(ဆ)-ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းအကောင်အထည်ဖော်ရန် ဆောင်ရွက်နေသော Eco Green City စီမံကိန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်က ရသင့်ရထိုက်သည့် အကျိုးအမြတ်ခွဲဝေမှုရရှိအောင် မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၃. ၁၁. ၂၀၁၈)

 

လှည်းကူးမြို့နယ်တွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းအကောင်အထည်ဖော်ရန် ဆောင်ရွက်နေသော Eco Green City စီမံကိန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်က ရသင့်ရထိုက်သည့် အကျိုးအမြတ်ခွဲဝေမှုရရှိအောင် မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိသော စီမံကိန်းတစ်ရပ်အဖြစ် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက် သွားရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

၎င်းစီမံကိန်းသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင် ၃ မိုင် ၂ ဖာလုံတွင်တည်ရှိပြီး ရန်ကုန်မြို့တော်၏ အနာဂတ်စီမံကိန်းအတွက်  အလွန်အချက်အချာကျသော  မဟာဗျူဟာ မြောက်နေရာတွင် ရှိပါကြောင်း၊ မူလက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပိုင်သော စပါးလင်၊ ဆီမွှေးစိုက်ခင်းနေရာဖြစ်ပြီး ယခုနိုင်ငံတော်နှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဆိုသော Alliance Star ကုမ္ပဏီသည် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် နှစ်ရှည်ငှားရမ်းခဲ့ခြင်းဖြစ်ပြီး မြေဧက ၁၄၅၃ ဧကရှိပါကြောင်း၊ အိုးအိမ်ဦးစီးဌာန၏ တိုင်းတာချက်အရ ၁၆၈၅ ဧက ရှိပါကြောင်း၊ ရေဝပ်ဧရိယာဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်မသင့်ဟူသော အကြောင်းပြချက်ဖြင့် ရည်ရွယ်ချက်ပြောင်း၊ ခေါင်းစဉ်ပြောင်းပြီး  ယခုကဲ့သို့ Eco Green City စီမံကိန်းဆောင်ရွက်ရန် ယခင်အစိုးရထံတွင် ခွင့်ပြုချက်ရယူခဲ့ပါကြောင်း၊

မိမိ၏မေးခွန်းတွင် အပိုင်းနှစ်ပိုင်းပါဝင်ပါကြောင်း၊ ပထမအချက်အနေဖြင့် စီမံကိန်းနှင့်ပတ်သက်ပြီး နိုင်ငံတော်က ရသင့်ရထိုက်သည့်အကျိုးအမြတ်များ ခွဲဝေရရှိရန် မည်ကဲ့သို့ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ယနေ့ခေတ် ရွေးကောက်ခံပါတီနှင့် အစိုးရအနေဖြင့် Private Public Partnership – PPP လုပ်ငန်းစီမံကိန်းများကို အထူးအားပေးနေပါကြောင်း၊ နိုင်ငံတော်အစိတ်အပိုင်းတစ်ခု ရင်းနှီးမြှုပ်နှံပြီး တကယ့်ဖွံ့ဖြိုးမှု Development ကို ပုဂ္ဂလိကကဏ္ဍများက ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်၏လိုငွေပြနေသောဘတ်ဂျက်ကိုလည်း မထိခိုက်စေနိုင်ဘဲ နိုင်ငံနှင့်နိုင်ငံသားများ၏ အကျိုးရှိသောလုပ်ငန်းများ ဖြစ်ပေါ်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်လာခြင်း၊ အခွန်ဘဏ္ဍာများရရှိလာခြင်းတို့ကို ဝမ်းသာကြိုဆိုရမည် ဖြစ်ပါကြောင်း၊ ယခုကိစ္စကိုလည်း အလားတူစီမံကိန်းမျိုးဖြစ်မည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းတွင် မည်သည့်ပုံစံဖြင့် ခွဲဝေထားသည်၊ ရသင့်ရထိုက်သော အကျိုးအမြတ်များကို မည်သို့ရမည်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ပြည်သူလူထုများအားလုံးသိနိုင်ရန်အတွက် ချပြပေးစေလိုပါကြောင်း၊ ဒုတိယပိုင်းအနေဖြင့် မိမိတို့က စီမံကိန်းအကြောင်းကို သိရှိရသည်မှာ တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်မည်လိုလို၊ ပြည်ထောင်စုအစိုးရက ဆောင်ရွက်မည်လိုလို၊ Alliance Star ကုမ္ပဏီက ဆောင်ရွက်မည်လိုလို၊ ယခုနောက်ဆုံး ရွှေသံလွင်ကုမ္ပဏီက ဆောင်ရွက်မည်လိုလို အမျိုးမျိုးကြားနေ ကြရပါကြောင်း၊ ယခုအချိန်အထိ နိုင်ငံတစ်ဝန်းကပြည်သူများ တရားဝင်သတင်းအချက်အလက် တစ်ခုမျှ မရရှိဘဲ နိုင်ငံ၏စီမံကိန်းများကို ကျူးကျော်ဘဝ‌ရောက်ပြီး ထွက်သွားရသော ပြည်သူများ၊ လွှတ်တော်ထဲက ကိုယ်စားလှယ်များသည် တိုင်းပြည်အတွက် မည်သို့အကျိုးအမြတ်များ ရရှိလာမည်၊ မည်ကဲ့သို့အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာမည်၊ မည်ကဲ့သို့ Infrastructure များ ရှိလာမည်၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်လှပရန် မည်ကဲ့သ့ိုအစီအမံအစိတ်အပိုင်းများ ထည့်ထားသည်ကို မိမိတို့ သိခွင့်ရမည်ဟု ယုံကြည်ပါကြောင်း၊ ၎င်းကိစ္စများကိုလည်း ပြည်ထောင်စုဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်း ဖြေကြားပေးနိုင်မည်ဟု မိမိတို့ မျှော်လင့်ထားပါကြောင်း၊

မိမိအနေဖြင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်စတင်ပြီး တစ်လခွဲအကြာတွင် အဆိုတစ်ရပ်ကို တင်သွင်းခဲ့ပါကြောင်း၊ ၂၆-၂-၂၀၁၆ ရက်နေ့တွင် လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ အရေးကြီးအဆိုသည် နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အလျင်စလို ငှားရမ်း၊ ရောင်းချ၊ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျစီမံခြင်းမရှိဘဲ အဆောတလျင်ခွင့်ပြုနေမှု စသည်တို့ကို နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တားထိန်းကျောင်း တည့်မတ်ပေးပါရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆို ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းက မိမိအဆို အတည်ပြုပြီးတစ်လအကြာ ပြီးခဲ့သည့် အစိုးရသက်တမ်းမကုန်မီ ခြောက်ရက်အလိုတွင် နိုင်ငံပိုင်မြေ ၁၄၅၃ ဧကကို နေရာတကျမစီမံဘဲ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ၂၅-၃-၂၀၁၆ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည့်အတွက် လွှတ်တော်ကအတည်ပြုခဲ့သော အရေးကြီးအဆိုနှင့် တိုက်ဆိုင်သည့်အတွက် အထူးပင်သံသယ ဖြစ်ဖွယ်ရှိပါကြောင်း၊ နိုင်ငံတော်က ရသင့်ရထိုက်သော အကျိုးအမြတ်ခွဲဝေမှုကို လေ့လာကြည့်ရာ နောင်တွင် နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားမည်ဟုသာ မရေမရာဖော်ပြထားပါကြောင်း၊ ထို့အပြင် မူလကနဦးစာချုပ်ပါ စာချုပ်ရပ်စဲခြင်းနှင့် သက်ဆိုင်သော အပိုဒ် ၁၄ (က)တွင် ဤသဘောတူ စာချုပ်လက်မှတ်ရေးထိုးသည့်နေ့မှစ၍ ခြောက်လအတွင်း လုပ်ငန်းလက်ခံသူမှ စတင်အကောင် အထည်‌ဖော်ဆောင်ရွက်မှုမရှိလျှင် စာချုပ်ကိုရပ်စဲနိုင်သည်ဟု အတိအလင်းဖော်ပြပါရှိသော်လည်း သက်ဆိုင်ရာကုမ္ပဏီကို စာချုပ်ပါအတိုင်း အရေးယူမှုတစ်စုံတစ်ရာပြုလုပ်သည်ကို  မကြားသိရပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်း အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေသော Eco Green City စီမံကိန်းနှင့်စပ်လျဉ်းပြီး နိုင်ငံတော်က ရသင့်ရထိုက်သည့် အကျိုးအမြတ်ကို ခွဲဝေမှုရရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းပြီး နိုင်ငံတော်နှင့်ပြည်သူ ပြည်သားများအတွက် အကျိုးရှိသော စီမံကိန်းတစ်ရပ်အဖြစ် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Stars