(က)-ပြည်ထောင်စုရှေ့နေချုပ်ရုံးမှလွှတ်တော်သို့ပေး ပို့ရန် ပြုစုနေသောဥပဒေကြမ်းမည်မျှရှိ၍၎င်းဥပဒေ ကြမ်းများ၏ အမည်များကိုသိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၅)ရက်မြောက်နေ့ (၁၃.၅.၂၀၁၅)

မိမိတို့ လွှတ်တော်သည် ၂၀၁၁ ခုနှစ်တွင် ဥပဒေပေါင်း ၁၅ ခု၊ ၂၀၁၂ ခုနှစ်တွင် ဥပဒေပေါင်း ၂၄ ခု၊ ၂၀၁၃ ခုနှစ်တွင် ဥပဒေပေါင်း ၃၇ ခု၊ ၂၀၁၄ ခုနှစ်တွင် ဥပဒေပေါင်း ၅၇ ခု၊   ၂၀၁၅ ခုနှစ်တွင် ၁၁-၄-၂၀၁၅ ရက်နေ့အထိ ဥပဒေပေါင်း ၂၆ ခု စုစုပေါင်း ၁၁-၄-၂၀၁၅ ရက်နေ့အထိ ဥပဒေပေါင်း ၁၅၉ ခုကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင်လည်း ဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် စိစစ်ဆွေးနွေး ဆောင်ရွက်လျက်ရှိကြပါကြောင်းနှင့် ထပ်မံရောက်ရှိလာမည့် ဥပဒေများကိုလည်း စိစစ်ဆွေးနွေး အတည်ပြုနိုင်ရန်အတွက် လွှတ်တော်က အသင့်ဖြစ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ လွှတ်တော်သို့ပေးပို့ရန် ပြုစုနေသောဥပဒေကြမ်း မည်မျှရှိသည်နှင့် ၎င်းဥပဒေကြမ်းများ၏ အမည်များကို သိရှိလိုပါကြောင်း ရှင်းလင်းဖြေကြားပါသည်။


 

အဖြေ

မိမိတို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့ စီမံခန့်ခွဲသည့် ဥပဒေများကို ပြင်ဆင်ရန်၊ ရုပ်သိမ်းရန်၊ အစားထိုးပြဋ္ဌာန်းရန်၊ ဥပဒေအသစ် ပြဋ္ဌာန်းရန်ရှိပါက သက်ဆိုင်ရာပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် အသစ်ပြဋ္ဌာန်းလိုသော ဥပဒေ မူကြမ်းများကို ကနဦးရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့၍ ဥပဒေအကြံဉာဏ် တောင်းခံပါကြောင်း၊ ထိုကဲ့သို့ ဥပဒေကြမ်းတောင်းခံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေမူကြမ်းတွင်ပါသော အချက်အလက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊  နိုင်ငံတော်က ချမှတ်ထားသော မူဝါဒ၊ အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှု၊ နိုင်ငံတော်၏ လုံခြုံရေး၊ အများပြည်သူ၏ လုံခြုံရေး၊ မြန်မာနိုင်ငံက လက်ခံထားသော အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းများနှင့် ဒေသဆိုင်ရာ သဘောတူစာချုပ်ပါ အချက်များနှင့် လိုက်လျောညီထွေမှု  စသည့် အချက်များနှင့် ညီညွှတ်ခြင်း၊ ကိုက်ညီခြင်းရှိ/မရှိဆိုသည်များကို  အခြေခံ၍လည်းကောင်း၊ ရေးထုံးရေးနည်း မှန်ကန်ရန်လည်းကောင်း စိစစ်အကြံပြုပါကြောင်း၊ ဥပဒေမူကြမ်းပေးပို့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ စိစစ်အကြံပြုချက်အရ လိုအပ်သည်များကို ပြင်ဆင်၊ ဖြည့်စွက်၊ ရေးသားပြီး ထပ်မံစိစစ်ပေးပို့ခြင်း သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခြင်းများ ပြုလုပ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ဝန်ကြီးဌာနအဖွဲ့အစည်းများက ပေးပို့သော ဥပဒေမူကြမ်းများနှင့်စပ်လျဉ်းပြီး စိစစ်အကြံပြုရာ၌ တစ်ကြိမ်သာ စိစစ်အကြံပြုရသော မူကြမ်းများရှိ သကဲ့သို့ ထပ်မံပေးပို့ အကြံတောင်းခံသည့်အတွက် အကြိမ်ကြိမ်စိစစ်အကြံပြုရသော ဥပဒေမူကြမ်းများလည်း ရှိပါကြောင်း။

ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှပေးပို့သော ဥပဒေမူကြမ်းများကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ်အကြံပြုခဲ့ခြင်းသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်စတင်သော ၂၀၁၁ ခုနှစ် မတ်လမှ ဒီဇင်ဘာလအထိ ၇၆ ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် ၆၀ ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် ၆၁ ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် ၈၁ ကြိမ်နှင့် ၂၀၁၅ ခုနှစ်တွင် ယနေ့အထိ ၂၂ ကြိမ် စုစုပေါင်း အကြိမ် ၃၀၀ စိစစ်အကြံပြုခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသော ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ်ပြန်ကြားခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဥပဒေပြဋ္ဌာန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသော ဥပဒေပေါင်း ၁၃၇ ခုရှိပါကြောင်း၊ ယင်းတို့အနက် အုပ်ချုပ်ရေး ကဏ္ဍနှင့်ဆိုင်သည့်ဥပဒေ ၂၁ ခု၊ လူမှုရေးကဏ္ဍနှင့်ဆိုင်သည့် ဥပဒေ ၄၂ ခု၊ စီးပွားရေးကဏ္ဍနှင့်ဆိုင်သည့် ဥပဒေ ၃၀ ခု၊ အထွေထွေကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေ ၄၄ ခုရှိပါကြောင်း၊ ဥပမာအားဖြင့် အုပ်ချုပ်ရေးကဏ္ဍနှင့် သက်ဆိုင်သော ဥပဒေများမှာ တရားခံလွှဲပြောင်းရေး ဥပဒေ၊ မော်တော်ယာဉ်ဥပဒေ၊ လောင်းကစားဥပဒေကိုပြင်ဆင်သည့်ဥပဒေ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ၊ နယ်စပ်ဒေသလုံခြုံရေးနှင်‌့ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဆိုင်ရာဥပဒေ၊ ရာဇဝတ်ကျင်‌့ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ မြို့ပြလေကြောင်းလုံခြုံရေးအတွက် အကြမ်းဖက် ကျူးလွန်သူများအား တားဆီးနှိမ်နင်းရေးဥပဒေ၊ မြန်မာနိုင်ငံအကျဉ်းထောင်များဥပဒေ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနဥပဒေ၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာများဥပဒေကိုပြင်ဆင်သည့်ဥပဒေ စသည်တို့ဖြစ်ပါကြောင်း။

စီးပွားရေးကဏ္ဍနှင့် သက်ဆိုင်သော ဥပဒေများမှာ ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေ၊ ပြည်ထောင်စု ငါးလုပ်ငန်းဥပဒေ၊ မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ဥပဒေ၊ မြန်မာနိုင်ငံကုန်သည် သင်္ဘောဥပဒေကိုပြင်ဆင်သည့် ဥပဒေ၊ ရေခွန်နှင့် တာတမံခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ မွေးမြူရေးဥပဒေ၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေ၊ ငွေစုဘဏ်လုပ်ငန်းများ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ အာမခံ လုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ စသည်တို့ဖြစ်ပါကြောင်း။

လူမှုရေးကဏ္ဍနှင့် သက်ဆိုင်သော ဥပဒေများမှာ ဘုရားစေတီနှင်‌့ ဗုဒ္ဓသာသနိက အဆောက်အုံများ ဂေါပကအဖွဲ့ဆိုင်ရာဥပဒေ၊ တိရစ္ဆာန်မွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေးဥပဒေ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ၊ မြန်မာနိုင်ငံအမျိုးသားအားကစား ကော်မတီဥပဒေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ လှူဒါန်းခြင်းဆိုင်ရာဥပဒေ၊ သွေးနှင့်သွေးပစ္စည်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဥပဒေ၊ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ကို ပြင်ဆင်သည့်ဥပဒေ၊ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ စသည်တို့ဖြစ်ပါကြောင်း။

အထွေထွေကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေများမှာ မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်နှင့် ဝန်ဆောင်မှုအမှတ်တံဆိပ်ဥပဒေ၊ မူပိုင်ခွင့် ဥပဒေ၊ မြန်မာနိုင်ငံကုန်စည် အမှတ်အသားများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးရေးဥပဒေ၊ အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ တိကျစွာတိုင်းတာခြင်း နည်းပညာဥပဒေ၊ မြန်မာနိုင်ငံဆေးပညာ နှီးနွယ်ဘွဲ့ ဒီပလိုမာလက်မှတ်များဆိုင်ရာဥပဒေ၊ တာတမံအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ၊ မြန်မာ့မီးရထား ဥပဒေ၊ မြေအောက်ရေ ကြီးကြပ်ထိန်းသိမ်းရေး ဥပဒေ၊ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ စသည်တို့ ဖြစ်ပါကြောင်း။

