၃၁-၃-၂၀၁၇ ရက်နေ့တွင် နေပြည်တော်ရှိ MICC-II ၌ ကျင်းပပြုလုပ်သော အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၁၈ ခုနှစ်) စတင်ဆောင်ရွက်မှု အသိပေးခြင်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ အာရောဂျံပရမံလာဘံ ကျန်းမာခြင်းသည် အကောင်းဆုံးလာဘ်လာဘ ဖြစ်ကြောင်းနှင့် ပြည်သူပြည်သားများ၏ ကျန်းမာရေးသည် မိမိတို့နိုင်ငံ၏ အဖိုးမဖြတ်နိုင်သည့် သယံဇာတဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၅-၁၂-၂၀၁၆ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ဆိပ်ဖြူ၊ အနောက်ကမ်းဖြူကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲမှ ကျေးလက်ကျန်းမာရေးဌာနသို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် တောင်းခံခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးမှ တိုးမြှင့်ပေးရန် ခွင့်ပြုခဲ့ပါကြောင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း တိုက်နယ်ဆေးရုံတစ်ခုနှင့် အနောက်ကမ်းဖြူအပါအဝင် စုစုပေါင်း RHC ခြောက်ခု ရှိနေပြီဖြစ်ပါကြောင်း၊ ၎င်းတို့အထဲတွင် အင်းကန် RHC သည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဆုံး၊ ကျေးလက်ကျန်းမာရေး ဌာနတစ်ခုဖြစ်ပါကြောင်း၊ Main Sub-Centre နှင့် Sub-Centre ငါးခု စုစုပေါင်း ခြောက်ခုဖြင့် ဖွဲ့စည်းထားပါပြီး ၎င်း RHC နှင့် Sub-Centre များ ဆက်သွယ်ရာတွင် ၂၀ မိုင်၊ ၃၀ မိုင် ဝန်းကျင်သွားရောက်၍ လုပ်ငန်းညှိနှိုင်းဆောင်ရွက် နေကြရသဖြင့် တစ်ရွာနှင့်တစ်ရွာ ဝေးကွာလွန်းသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသည့်အတွက် ၂၀၁၂-၁၃ ခုနှစ် စစ်တမ်းကောက်ယူမှုတွင် ငါးနှစ်အောက်ကလေး သေဆုံးမှုအများဆုံး Sub-Centre တစ်ခုဖြစ်ခဲ့ပါကြောင်း၊ တာဝန်ကျဝန်ထမ်းများ တစ်ရွာနှင့်တစ်ရွာ ဝေးကွာလွန်းသည့်အတွက် မကြာခဏ ပြောင်းရွှေ့နေကြပြီး မီးဖွားဆရာမများလည်း မကြာခဏလစ်လပ်နေသော Sub-Centre ဖြစ်နေပါကြောင်း၊ ၎င်း အင်းကန် RHC တွင်လည်း လူဦးရေ ၂၅၀၀၀ ရှိပါကြောင်း၊ ထို့ကြောင့် အင်းကန် RHC တွင် အနောက်ကမ်းဖြူ Sub-Centre ရရှိထားသည့်အတွက် အထက်ဖော်ပြပါ အခက်အခဲများ လျော့နည်းသွားစေရန် SC များ၊ Sub-Centre များချထားပေးမည်ဆိုလျှင် ငါးနှစ်အောက်ကလေးများ ဆေးရုံမှသေဆုံးမှုလျော့နည်း သွားမည်ဖြစ်ပြီး တာဝန်ကျဆရာ/မ များကလည်း သွားလာရလွယ်ကူသွားမည် ဖြစ်သည့်အတွက် ခဏခဏလစ်လပ်မှုများ နည်းပါးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါဆိပ်ဖြူမြို့နယ်အတွက် လိုအပ်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန်အတွက် ဇယားပါလိုအပ်လျက်ရှိသော ကျန်းမာရေးဌာနခွဲ ငါးခုအား ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ၊ ပေးနိုင်ပါက မည်သည့်အချိန်တွင် ပေးနိုင်မည် ဖြစ်ကြောင်းနှင့် မပေးနိုင်ပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆိပ်ဖြူမဲဆန္ဒနယ်မှ ကျေးလက်ကျန်းမာရေးဌာနခွဲငါးခု တောင်းခြင်းအပေါ် မိမိတို့ ပြန်လည် သုံးသပ်သည့်အခါ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် လူဦးရေ ၁၁၀၀၀၀ ကျော်ရှိပြီး ကျေးလက်ကျန်းမာရေး ဌာနခြောက်ခု၊ ဌာနခွဲ ၂၆ ခု၊ မိခင်နှင့် ကလေးဌာနခွဲတစ်ခု ရှိပါကြောင်း၊ ပြန်ကြည့်သည့်အခါတွင် အင်းကန်ကျေးလက်ကျန်းမာရေးဌာန တောင်းထားသည့် ဆိပ်ဖြူ RHC အသစ်အောက်တွင် ကျားဘေ ကျေးလက်ကျန်းမာရေးဌာနခွဲကို ၆-၃-၂၀၁၈ ရက်နေ့က ပေးလိုက်ပြီးဖြစ်ပါကြောင်းနှင့် ထပ်မံတောင်းထားသည့် Sub-Centre ဖြစ်သည့် ဝဲမသုံးရွာကိုလည်း ၆-၃-၂၀၁၈ ရက်နေ့က ပေးခဲ့ပြီး၊ နောက်တစ်ခုတောင်းထားသည့် ဓားမကောက် Sub-Centre ကိုလည်း မတ်လ ၆ ရက်နေ့က ပေးခဲ့ပါကြောင်း၊ နောက်တစ်ခုက ထပ်ပေါင်း Sub-Centre ကိုလည်း မိမိတို့ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တောင်းသည့် ငါးခုထဲက လေးခုကို မတ်လကတည်းက ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့က မြေပုံဖြင့်ပြန်လည် သုံးသပ်ကြည့်သည့်အခါ နောက်ဆုံးတစ်ခု ရေထွက်ကျေးလက်ကျန်းမာရေးဌာနခွဲကို တောင်းထား ပါကြောင်း၊ အဆိုပါ ကျန်ရှိသည့် ငါးခုကို ကြည့်သည့်အခါ အားလုံးသည် လူဦးရေ ၂၀၀၀ ကျော် ရှိပါကြောင်း၊ ယခုနောက်ဆုံးတောင်းသည့် ရေထွက်တွင်ကြည့်သည့်အခါ လူဦးရေသည် ၁၂၆၉ ဦးသာ ရှိသည့်အပြင် ရေထွက်ကို မြေပုံဖြင့် ကြည့်မည်ဆိုပါက မည်သည့်အောက်တွင် ရှိပါသနည်း ဆိုသည့်အပေါ် အင်းကန်ကျေးလက်ကျန်းမာရေး ဌာနအောက်တွင်ရှိသည့် တောင်ဖြူကျေးလက် ကျန်းမာရေးဌာနခွဲအောက်တွင်ရှိသည့် ရွာတစ်ရွာဖြစ်ပါကြောင်း၊ လောလောဆယ် တောင်ဖြူ ကျေးလက်ကျန်းမာရေး ဌာနခွဲကနေပြီး လွှတ်တော်ကိုယ်စားလှယ်ကြီး တောင်းထားသော ရေထွက်ကျေးရွာကို မိမိတို့ကြည့်ရှုပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
