လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်က တင်ပြခဲ့သော အစီရင်ခံစာအရ ပြန်လည်စွန့်လွှတ်ခဲ့သော မြေစုစုပေါင်းသည် တစ်နိုင်ငံလုံးတွင် အရပ်ဘက်၌ ၁၄၁၁၅၄.၆၀၂ ဧကရှိကြောင်း ၁၉-၁၂-၂၀၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၌ မိမိတို့ ဖတ်ရှုခဲ့ရပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနက စွန့်လွှတ်သော မြေ စုစုပေါင်းသည် တစ်နိုင်ငံလုံးတွင် ၂၁၉၀၆၂.၇၃၈ ဧကဖြစ်ပြီး လွှဲပြောင်းပြီးဧက ၁၅၈၀၇၅.၆၆ ဧက ရှိကြောင်း ၂၂-၈-၂၀၁၄ ရက်နေ့ထုတ် နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်ကို ဖတ်ရှုရသည့်အတွက် မြေသိမ်းဆည်းခံရမှုကြောင့် နစ်နာမှုညွှန်ကြားချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရ၏ ဖြေရှင်းဆောင်ရွက်မှုများအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှုများ ပိုမိုမြင့်မားလာသည့်အတွက် သတင်းစာဖော်ပြချက်များနှင့် ပတ်သက်ပြီး မိမိအနေဖြင့် ထောက်ခံကြိုဆိုအပ်ပါကြောင်း။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် နစ်နာမှုတင်ပြစာ တစ်စောင်ချင်းအပေါ် ပုံမှန်အားဖြင့် ဗဟိုမြေစီအဖွဲ့မှတစ်ဆင့် နိုင်ငံတော်အစိုးရက တစ်လ တစ်ကြိမ်ပြန်ကြားပေးနေခြင်းများ ရှိသော်လည်း ၂၄-၆-၂၀၀၄ ရက်နေ့အထိ ဖြေရှင်းဆောင်ရွက်ပြုစုမှုများကို တင်ပြပြီးနောက် ယနေ့အထိ ဖြေရှင်းဆောင်ရွက်ပြီးစီးမှုများကို မိမိတို့ မသိရှိရပါကြောင်း၊ ထို့ကြောင့် ၂၄-၆-၂၀၁၄ ရက်နေ့အထိ ဖြေရှင်းဆောင်ရွက်ပြီးစီးမှုများ နိုင်ငံတော်အစိုးရက ပေးပို့ခဲ့သည့်အတွက် မိမိအနေဖြင့် နစ်နာကြောင်း တင်ပြသော ကာယကံရှင်များကို ပြန်ကြားပေးနိုင်ခြင်းဖြစ်သည့်အတွက် ထင်သာမြင်သာရှိခဲ့ပါကြောင်း၊ ၂၄-၆-၂၀၁၄ ရက်နောက်ပိုင်းတွင် ဆက်လက်ပေးပို့ခြင်းမရှိသည့်အတွက် မိမိတို့ကော်မရှင်အနေဖြင့် တိုင်ကြားသူများကို ပြန်ကြားနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်မှုအမျိုးမျိုး ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် (၁) လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့်နစ်နာမှု တင်ပြစာ ၁ စောင်ချင်းအပေါ် ၂၄-၆-၂၀၁၄ ရက်နေ့နောက်ပိုင်းမှ ယနေ့အထိ ဖြေရှင်းဆောင်ရွက်မှုအခြေအနေကို ပြည်ထောင်စုအစိုးရမှ တစ်ဆင့် ကော်မရှင်သို့ ယခင်ပေးပို့သည့်အတိုင်း ဆက်လက်ပေးပို့ရန် အစီအစဉ်ရှိ/မရှိ၊ (၂) လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် နစ်နာမှုတင်ပြစာ တစ်စောင်ချင်းအပေါ် ဖြေရှင်းဆောင်ရွက်မှုများကို ဆက်လက်ပေးပို့နိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ သိမ်းဆည်းခံမြေများကို ဖြေရှင်းရန်အတွက် ပြည်ထောင်စုလွှတ်တော်က တစ်ဆင့် ပြည်ထောင်စုအစိုရအဖွဲ့ကို ပေးပို့ခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့က မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီကို စိစစ်ဆောင်ရွက်ပေးရန် လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီအနေဖြင့် အဆိုပါမြေကိစ္စများကို ဖြေရှင်းဆောင်ရွက်ရာတွင် ရှင်းလင်းလွယ်ကူစေရန် ပြည်ထောင်စု လွှတ်တော်က ပေးပို့သည့် ရက်စွဲများအလိုက် အစီရင်ခံစာ အပိုင်းများကို သတ်မှတ်ပြီး စိစစ်ဖြေရှင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်မှ ၁၃-၉-၂၀၁၃ ရက်နေ့ ရက်စွဲဖြင့် ပေးပို့လာသော အမှုတွဲအရေအတွက် ၅၆၅ မှုကို အစီရင်ခံစာအပိုင်း ၁ အဖြစ် ပေးပို့ပြီး အမှုတွဲအရေအတွက် ၆၃ မှုကို အစီရင်စာအပိုင်း ၂၊ အမှုတွဲအရေအတွက် ၁၁၇ မှုကို အစီရင်ခံစာအပိုင်း ၃ အဖြစ် အတည်ပြု သတ်မှတ်ပြီး စိစစ်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အတူ ပြည်ထောင်စုလွှတ်တော်မှ ၁၃-၁၁-၂၀၁၃ ရက်နေ့က ပေးပို့လာသော အမှုတွဲအရေအတွက် ၁၂၁ မှုကိုလည်း အစီရင်ခံစာအပိုင်း ၄၊ ၁၁-၁၁-၂၀၁၃ မှ ၅-၁၂-၂၀၁၃ ရက်နေ့အတွင်းပေးပို့လာတဲ့ အမှုတွဲအရေအတွက် ၃၃၈၇ မှုကို အစီရင်ခံစာအပိုင်း ၅ ဖြင့်လည်းကောင်း၊ ၂၄-၃-၂၀၁၄ မှ ၃-၈-၂၀၁၄ ရက်နေ့ ပေးပို့လာသော အမှုတွဲအရေအတွက် ၂၃၃၃ မှုကို အစီရင်ခံစာအပိုင်း ၆ ဖြင့်လည်းကောင်း၊ ၂၉-၉-၂၀၁၄ ရက်စွဲဖြင့် ပေးပို့လာသော အမှုတွဲအရေအတွက် ၁၀၂၉ မှုကို အစီရင်ခံစာအပိုင်း ၇ ဖြင့်လည်းကောင်း အသီးသီးသတ်မှတ်ပြီး စိစစ်ဖြေရှင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်မှ ၂၇-၁၀-၂၀၁၄ မှ ၁၈-၁၂-၂၀၁၄ ရက်နေ့ အထိပေးပို့လာသော အမှုတွဲအရေအတွက် ၂၆၁၀ မှုကို အစီရင်ခံစာအပိုင်း ၈၊ ၂၁-၁-၂၀၁၅ ရက်စွဲဖြင့် ပေးပို့လာသော အမှုတွဲအရေအတွက် ၁၈၀၆ ခုကို အစီရင်ခံစာအပိုင်း ၉၊ ၂၅-၂-၂၀၁၅ ရက်စွဲဖြင့်ပေးပို့လာသော အမှုတွဲအရေအတွက် ၁၆၀၁ မှုကို အစီရင်ခံစာအပိုင်း ၁၀၊ ၂၆-၃-၂၀၁၅ ရက်စွဲဖြင်ပေးပို့လာသော အမှုတွဲအရေအတွက် ၈၆၇ မှုကို အစီရင်ခံစာအပိုင်း ၁၁ ဖြင့် အသီးသီး သတ်မှတ်ပြီး စိစစ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်၍ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီအနေဖြင့် ပြည်ထောင်စု လွှတ်တော်မှ ပေးပို့လာသော အစီရင်ခံစာအပိုင်း ၁ မှ ၁၁ အထိ စုစုပေါင်းအမှုတွဲ ၁၄၄၉၉ မှုအား စိစစ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစီရင်ခံစာအပိုင်း ၁ မှ အပိုင်း ၁၁ အထိ မြေကိစ္စ ၁၄၄၉၉ မှုနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် စိစစ်ဖြေရှင်းမှုကို မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီအနေဖြင့် စိစစ်ပြီး ခွဲခြားပြီး ပေးပို့လျက်ရှိပါကြောင်း။