Group of Companies  အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ Eco Green City စီမံကိန်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မြေဧရိယာ ၁၄၅၃ ဧကခန့်ကို နိုင်ငံတော်ပိုင်မြေ (State Land) တွင် ဆောင်ရွက်မည့်စီမံကိန်းဖြစ်ပါကြောင်း၊ စီမံကိန်းတွင် တန်ဖိုးသင့်အိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများ၊ Media Village အိမ်ရာစီမံကိန်းများ၊ နိုင်ငံတကာအဆင့်မီ Resort၊ Recreation Center၊ နိုင်ငံတကာအဆင့်မီတက္ကသိုလ်၊ ကျောင်းများ၊ ဆေးရုံများ၊ အဆင့်မီဂေါက်ကွင်းများ၊ အားကစားကွင်းများ၊ ပန်းဥယျာဉ်များပါဝင်သော မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်ခွင့်ပြုရန် Alliance Stars Group of Companies တင်ပြချက်အရ ၁၇-၂-၂၀၁၆ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ရရှိခဲ့ပါသဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် Concept Plan များ ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းမြေသည် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ သဘောတူခွင့်ပြုခဲ့ပါသဖြင့် မြို့ပြအိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၂၅-၃-၂၀၁၆ ရက်နေ့တွင် ကနဦးသဘောတူစာချုပ်လက်မှတ်ရေးထိုး ချုပ်ဆိုဆောင်ရွက်ခဲ့ပြီး နှစ်နှစ်ကျော်ကာလအတွင်း မြေပေါ်ရှင်းလင်းပြုပြင်ခြင်းနှင့် Master Plan အသေးစိတ်ပြန်လည်ရေးဆွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းတည်နေရာသည် Yangon Outer Ring Road ဖြတ်သန်းသွားမည့်နေရာနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဆုံရာနေရာတွင် တည်ရှိသည့်အတွက် မြေဧက ၆၀ ခန့်ကျယ်ဝန်းသည့် Logistic Hub တစ်ခုကို ထည့်သွင်းဆောင်ရွက်ရန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (ဝ/၇) ရှိ တိုးဂိတ်အား ရွှေ့ပြောင်းဆောက်လုပ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ (LH) တို့မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ညောင်နှစ်ပင် KMIC စက်မှုဇုန်နှင့် ဆက်စပ်မှုရှိစေရန်စသည့် ကိစ္စတို့ကိုညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ယခုအခါ စီမံကိန်းဧရိယာတစ်ခုလုံးအား ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး Master Plan ညှိနှိုင်းရေးဆွဲရာ၌ နိုင်ငံတော်မှရရှိမည့် အိမ်ရာများ၏ အသေးစိတ်ပုံစံများ ပြန်လည်ညှိနှိုင်းခြင်း၊ စီမံကိန်းလမ်းအူကြောင်းများ ပြန်လည်သတ်မှတ်ခြင်းနှင့် နိုင်ငံတော်မှရသင့်ရထိုက်သော အကျိုးအမြတ်ခွဲဝေမှုများ ရရှိအောင် အသေးစိတ်တွက်ချက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Eco Green City စီမံကိန်းမြေဧရိယာ ၁၄၅၃ ဧကအနက် Physical နှင့် Social Infrastructure ဖြစ်သည့် လမ်း၊ ရေမြောင်း၊ လျှပ်စစ်၊ ကျောင်းစသည်တို့အတွက် မြေဧရိယာ ၄၄၇ ဧကခန့်အား အသုံးပြုမည်ဖြစ်ပြီး ကျန်ရှိသော မြေဧရိယာ ၁၀၀၆ ဧကခန့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့မှ ၂၀ း ၈၀ ဖြင့် ခွဲဝေရယူမည် ဖြစ်ပါကြောင်း၊ ၎င်းအပြင် ဝန်ကြီးဌာနမှရရှိသော မြေဧရိယာ ၂၀ ဖြစ် သည့် မြေ ၂၀၁ ဧကပေါ်တွင် တန်ဖိုးနည်းအိမ်ရာယူနစ် ၄၀၀၀ ခန့် သို့မဟုတ် ၎င်းနှင့်ညီမျှသော တန်ဖိုးနည်း၊ တန်ဖိုးသင့်သော အဆင့်မြင့်အိမ်ရာယူနစ် ၃၀၀၀ ခန့်ကို ကုမ္ပဏီမှ ဆောက်လုပ်လွှဲပြောင်း ပေးသွားမည် ဖြစ်ပါကြောင်း၊ ကုမ္ပဏီက ရရှိသော မြေဧရိယာ ၈၀၅ ဧကပေါ်တွင် စီမံကိန်းလုပ်ငန်းများ အတွက် အပိုင်းသုံးပိုင်း ခွဲခြား၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