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ဥပဒေကြောင်းအရလည်းကောင်း၊ ရေးထုံးရေးနည်းအရလည်းကောင်း စိစစ်အကြံပြုချက်များအရ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများကလည်း လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ရေးထုံးရေးနည်းမှန်ကန်စေရန် အပြီးသတ်ရေးဆွဲခြင်း တို့ ဆောင်ရွက်ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းထွန်းဦး (အမရပူရ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သက်ဆိုင်ရာဌာနက စိစစ်နေသော ဥပဒေများသည် များပြားလှပါကြောင်း၊ ထိုကဲ့သို့ များပြားသော ဥပဒေများကို စိစစ်ရာတွင် သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းများကို ထပ်မံတိုးချဲ့ပြီး ဆောင်ရွက်ခဲ့ခြင်းများ ရှိ/မရှိ၊ မရှိပါက ရှိသည့် ဝန်ထမ်းနှင့် လောက်ငှမှုရှိ/မရှိ၊ မော်တော်ယာဉ်ဥပဒေကို စိစစ်နေသည်ဟု သိရှိရသည့်အတွက် ယင်းမော်တော်ယာဉ်ဥပဒေတွင် နေပြည်တော်၊ မန္တလေးတွင် ဒဏ်ငွေတပ်ရိုက်သည့် ကိစ္စများတွင် တည်ဆဲမော်တော်ယာဉ် ဥပဒေကဒဏ်ငွေ ၁၅၀၀ ကျပ်၊ ယာဉ်စည်းကမ်းဖောက်ဖျက်ပါက ၁၅၀၀ ကျပ်သာဖြစ်ပြီး မန္တလေး၊ နေပြည်တော်တွင် သောင်းနှင့်ချီပြီး ဒဏ်ရိုက်ခံနေရပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနအနေဖြင့် မည်သို့သော မှတ်ချက်မျိုး အမြင်မျိုးရှိသည်ကို သိရှိလိုပါကြောင်း၊ နောက်အချက်မှာ အများသုံးနေသော ရာဇသတ်ကြီးဥပဒေဖြစ်ပါကြောင်း၊ မိမိတို့ထံတွင် ဒဏ်ငွေများနည်း၍ တင်လာသည်များရှိသော်လည်း မူရင်းမှာ အင်္ဂလိပ်လို ဖြစ်သည့်အတွက် မြန်မာလို ပြန်ဆိုပြီးမှသာလျှင် အတည်ဖြစ်နိုင်မည်ဟူ၍ ထားရှိခဲ့ပါကြောင်း၊ ထိုကဲ့သို့ ရာဇသတ်ကြီးမျိုးကို မည်သည့်အချိန်မျိုးတွင် ဘာသာပြန်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး

ဝန်ထမ်းများလောက်ငမှုရှိ/မရှိနှင့်စပ်လျဉ်း၍ ပြီးခဲ့တဲ့နှစ်က ဥပဒေရေးဆွဲရေးဌာနတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဌာနခွဲဟူ၍ ညွှန်ကြားရေးမှူးတစ်ယောက်ဦးစီးသော ဌာနခွဲ ၄ တစ်ခု တိုးချဲ့ဖွင့်လှစ် ခွင့် ရခဲ့ပါကြောင်း၊ အဓိကမှာ ဝန်ထမ်းများလောက်ငှမှုရှိ/မရှိထက် ဝန်ထမ်းများသည် အရည် အချင်းပြည့်မီသော ဝန်ထမ်းများဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင် သင်တန်းများဖွင့်၍ အရည်အချင်းပြည့်မီစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် ဥပဒေများအကြံပြုရာတွင် မိမိတို့ရုံး၌ ကြန့်ကြာမှုမရှိစေရန် တစ်လ၊ နှစ်လအတွင်း အားလုံးပြီးပြတ်စေရန်ဆောင်ရွက် လျက် ရှိပြီး မိမိတို့ ရုံးတွင် ၁၅ ခု၊ အခု ၂၀ ထက်ပိုပြီး လက်ကျန်မရပါသဖြင့် အချိန်မီဆောင်ရွက်ပေး နိုင်ဆဲသာ ရှိပါကြောင်း။