ထိုသို့ဆောင်ရွက်ရာ၌ နေပြည်တော်တွင် ၉၇၉ မှု၊ ကချင်ပြည်နယ်တွင် ၉၅ မှု၊ ကယားပြည်နယ်တွင် ၃၅ မှု၊ ကရင်ပြည်နယ်တွင် ၂၀၂ မှု၊ ချင်းပြည်နယ်တွင် ၃၀ မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၆၈၅ မှု၊ တနင်္သာရီးတိုင်းဒေသကြီးတွင် ၃၇၇ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၆၀၈ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၉၁၆ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၄၉၆ မှု၊ မွန်ပြည်နယ်တွင် ၄၄၉ မှု၊ ရခိုင်ပြည်နယ်တွင် ၆၉၀ မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၅၇၃ မှု၊ ရှမ်းပြည်နယ်တွင် ၁၉၇၄ မှုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁၃၉၀ မှု စုစုပေါင်း ၁၄၄၉၄ မှု ဖြစ်ပါကြောင်း။
မြေအသုံးချမှု စီမံခန့်ခွဲမှုဗဟိုကော်မတီသည် အစီရင်ခံစာ အပိုင်း (၁)၊ အပိုင်း (၂)၊ အပိုင်း (၃) တွင် မြေကိစ္စ ၇၄၅ မှုကို ၂၄-၆-၂၀၁၄ ရက်နေ့ထိ စိစစ်ပြီးစီးမှုအခြေအနေကို နိုင်ငံတော်သမ္မတကလည်း ပြည်ထောင်စုလွှတ်တော်နာယကထံကို ၂၅-၆-၂၀၁၄ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် အစီရင်ခံစာ အပိုင်း (၁) မှ (၅) အထိ မြေကိစ္စများ စိစစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေ အစီရင်ခံစာ အပိုင်းများပါ စွန့်လွှတ်မြေများအခြေအနေနှင့် အစီရင်ခံစာအပိုင်းများတွင် ပါဝင်ခြင်းမရှိသော်လည်း ဝန်ကြီးဌာနများနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ သီးခြားပြန်လည်စွန့်လွှတ်သော မြေများကိုလည်း သက်ဆိုင်သူများကို လွဲပြောင်းပေးမှုအခြေအနေများကို ၁၉-၁၂-၂၀၁၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း သတင်းထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ အစီရင်ခံစာ (၁) မှ (၇) ထိ မြေကိစ္စဖြေရှင်းဆောင်ရွက်မှုအခြေအနေကိုလည်း ၁၇-၂-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် ဖြေရှင်းတင်ပြခဲ့ပြီးဖြစ်ပါကြောင်း။
ဒုတိယသမ္မတဦးဆောင်သော မြေအသုံးချမှုစီမံခန့်ခွဲမှုဗဟိုကော်မတီနှင့် ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သော ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး စုံစမ်းရေးကော်မရှင်တို့အား မြေအသုံးချမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၁၄-၃-၂၀၁၅ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပပြုလုပ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွင် မြေအသုံးချမှုစီမံခန့်ခွဲမှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက မြေကိစ္စ တိုင်ကြားစာများကို အထူးအလေးထား ဖြေရှင်းဆောင်ရွက်မည့် ကိစ္စအဖြစ် ခံယူဖြေရှင်းပေးလျက်ရှိပါ ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်နာယကကလည်း ပြည်သူအတွက်၊ နိုင်ငံတော်အတွက် တာဝန်ရှိသူများ အနေဖြင့် အားလုံးပူးပေါင်းဖြေရှင်းဆောင်ရွက်ကြရန်လည်း လမ်းညွှန်မိန့်ကြားခဲ့ပြီး ဖြစ်ပါကြောင်း။
