကွက်ပြည်သူများသည် ကျောက်၊ သဲဒိုင်များကို မလိုလားသည့်အတွက် ဆန္ဒပြုလက်မှတ်များဖြင့် မိမိထံသို့ တိုင်တန်းထားမှုများ ရှိပါကြောင်း၊ ထို့ကြောင့် ငမိုးရိပ်ချောင်းဖြတ်ကူးတံတား ကမာကြည် ဝဲ/ယာတွင်ရှိသည့် ကျောက်၊ သဲဒိုင်ကြီးများကို အပြီးတိုင်ပိတ်သိမ်းခြင်း သို့မဟုတ် နေရာရွှေ့ပြောင်းခြင်း ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်မြို့နယ်နိမိတ်အတွင်း မြစ်၊ ချောင်းကမ်းများတွင် အုတ်၊ သဲ၊ ကျောက်အစရှိသည့် ပစ္စည်းများ စုပုံခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၆-၃-၁၉၉၇ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်အမှတ် (၁/၉၇) အရ ယာယီစုပုံခွင့်ကို ကော်မတီကသာ ခွင့်ပြုခဲ့ပါကြောင်း၊ စုပုံမည့် ပုဂ္ဂိုလ်က မြေနေရာကို ငှားရမ်းသည်ဖြစ်စေ၊ မိမိပိုင်မြေဖြစ်စေ စုပုံရန်မြေနေရာလိုအပ်မည် ဖြစ်သောကြောင့် မြေနေရာရရှိမှသာ ကော်မတီသို့ ယာယီစုပုံခွင့် လျှောက်ထားပြီး စုပုံခွင့်ရရှိပြီးမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လုပ်ငန်းလိုင်စင် လျှောက်ထားရခြင်း ဖြစ်ပါကြောင်း၊
၂၀၀၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေနှင့် ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးနည်းဥပဒေအရ ကမ်းပါးနယ်၊ ကမ်းနားနယ်အတွင်း သဲများ၊ ကျောက်များနှင့် အခြားလေးလံသည့် အရာဝတ္ထုများ စုပုံခြင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စိစစ်ခွင့်ပြုရမည်ဖြစ်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုထားသည့် ကမ်းနားနယ် စုပုံလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၆/၂၀၁၃) ၏ ဆုံးဖြတ်ချက်အရ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို လွှဲပြောင်းပေးခဲ့သည့်အတွက် ကော်မတီအနေဖြင့် စုပုံခွင့်ရရှိသည့် လုပ်ငန်းများကို လုပ်ငန်းလိုင်စင် ခွင့်ပြုပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊
သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်တံတား ဝဲ/ယာတွင် ကမ်းနားနယ် စုပုံလုပ်ငန်းလေးခုရှိသည့်အနက် တံတားနယ်အတွင်း ကျရောက်သည့် စုပုံလုပ်ငန်းများဖြစ်သော ဦးမြင့်အောင်နှင့် ဦးညီညီဇော်အေးတို့အား သက်ဆိုင်ရာ တံတားစီမံခန့်ခွဲသည့် ဌာန၏ မြေအသုံးပြုခွင့်ကို တင်ပြနိုင်ခြင်းမရှိသည့်အတွက် ကမ်းနားနယ် စုပုံလုပ်ငန်း ခွင့်ပြုခဲ့ခြင်း မရှိပါကြောင်း၊ ကျန်လုပ်ငန်းရှင်နှစ်ဦးဖြစ်သည့် ဦးသောင်းနှင့် ဒေါ်ဥမ္မာလှိုင်တို့ကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တို့တွင် ကမ်းနားနယ်စုပုံ ခွင့်ပြုခဲ့သော်လည်း ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကမ်းနားနယ်စုပုံခွင့်ကို သက်တမ်းတိုး ပေးခဲ့ခြင်းမရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၁၉-၁-၂၀၁၇ ရက်နေ့တွင် ကမာကြည်တံတား ရှိသည့် မြစ်၊ သဲကျောက်စုပုံလုပ်ငန်းများကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ခွင့်ပြုခြင်းမပြုရန် လမ်းညွှန်ချက်အရ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ကမာကြည်တံတားရှိ စုပုံလုပ်ငန်းများကို ဖယ်ရှားရန် အကြောင်းကြားခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် ဦးသောင်း၊ ဦးမြင့်အောင်နှင့် ဦးညီညီဇော်အေးတို့ကို ၁၈-၈-၂၀၁၇ ရက်နေ့တွင် သုဝဏ္ဏရဲစခန်း၌ အမှုဖွင့်အရေးယူ ခဲ့ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၂ ကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် ပုဒ်မ ၂၇ အရ ဒဏ်ငွေ ၅ သိန်းပေးဆောင်စေရန်နှင့် ပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ် ၃ လတိတိ ကျခံစေရန် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ၁၀-၁၀-၂၀၁၈ ရက်နေ့တွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တရားရုံးက ပြစ်ဒဏ်မချမီ တရားစွဲဆိုခံရသူများ၏ တင်ပြချက်အရ ၅-၁၀-၂၀၁၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးရာ စုပုံထားသည့် မြစ်သဲကျောက်များကို ဖယ်ရှားရှင်းလင်းပြီးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကမာကြည်တံတားရှိ အုတ်၊ သဲ၊ ကျောက်စုပုံလုပ်ငန်းများ ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ခွင့်မပြုတော့သဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အရေးယူခဲ့သည့်နည်းတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကလည်း အရေးယူခဲ့ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၈ ကိုဖောက်ဖျက်ကျူးလွန်ပြီး လိုင်စင်မဲ့လုပ်ငန်း ဆောင်ရွက်ခြင်းအတွက် ယင်းဥပဒေ၏ ပုဒ်မ ၆၉ ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၇ ခုနှစ်၊ ဧပြီလမှစတင်၍ ဦးသောင်းကိုသုံးကြိမ်၊ ဦးမြင့်အောင်ကိုလေးကြိမ်၊ ဦးညီညီဇော်အေးကို သုံးကြိမ်နှင့် ဒေါ်ဥမ္မာလှိုင်ကို တစ်ကြိမ် အသီးသီးအရေးယူ ခဲ့ပါကြောင်း၊ အဆိုပါ လေးဦးအနက် ဒေါ်ဥမ္မာလှိုင်က ၈-၁၁-၂၀၁၇ ရက်နေ့တွင်လည်းကောင်း၊ ဦးညီညီဇော်က ၂၄-၈-၂၀၁၈ ရက်နေ့တွင်လည်းကောင်း အသီးသီး လုပ်ငန်းပိတ်သိမ်းခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငမိုးရိပ်ချောင်း မြစ်ကူးတံတား၊ ကမာကြည်တံတား ဝဲယာအနီးရှိ တရားမဝင်စုပုံထားသည့် သဲ၊ ကျောက်များကို လုပ်ငန်းရှင်များမှ လုပ်ငန်းပိတ်သိမ်း ဖယ်ရှားပြီးဖြစ်ပါသဖြင့် ထပ်မံစုပုံခြင်းမပြုစေရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