အဆိုပါ စီမံကိန်းလုပ်ငန်း၏ အကျိုးအမြတ်ဖြစ်သော ၅ ရာခိုင်နှုန်းကို Corporate Social Responsibility သတ်မှတ်သုံးစွဲရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ Logistic Centre အဖြစ်ထူထောင်၍ ရုပ်ရှင်ခြံမြေအဖြစ် Media Village တို့နှင့်ဆက်စပ်ပြီး Recreation Centre များ၊ နိုင်ငံတကာအဆင့်မီဟိုတယ်များ၊ တန်ဖိုးသင့်အိမ်ရာများ၊ လုံးချင်းအိမ်ရာများ၊ ကွန်ဒိုနှင့် International School၊ Golf Resort၊ Convention Center၊ Research Center များအပါအဝင် လူမှုရေးအခြေခံအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ ရပ်ဝေး ရပ်နီးခရီးသွားပြည်သူများ ခရီးတစ်ထောက်ရပ်နား၍ ဈေးဝယ်ယူနိုင်မည့် Outlet Mall တို့ကိုပါ ထည့်သွင်းတည်ဆောက်ခြင်း၊ မဲခေါင်ဒေသရှိ ရှားပါးပန်းမျိုးစိတ်များနှင့် သီးနှံများစိုက်ပျိုးပြသ ရောင်းချခြင်း၊ သစ်တောများ ပျိုးထောင်ခြင်းတို့ကို ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းမြေနေရာကို လက်ရှိကာလပေါက်ဈေးဖြင့် တန်ဖိုးတွက်ချက်မည်ဆိုပါက Build-Up ဧရိယာ အတွက် ကျပ် ၂၀.၁၂ ဘီလီယံခန့် ရရှိမည်ဖြစ်ပြီး ယခုကဲ့သို့ အကျိုးတူစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ ကျပ် ၆၂.၈၅ ဘီလီယံခန့် ရရှိမည်ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးအားဖြင့် ၄၂.၇၃ ဘီလီယံခန့် အကျိုးအမြတ် ပိုမိုရရှိမည် ဖြစ်ပါကြောင်း၊ Eco Green City စီမံကိန်း တည်ရှိသောနေရာသည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ဆက်သွယ်ထားသည့် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်တွင် တည်ရှိနေခြင်း၊ ရန်ကုန်-ပဲခူး-ဧရာဝတီတိုင်းဒေသကြီးတို့၏ ဆက်စပ်လမ်းဆုံရာတွင် တည်ရှိခြင်း၊ ရန်ကုန်မြို့မြို့ရှောင်လမ်းအား Outer Ring သည် အဆိုပါ Eco Green City အတွင်းမှ ဖြတ်သန်းသွားလာမည်ဖြစ်ခြင်း၊ Korea Myanmar Industrial Complex စီမံကိန်းနှင့် ဆက်စပ်လျက်ရှိခြင်း၊ လှည်းကူးမြို့ပြင် ဖွံ့ဖြိုးမှုစီမံကိန်းနှင့် ဆက်စပ်လျက်ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာစေမှုအတွက် အထောက်အပံ့ ဖြစ်စေသော စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊

Eco Green City စီမံကိန်းတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ဆူညံသံများမှ အနှောင့်အယှက်ဖြစ်ပေါ်မှုမရှိစေရန်အတွက် အမြန်လမ်းမကြီး၏ ပေ ၁၀၀၀ အတွင်း စိမ်းလန်းကြားခံနယ်မြေ Green Buffer Zone အား ချန်လှပ်ထားရှိပြီး ရေကြီးရေလျှံမှုများမှ ကာကွယ်နိုင်ရန် Storm Water Retention Ponds များကိုလည်း ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုစီမံကိန်း အကောင်အထည်ဖော်စဉ်ကာလအတွင်း ပြည်သူလူထုအတွက် ယာယီအလုပ်အကိုင်အခွင့်အလမ်း ၅၀၀၀၀ ခန့်နှင့် စီမံကိန်းပြီးစီးပါက အမြဲတမ်းအလုပ်အကိုင်အဖြစ် ၁၅၀၀၀ ခန့်အား ဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း၊ Eco Green City စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန Website တွင် ဖော်ပြထားပြီး