ဆက်လက်၍ မြေအသုံးချမှုစီမံခန့်ခွဲမှု ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲမှု ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ထောင်စုလွှတ်တော်စုံစမ်းရေး ကော်မရှင်အဖွဲ့ခွဲ (၁၁) ဖွဲ့တို့အား မြေကိစ္စများဖြေရှင်းဆောင်ရွက်ခြင်းကို ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ မြေသိမ်းဆည်းမှု မပြီးပြတ်ခြင်း၊ သိမ်းဆည်းမြေများတွင် အသုံးမပြုပိုလျှံမြေများကို ပြန်လည်စွန့်လွှတ်ပေးနိုင်ရန်နှင့် မူလလက်ငုတ် တောင်သူများအား လုပ်ပိုင်ခွင့်ပြန်လည်ချထားနိုင်ရေး စိစစ်ဆောင်ရွက်သွားရန် သိမ်းဆည်းမြေများတွင် လျော်ကြေးမပေးချေသေးရပါက ထိုက်သင့်သော လျော်ကြေးပေးချေနိုင်ရေးနှင့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းတွင် တင်ပြတောင်းခံဆောင်ရွက်သွားရန် မြေကိစ္စတိုင်ကြားစာများကို စုံစမ်းရေးကော်မရှင်အဖွဲ့ခွဲ (၁၁) ဖွဲ့နှင့် နေပြည်တော်မြေအသုံးချမှုစီမံခန့်ခွဲမှုကော်မတီ၊ သက်ဆိုင်ရာဌာနများ ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားရန် ပူးပေါင်းအဖွဲ့တွင် ဥပဒေအရာရှိကို အကြံပေးအဖြစ် ပါဝင်ထည့်သွင်း ဖွဲ့စည်းသွားရန်တို့ကို သဘောတူညီချက်တွင် ရရှိခဲ့ပြီးဖြစ်ပါကြောင်း။
ထို့အပြင် မြေအသုံးချမှုစီမံခန့်ခွဲမှုဗဟိုကော်မတီသည် အစီရင်ခံစာအပိုင်း (၁) မှ (၇) ထိ မြေကိစ္စ ၇၆၁၅ မှုနှင့် စပ်လျဉ်း၍ ၈-၄-၂၀၁၅ ရက်နေ့ထိ စိစစ်ဖြေရှင်းဆောင်ရွက်မှုအခြေအနေများမှာ အသုံးပြုရန်လိုအပ်သော မစွန့်လွှတ်သည့်မြေသည် ၃၆၀၅ မှု၊ အသုံးပြုရန်ထက်ပိုမိုမှုကြောင့် စွန့်လွှတ်သည့်မြေသည် ၁၆၅ မှု၊ အသုံးမပြု၍ အားလုံး စွန့်လွှတ်သည့်မြေသည် ၂၈၂ မှု၊ အကြောင်းအရာတူ တိုင်စာများမှာ ၁၃၈၃ မှု၊ ပုဂ္ဂလိကအချင်းချင်း တရားစီရင်ရေးနည်းလမ်းအရ ဆောင်ရွက်ရမည့်မြေများသည် ၁၁၄၂ မှု၊ မှားယွင်း တိုင်ကြားသည့်ကိစ္စသည် ၃၁၉ မှု၊ စိစစ်ပြီးအမှုတွဲပေါင်း ၆၈၉၆ မှု၊ စိစစ်ရန်ကျန် ၇၁၉ မှု ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစီရင်ခံစာအပိုင်း (၁) မှ (၇) အထိ မြေကိစ္စ ၇၆၁၅ မှုမှာ ၆၈၉၆ မှုစိစစ်ပြီးဖြစ်ပြီး စိစစ်ရန်ကျန် ၇၁၉ မှုဖြစ်သည့်အတွက် စိစစ်ပြီးရာခိုင်နှုန်း ၉၀.၅၆ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ထိုသို့ စိစစ်ပြီးစီးမှုများကို ၁၄-၃-၂၀၁၃ ရက်နေ့၌ MICC-2 အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြခဲ့သည့် ဆောင်ရွက်ပြီးစီးမှုများနှင့် နှိုင်းယှဉ်မည်ဆိုပါက တိုးတက်စိစစ်မှုအခြေအနေသည် မစွန့်လွှတ်သည့်မြေ ၂၀၇ မှု၊ အသုံးပြုရန်အတွက်ပိုမိုမှုကြောင့် စွန့်လွှတ်သည့်မြေ ၁၅ မှု၊ အသုံးမပြု၍ အားလုံးစွန့်လွှတ်သည့်မြေ ၉ မှု၊ တိုင်စာတူ ၆၃ မှု၊ ဥပဒေ အကြောင်းအရာဖြေရှင်းရန် ၁၂၃ မှု၊ မှားယွင်းတိုင်ကြားသည့်ကိစ္စ ၁၇ မှု ဖြစ်သည့်အတွက် တိုးတက်စိစစ်မှု၊ မြေကိစ္စအမှုတွဲသည် ၄၅၁ မှုဖြစ်ပါကြောင်း၊ ထို့ကြောင့် ၅.၉၂ ရာခိုင်နှုန်း တိုးတက်ပြီး စိစစ်နိုင်ပါကြောင်း၊ ထိုကဲ့သို့ တိုးတက်လာမှုအခြေအနေကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၆-၅-၂၀၁၅ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထောင်စုလွှတ်တော်ရုံးကိုလည်း ပေးပို့တင်ပြခဲ့ပြီးဖြစ်ပါကြောင်း။
