တောင်သူလယ်သမားများစိုက်ပျိုးသည့် ကောက်ပဲသီးနှံများ ထိုက်တန်သည့် ဈေးနှုန်းရရှိ၍ အကျိုးအမြတ်များ ခံစားနိုင်ရေးအတွက် စိုက်ပျိုးရာသီမတိုင်မီ နိုင်ငံခြားတင်ပို့ရန် ဈေးကွက်ရှိသည့် ကောက်ပဲသီးနှံများ စာရင်းကို ထုတ်ပြန်ကြေညာပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုးမည် ဖြစ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မည်မျှလာလာ၊ စက်ရုံ၊ အလုပ်ရုံများ မည်မျှတည်ဆောက်သော်လည်း တောသူတောင်သား၊ လယ်သမားများ ဆင်းရဲနွမ်းပါးနေသမျှ မြို့ပေါ်က ဈေးဆိုင်များလည်း ထိုင်နေမှိုင်နေရပါကြောင်း၊ တောဆူမှမြို့ဆူ၊ မြို့ဆူမှပြည်ဝဆိုသည့် စကားအတိုင်း ကျေးလက်တောင်သူများ သီးနှံများရ၊ ဈေးကောင်းများရ၊ ငွေစများရွှင်ပြီး ဆူဖြိုးကြမှ မြို့ကဈေးဆိုင်များလည်း ရောင်းကောင်း၊ ဝယ်ကောင်းဆူဖြိုးကြပြီး တိုင်းပြည်လည်း သာယာဝပြော လာမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ တက်လာပြီးနောက်ပိုင်း တောသူတောင်သား၊ လယ်သမားများ အပြောအများဆုံးက သီးနှံဈေးများကျဆင်းပြီး တောင်သူများ အရှုံးပေါ်နေသည့် ကိစ္စဖြစ်ပါကြောင်း၊ တောင်သူသီးနှံ တစ်နှစ်ပြီးလျှင် သုံးနှစ်လိုက်၍ မမီပါကြာင်း၊ တောင်သူများသည် ရာသီဥတုက ဖျက်၊ ပိုးမွှားကဖျက်၊ သဘာဝဘေးအန္တရာယ်ကဖျက် စသည့်ဒဏ်ချက်များကြားက ရှိစုမဲ့စုထွက်လာသည့် သီးနှံလေးပေါ်ချိန်တွင် Export မရှိခြင်း၊ ဈေးကွက်မရှိခြင်း၊ သီးနှံဈေးများကျနေခြင်း၊ ဖွတ်ချော၊ လက်ချောဈေး၊ ရရာဈေးဖြင့်ရောင်းကြပြီး အကြွေးကြေအောင် မဆပ်နိုင်သည့် ဘဝကိုရောက်ကြ ရပါကြောင်း၊ ခေတ်အဆက်ဆက် နင်းပြားဘဝကမတက်၊ ဆင်းရဲတွင်းထဲက မထွက်နိုင်သည့် တောင်သူများ၏ ဘဝကို မိမိတို့အစိုးရလက်ထက်တွင် အကောင်းဆုံး မြှင့်တင်ကြရမည် ဖြစ်ပါကြောင်း၊ သိမ်းဆည်းခံလယ်ယာမြေများ ပြန်အပ်ရန်၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ် စောင့်ရှောက်ရန်၊ သီးနှံအာမခံ စနစ်ဖော်ဆောင်ရန်၊ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ရန်၊ Two Step Loan နှစ်ရှည်ချေးငွေများနှင့် လယ်ယာသုံးစက်ကိရိယာများ ဝယ်နိုင်ရန်၊ လယ်ယာမြေများ အဆင့်မြှင့်တင်ရန်၊ ဥရောပ၊ အမေရိကစသည့် ဈေးကွက်အသစ်များ ရှာဖွေရန်၊ စိုက်ပျိုးရေး အသိပညာများ၊ နည်းပညာများ ဖြန့်ဖြူးရန်၊ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် သီးနှံများ ထောက်ပံ့ရန် အစရှိသဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ တောင်သူများဘက်မှလည်း Fruit Safety ဖြစ်ရန်၊ ဓာတုဓာတ်ကြွင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးဓာတ်ကြွင်းများနည်းရန်၊ အရည်အသွေးမြင့် ဈေးကွက်ဝင် သီးနှံများထုတ်ရန်၊ Good Agriculture Practices နှင့်အညီ စိုက်ပျိုး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တောင်သူများသည် Export ရှိ/မရှိမသိ၊ ဈေးကွက်ရှိ/မရှိမသိ၊ ဈေးကောင်းရ/မရမသိဘဲ မြစ်ကမ်းလမ်းသွား စမ်းတဝါးဝါးနှင့် စွန့်စားလုပ်ကိုင် နေရသည့်အဖြစ်က လွတ်မြောက်ရန်အတွက် တိကျသေချာသော ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အချိန်မီရရှိရန် အရေးကြီးသည့်အတွက်ကြောင့် မိမိအနေဖြင့် တောင်သူလယ်သမားများ၏ ထုတ်ကုန်သီးနှံများ ထိုက်တန်သည့် ဈေးနှုန်းရရှိပြီး အကျိုးအမြတ်များ ခံစားနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံစက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများ အသင်းစသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စိုက်ပျိုးရာသီ မတိုင်မီ Export ရှိမည့်၊ ဈေးကွက်ရှိမည့်၊ ဈေးကောင်းရနိုင်မည့်၊ စိုက်ပျိုးသင့်သည့် သီးနှံများစာရင်းကို ထုတ်ပြန်ကြေညာပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တောင်သူလယ်သမားများ စိုက်ပျိုးသည့် ကောက်ပဲသီးနှံများ ထိုက်တန်သည့် ဈေးရရှိ၍ အကျိုးအမြတ်များ ခံစားရရှိနိုင်ရေးအတွက် ပြည်ပဈေးကွက်များကို ပိုမိုထိုးဖောက်ဝင်ရောက်နိုင်ရေးနှင့် လယ်ယာ ထွက်ကုန်များ အရည်အသွေးကောင်းမွန်ရေးကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် ခိုင်မာသောဈေးကွက် ရရှိရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာကို အကောင်အထည်ဖော်လျက်ရှိရာ လယ်ယာထွက်ကုန်၊ ဆန်၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်းတို့ကို ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိနိုင်ငံ၏ လယ်ယာထွက်ကုန်သီးနှံများ ဈေးကောင်းရရှိရေးနှင့် ဈေးကွက်ပိုမိုရရှိရေးအတွက် ကုန်ပစ္စည်းဝယ်ယူသည့် နိုင်ငံများ၏သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနိုင်ရေးကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပြည်ပတင်ပို့သူများမှ အထူးအလေးအနက်ထား စီမံဆောင်ရွက် ကြမှသာ မိမိတို့၏ လယ်ယာထွက်ကုန်သီးနှံများ ပြည်ပဈေးကွက်တွင် ခိုင်မာသော ဈေးကွက်ရရှိမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သည့် ပို့ကုန်ပစ္စည်းများ၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသော သွင်းကုန်ပစ္စည်းများကို စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေး စီမံချက်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ရေးဆွဲလျက်ရှိပါကြောင်း၊
စိုက်ပျိုးထုတ်လုပ်ရာမှ ထွက်ရှိလာသော ကောက်ပဲသီးနှံများအား နိုင်ငံတကာဈေးကွက် ရရှိနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြည်ပခရီးများတွင်လည်းကောင်း၊ ကုန်သွယ်ဖက် နိုင်ငံများ၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်တွင်လည်းကောင်း၊ နှစ်နိုင်ငံကုန်သွယ်မှု အစည်းအဝေးများတွင်လည်းကောင်း ညှိနှိုင်းဆွေးနွေးလျက် ရှိသည့်အပြင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လယ်ယာထွက်ကုန် အသင်းအဖွဲ့များဖြစ်သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် အသင်းတို့နှင့် စဉ်ဆက်မပြတ်တွေ့ဆုံ၍ လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းခြင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးလုပ်ငန်း အဖွဲ့မှလည်းကောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အားပေးမြှင့်တင်ရေး ကော်မတီမှလည်းကောင်း၊ လုပ်ငန်းရှင်များက တင်ပြလာသည့် အခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ပေးလျက်ရှိပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုသတင်းအချက်များကို ပုံနှိပ်စာနယ်ဇင်းများမှ လည်းကောင်း၊ အင်တာနက်စာမျက်နှာ များမှလည်းကောင်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက် ပေးလျက်ရှိရာ စီးပွားကူးသန်းဂျာနယ်အား အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး ကုန်သွယ်မှုဆိုင်ရာ သတင်း အချက်အလက်များကို မြန်မာနိုင်ငံတစ်ဝန်း နယ်စပ်ဒေသပါမကျန် ဖြန့်ဝေလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှဆောင်ရွက် ထားသည့် အင်တာနက်စာမျက်နှာ Website လေးခုဖြစ်သည့် Commerce Website၊ Commerce Journal Website၊ Myanmartradenet Website၊ Trade Promotion Website နှင့် Web Portal တစ်ခုဖြစ်သည့် National Trade Portal တို့တွင် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း/ပကုန်စည် ဈေးနှုန်းများ၊ အွန်လိုင်းမှ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာ မေးမြန်းဖြေကြားသည့် ကဏ္ဍများ ပြည့်စုံအောင်ထည့်သွင်းထားပြီး အချိန်နှင့်တစ်ပြေးညီ သတင်းတင်ပြ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေး ဦးစီးဌာနရှိ မျိုးသန့်ခြံများ၊ အကျိုးဆောင်တောင်သူများ၊ တောင်သူအစုအဖွဲ့အလိုက် မျိုးစေ့ထုတ် အသင်းများ၊ ပုဂ္ဂလိကကုမ္ပဏီများမှ မျိုးကောင်း/မျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်လည်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိတဲ့အပြင် ဒေသရေမြေနှင့်ကိုက်ညီတဲ့ စိုက်ပျိုးနည်းစနစ် များ၊ သီးနှံပုံစံများအား တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးကောင်းပြီး တန်ဖိုးမြှင့်စိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်နိုင်မှုတွင် အရေးပါသည့် ရိတ်သိမ်းပြီးနောက် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရေးနှင့် သီးနှံများ၏ အရည်အသွေး ထိန်းသိမ်းပြီး ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်ရန်အတွက် ရိတ်သိမ်းချိန်လွန် နည်းပညာ သင်တန်းများကိုလည်း ၂၀၁၄ ခုနှစ်မှစပြီး နှစ်စဉ်ဖွင့်လှစ် ပို့ချပေးလျက်ရှိပါကြောင်း၊