စီမံကိန်းဆိုင်ရာအသေးစိတ် အချက်အလက်များ၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည့်ကိစ္စရပ်များ၊ ပြည်သူလူထုအတွက် ရရှိမည့်အလုပ်အကိုင်အခွင့်အလမ်းများစသည်တို့အား ၂၃-၁-၂၀၁၈ ရက်နေ့က စီမံကိန်း ရှင်းလင်းဆောင်တွင် သတင်းနှင့်ပြန်ကြားရေးဌာန မီဒီယာ ၁၀ ခုတို့အား ဖိတ်ကြား၍ ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ခြင်းများ၊ သတင်းစာနှင့် ဂျာနယ်များတွင်လည်း ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသဖြင့် စီမံကိန်းဆိုင်ရာအချက်အလက်များအား အများပြည်သူသိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာချပြဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ခင်စန်းလှိုင်(ပုလဲမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီးအနေဖြင့် ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြသွားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိ၏မေးခွန်းသည် သတ္တမအကြိမ်ကတင်ခဲ့သော မေးခွန်းဖြစ်ပြီး ယခု ဒသမအကြိမ် မြောက်အထိ ပြောင်းရွှေ့လာခဲ့သည့်အချိန်အထိ မိမိတို့အပြင် ပြည်သူလူထု၊ လွှတ်တော် ကိုယ်စားလှယ်များ မြင်တွေ့နေရသည့်အခြေအနေသည် ဝန်ကြီးဌာနအနေဖြင့်သာမက ကုမ္ပဏီဘက် ကပါ မည်သည်မျှတိုးတက်ပြောင်းလဲမှုရှိလာသည်ကို မတွေ့ရှိရပါကြောင်း၊ အရေးကြီးသည်က စာရွက်ပေါ်ကစီမံကိန်းများမဟုတ်ပါကြောင်း၊ မြေပြင်တွင် တကယ့်လက်တွေ့ ပကတိအခြေအနေ အကောင်အထည်ဖော်နိုင်မှုသာ ဖြစ်သည့်အတွက် ယခုအချိန်အထိ သုံးနှစ်နီးပါးကြာမြင့်သော်လည်း စာချုပ်ပါ  စည်းမျဉ်းစည်းကမ်းများကို မည်သည်ကိုမျှတိတိကျကျလိုက်နာပြီး အကောင်အထည် ဖော်နိုင်မှုလည်းမရှိသည့်အပြင် မြေပြင်အကောင်အထည်ဖော်နိုင်မှုများကိုလည်း မတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆက်စပ်မေးခွန်းမေးမြန်းလိုပါကြောင်း၊ ယခုဝန်ကြီးရှင်းပြသွားသော နိုင်ငံတော်အပိုင်းက ရရှိမည့်အကျိုးအမြတ်ခွဲဝေမှုနှင့်စပ်လျဉ်းပြီး ဥပဒေကြောင်းအရ ခိုင်မာသောစာချုပ်စာတမ်းများ ချုပ်ဆို ပြီးပြီလား၊ စီမံကိန်းကို မည်သည့်အချိန်တွင်အကောင်အထည်ဖော်မည်နည်း၊ စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ကို တောင်းခံပြီးပြီလား၊ စိစစ်တိုး၏ သဘောထားများကို ရရှိပြီးပြီလား၊ Cabinet ကိုတင်ပြပြီးနောက် Cabinet ၏ ခွင့်ပြုချက်အရ ဆောင်ရွက်ခြင်း ဟုတ်ပါသလား၊ ခွင့်ပြုချက်ပေးပြီးပြီလားဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

မိမိတို့ဝန်ကြီးဌာနဖြင့် Alliance Star ကုမ္ပဏီတို့ အခြေခံ Conceptual Plan သည် ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် စာချုပ်မူကြမ်းကို ယခုလထဲတွင် အပြီး‌ရေးဆွဲနေပါကြောင်း၊ လာမည့် ဒီဇင်ဘာလဆန်းတွင် ရှေ့နေချုပ်ရုံးကိုတင်ပြမည် ဖြစ်ပါကြောင်း၊ ရှေ့နေချုပ်ရုံးတွင် ခန့်မှန်းခြေ အချိန်သုံးပတ်ခန့် အချိန်ယူပါကြောင်း၊ ပြီးစီးပါက MIC ကို ဆက်လက်တင်ပြမည် ဖြစ်ပါကြောင်း၊ MIC ကလည်း ခန့်မှန်းခြေအချိန် တစ်လခန့်ယူပါကြောင်း၊ MIC ကခွင့်ပြုချက်ရရှိပါက မိမိတို့ဝန်ကြီးဌာနနှင့် Alliance Star တို့သည် လာမည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလခန့်တွင် လက်မှတ်ရေးထိုးစာချုပ်ကြီး ချုပ်ဆိုနိုင်မည့် အဆင့်ရှိပါကြောင်း၊ စာချုပ်ကြီးချုပ်ဆိုပြီးစီးသွားပါက ကုမ္ပဏီအနေဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။