အစီရင်ခံစာအပိုင်း (၁) မှ (၇) အထိပါ မြေကိစ္စ ၇၆၁၅ မှုအပေါ် ၈-၄-၂၀၁၅ ရက်နေ့အထိ စိစစ်ချက်အရ အပိုင်း (၁) တွင် မြေဧရိယာ ၃၄၀၁၄.၅၁ ဧက၊ အစီရင်ခံစာအပိုင်း (၂) တွင် ဝ.၆၉ ဧက၊ အစီရင်ခံစာအပိုင်း (၃) တွင် ၄၂၇၀၆.၄၄၁ ဧက၊ အစီရင်ခံစာအပိုင်း (၄) တွင် မြေဧရိယာ ၄၂၀.၉၇ ဧက၊ အစီရင်ခံစာအပိုင်း (၅) တွင် ၃၀၇၈၆.၅၅၅ ဧက၊ အစီရင် ခံစာအပိုင်း (၆) တွင် ၄၇၆၁.၂၅ ဧက၊ အစီရင်ခံစာအပိုင်း (၇) တွင် ၂၃၂၆.၆၁ ဧကကို ပြန်လည်စွန့်လွှတ်ရန်အတွက် စိစစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အစီရင်ခံစာအပိုင်း (၁) မှ (၇) အထိ စွန့်လွှတ်သည့်မြေ ၄၄၇ မှုတွင် မြေဧရိယာ ၁၁၅၀၁၇.၀၂၆ ဧကအား ပြန်လည်စွန့်လွှတ်ထားသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ စွန့်လွှတ်မြေများကို မူလမြေအမျိုးအစားအပေါ် သတ်မှတ်နိုင်ရန် သက်ဆိုင်သူများကို လွှဲပြောင်းပေးအပ်ရာတွင် စိုက်ပျိုးမြေဧရိယာ ၇၆၄၆၉.၈၉၅ ဧကကို တောင်သူ ၁၆၁၇၈ ဦးကို လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇) နှင့် ယာယီပုံစံများဖြင့် လွဲပြောင်းပေးအပ်ခဲ့ပြီး စိုက်ပျိုးမြေမဟုတ်သော အခြားမြေဧရိယာ ၃၁၅၈၅.၉၈၁ ဧကကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို လွဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အစီရင်ခံစာအပိုင်း (၁) မှ (၇) အထိ စွန့်လွှတ်မြေများသည် လွဲပြောင်းပြီး မြေဧရိယာ ၁၀၈၀၅၅.၈၇၆ ဧကဖြစ်ပြီး လွဲပြောင်းပေးအပ်ရန်ကျန် မြေဧရိယာ ၆၉၆၁.၁၅ ဧကကို သက်ဆိုင်သူများကို လွဲပြောင်းပေးအပ်ရန်အတွက် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် အစီရင်ခံစာအပိုင်းများတွင် မပါသော်လည်း ကာကွယ်ရေးဝန်ကြီးဌာန၊ အခြားဝန်ကြီးဌာနများနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ သီးခြားစွန့်လွှတ်မြေများအား ၈-၄-၂၀၁၅ ရက်နေ့တွင် ကာကွယ်ရေးဌာနမှ မြေကိစ္စ ၈၇၆ မှုတွင် ၁၇၃၀၈၆.၁၁၁ ဧက၊ အခြားဝန်ကြီးဌာနများမှ မြေကိစ္စ ၂၉ မှုတွင် ၉၄၁၉.၂၅၃ ဧကနှင့် ကုမ္ပဏီ အဖွဲ့အစည်းများမှ မြေကိစ္စ ၈ မှုတွင် ၄၀၈၅၄.၉၀ ဧကကို ပြန်လည်စွန့်လွှတ်ထားရန်အတွက် စိစစ်ထားပြီးဖြစ်သည့်အတွက် သီးခြားစွန့်လွှတ်မြေတွင် ၉၁၃ မှုရှိပြီး ၂၂၃၃၆၀.၂၆၄ ဧကကို စိစစ်ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ စွန့်လွှတ်မြေများကို သက်ဆိုင်သူကိုပြောင်းပေးအပ်ခဲ့ရာတွင် စိုက်ပျိုးမြေဧရိယာ ၁၀၂၃၃၀.၃၃၄ ဧကကို တောင်သူ ၁၆၈၁၇ ဦးကို လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြု လက်မှတ်ပုံစံ (၇) နှင့် ယာယီပုံစံများနှင့် လွှဲပြောင်းပေးအပ်ခဲ့ပြီး စိုက်ပျိုးမြေမဟုတ်သော အခြားမြေ ၁၁၉၃၇၉.