ထို့အပြင် သီးနှံများ၏ အရည်အသွေးကောင်းမွန်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပြည်ပသို့တင်ပို့ရန် အလားအလာရှိသည့် သီးနှံများဖြစ်သည့် ကျွဲကော၊ ဖရဲ၊ သခွားမွှေး၊ ခရမ်းချဉ်၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ စပါး၊ ပဲ၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ သရက်၊ ကော်ဖီနှင့် ထောပတ်သီးနှံ ၁၅ မျိုးကို GAP စနစ် အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် GAP Guideline ကို ထုတ်ပြန်အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် စပ်လျဉ်းပြီး တောင်သူလယ်သမားများ၊ ရောင်းဝယ်ဖောက်ကားသူများ၊ စားသုံးသူများသိရှိအောင် သင်တန်းများ ပေးခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သီးနှံအလိုက် တောင်သူပညာပေး တစ်ကွင်းတစ်စပ်တည်း စံနမူနာပြစိုက်ကွင်းများ ထူထောင်ပြသခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုမှသည် ဝယ်ယူကြိတ်ခွဲသိုလှောင်မှု ဈေးကွက်အထိ အရည်အသွေးကောင်းသည့် စိုက်ပျိုးရေးထုတ်ကုန်၊ ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် နိုင်ငံတကာဈေးကွက် ယှဉ်ပြိုင်ထိုးဖောက်နိုင်ရန်နှင့် ပုဂ္ဂလိကပိုင်းကိုလည်း နည်းပညာနှင့်ခေတ်မီ စက်ကိရိယာအသုံးပြု ထုတ်လုပ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးမှုများကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တန်ဖိုးမြှင့်ကွင်းဆက် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မိမိတို့ပြည်တွင်း အရင်းအမြစ်များနှင့် တည်ဆောက်နေပြီး နိုင်ငံတကာအကူအညီ အထောက်အပံ့နှင့် ချေးငွေ စီမံကိန်းများကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့်ငွေကြေး အကူအညီရယူ၍ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများ စိုက်ပျိုးသည့် ကောက်ပဲသီးနှံများ ထိုက်တန်သော ဈေးနှုန်းရရှိ၍ အကျိုးအမြတ်ခံစားနိုင်ရေး၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ပဈေးကွက် အခိုင်အမာ ရရှိရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်း/ပကုန်စည် ပြပွဲတွင်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင်လည်းကောင်း ထည့်သွင်း ဆွေးနွေးလျက်ရှိပြီး ပို့ကုန်မဟာဗျူဟာ စီမံကိန်းအရ ဈေးကွက်အခိုင်အမာ ရရှိစေရေးအတွက် အစဉ်တစိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့်လည်း တောင်သူ လယ်သမားများ၏ စိုက်ပျိုးရေး လုပ်ငန်းခွင်မှ ဈေးကောင်းရသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအပေါ် အထောက်အပံ့ ဖြစ်စေမည့် လယ်ယာကဏ္ဍဆိုင်ရာ ဈေးကွက်သတင်းများ၊ ပညာပေးအစီအစဉ်များ ကဏ္ဍစုံပါဝင်သော တောင်သူလယ်သမား ရုပ်သံ (Farmer Channel) အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့် ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
တစ်ဆက်တစ်စပ် မေးခွန်းအနေဖြင့် မေးမြန်းခွင့်ပြုစေလိုပါကြောင်း၊ မိမိတို့နိုင်ငံအဝန်းတွင် သီးနှံအာမခံစနစ် ဖော်ဆောင်မှုနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနဖြင့် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကိုလည်း သိရှိလိုသည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး
သီးနှံအာမခံ၊ ကျွဲ/နွားအာမခံနှင့် ပတ်သက်သည့်အခါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ စတင်စမ်းသပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သီးနှံအာမခံနှင့် ကျွဲ/နွားအာမခံများကို မကြာမီ တောင်သူလယ်သမားများကို ထုတ်ပြန်ပြီး ချပြနိုင်မည့် အနေအထားမျိုး ရှိပါကြောင်း၊ မကြာမီကာလအတွင်း ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်ကိုလည်း သိရှိရပါကြောင်း ပြန်လည်းရှင်းလင်း ဖြေကြားပါသည်။