၄၁ ဧကကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို လွဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် သီးခြားစွန့်လွှတ်မြေသည် လွှဲပြောင်းပြီးဧရိယာ ၂၂၁၇၀၉.၇၄၄ ဧကဖြစ်ပြီး လွှဲပြောင်းပေးရန် ကျန်မြေဧရိယာ ၁၆၅၀.၅၂ ဧကကို သက်ဆိုင်သူများကို လွဲပြောင်းပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အစီရင်ခံစာအပိုင်း (၁) မှ အစီရင်ခံစာအပိုင်းများတွင် ပါဝင်သော မြေဧရိယာနှင့် အစီရင်ခံစာအပိုင်းများတွင် မပါသော်လည်း ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များက စွန့်လွှတ်သောမြေ စုစုပေါင်း ၃၃၈၃၇၇.၂၉၀ ဧက ဖြစ်ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေဧရိယာ ၁၇၈၈၀၀.၂၂၉ ဧကဖြစ်ပြီး တောင်သူ ၃၂၉၉၅ ဦးကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) နှင့် ယာယီပုံစံများဖြင့် လွှဲပြောင်းပေးအပ်ပြီး စိုက်ပျိုးမြေမဟုတ်သော အခြားမြေဧရိယာ ၁၅၀၉၆၅.၃၉၁ ဧကကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများကို လွဲပြောင်းပေးအပ်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အစီရင်ခံစာအပိုင်း (၁) မှ (၇) ထိ အစီရင်ခံစာအပိုင်းများတွင် ပါဝင်သော မြေများ၊ အစီရင်ခံစာအပိုင်းများတွင် မပါဝင်သော မြေဧရိယာအတွက် လွဲပြောင်းပေးအပ်ရန် ကျန်ရှိသော ၈၆၁၁.၆၇ ဧကကို သက်ဆိုင်သူများသို့ လွှဲပြောင်းရန်အတွက် ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ကြောင့် အစီရင်ခံစာအပိုင်း (၁) မှ (၇) အထိ မိမိတို့ ဆောင်ရွက်ရာတွင် စိစစ်ရန် ကျန်ရှိသည်မှာ အစီရင်ခံစာအပိုင်း (၄) တွင် ၃မှု၊ အြစီရင်ခံစာအပိုင်း (၅) တွင် ၁၁၄ မှု၊ အစီရင်ခံစာအပိုင်း (၆) တွင် ၄၉၇ မှု၊ အစီရင်ခံစာအပိုင်း (၇) တွင် ၁၀၅ မှု၊ အစီရင်ခံစာအပိုင်း (၈) တွင် ၂၆၁၀ မှု၊ အစီရင်ခံစာအပိုင်း (၉) တွင် ၁၈၀၆ မှု၊ အစီရင်ခံစာအပိုင်း (၁၀) တွင် ၁၆၀၁ မှု၊ အစီရင်ခံစာအပိုင်း (၁၁) တွင် ၈၆၇ မှု စုစုပေါင်း စိစစ်ရန်ကျန်ရှိသည်မှာ ၇၆၀၃ မှု ရှိပါကြောင်း၊ စိစစ်ပြီးပါက ပြန်ပေးရမည့် မြေများကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည်စိစစ်ပြီး ပြန်လည်လွဲပြောင်း ပေးအပ်မည်ဖြစ်ပါကြောင်း၊ လွဲပြောင်းပေးအပ်သည့်အခါတွင်လည်း လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇) များ၊ ယာယီပုံစံများနှင့် လွဲပြောင်းပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စိစစ်ရန်ကျန်ရှိသော မြေကိစ္စအမှုတွဲများကိုလည်း စိစစ်ပြီးပြတ်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဖြေရှင်းပြီး ကိစ္စများကို အမှုတွဲတစ်ခုချင်းအလိုက် စိစစ်ဆောင်ရွက်မှု အခြေအနေကို သတ်မှတ်နည်းလမ်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