မော်တော်ယာဉ်ဥပဒေသည် ယခု မြန်မာ့မီးရထားကစီမံခန့်ခွဲသည့်ဥပဒေ ဖြစ်ပြီးအစိုးရအဖွဲ့ကို တင်ရန် အောက်ကဖွဲ့စည်းပေးထားသော ဒုတိယသမ္မတ-၂ ဦးစီးသည့် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို တင်ပြပြီး ညှိနှိုင်းဆောင်ရွက်နေအဆင့်ဖြစ်သည်ဟု သိရပါကြောင်း၊ ဒဏ်ငွေ ကိစ္စကိုလည်း ယမန်နေ့ကပင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို ဒုတိယသမ္မတ-၂ ဦးစီးပြီး အစည်းအဝေးကျင်းပရာတွင် ဆွေးနွေးခဲ့ပါကြောင်း၊ ဥပဒေတွင် ယခင်က ဒဏ်ငွေများသည် အလွန်နည်းပြီး ၁၅၀၀ ကျပ်ခန့်သာ ရှိပြီး အမှန်တကယ် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စီမံခန့်ခွဲရေး နည်းလမ်းများနှင့် အရေးယူ ဆောင်ရွက်နေပါကြောင်း၊ ငွေများလည်း ပိုမိုတိုးချဲ့ပြီး ဒဏ်ရိုက်နေပါကြောင်း၊ ထို့ကြောင့် မော်တော်ယာဉ်ဥပဒေတွင် ခေတ်နှင့် လျော်ညီသော ဒဏ်ကြေးများကို ပြန်လည်ပြင်ဆင်သတ်မှတ်ထားသည်ကို သိရှိရပါကြောင်း၊ ဒဏ်ကြေးများကို မော်တော်ယာဉ် ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးသည့်အခါ တရားရုံးကသာ ဒဏ်ရိုက်ပြီး စီမံခန့်ခွဲရေးနည်းလမ်းများနှင့် ဆောင်ရွက်သည်များ ပပျောက်သွားမည်ဟု ယူဆပါကြောင်း၊ အသေးစိတ်ကို စီမံခန့်ခွဲသည့် ဝန်ကြီးဌာနက ပို၍ သိရှိမည်ဖြစ်ပါကြောင်း။

ရာဇသတ်ကြီးဥပဒေကို ဘာသာပြန်သည့် ကိစ္စမှာ ရာဇသတ်ကြီးဥပဒေသည် တရားဝင်ဘာသာပြန်ထားသော တစ်ခုတည်းသော ဥပဒေဖြစ်ပါကြောင်း၊ ထို့ကြောင့် ရာဇသတ်ကြီး ဥပဒေနှင့် ပတ်သက်၍ ဘာသာပြန်ပြီးသားဖြစ်သည့်အတွက် ဗမာလိုပင် ပြင်ဆင်၍ရကြောင်း ရှင်းလင်းဖြေကြား ပါသည်။

ဥက္ကဋ္ဌကြီးက သုံးသပ်မေးမြန်းပါသည်။

ဥပဒေတစ်ခုပြဋ္ဌာန်းရန် ပြည်ထောင်စုလွှတ်တော်ကို ပေးရန် အချိန် လေးလ၊ ငါးလ၊ ခြောက်လလောက် အထိ ကြာပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်သို့ရောက်သည့်အခါ ပြည်ထောင်စုလွှတ်တော်ကလည်း ယင်းဥပဒေပြဋ္ဌာန်းရန် လွှတ်တော်တစ်ခုကို ချပေးခြင်းများရှိပါကြောင်း၊ ဥပမာပြော ရမည်ဆိုပါက အမျိုးသားပညာရေးဥပဒေ၊ သတ္တုတွင်းဥပဒေ၊ လျှပ်စစ်ဥပဒေ စသည်တို့ကို လွှတ်တော်အတွင်း၌ ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် ဥပဒေကြမ်းများ ရေးဆွဲပြီး သက်ဆိုင်ရာလွှတ်တော်များတွင် ဆွေးနွေးခဲ့ရခြင်းများရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနက မလာသေး၍ လွှတ်တော် အတွင်း၌ ဥပဒေကြမ်းများ ရေးဆွဲပြီး လွှတ်တော်အတွင်း၌ ဆွေးနွေးနေချိန်တွင် ယင်းဥပဒေများကို အကြံပြု ဆွေးနွေးရန်ရှိသည်ဟုဆိုကာ သက်ဆိုင်ရာဌာနများက လာရောက် မေတ္တာရပ်ခံလျက်ရှိပါကြောင်း၊ လွှတ်တော်အနေဖြင့် ယင်းကိစ္စမျိုးကို ဝမ်းမြောက်ဝမ်းသာကြိုဆိုသော်လည်း အမှန် တကယ်အားဖြင့် လွှတ်တော်ထဲ၌ ဆွေးနွေးအကြံပြုရန်ဟုတ်ဘဲ အသစ်ရေးဆွဲထားသော ဥပဒေကြမ်းများယူပြီး လွှတ်တော်ထဲရောက်လာခြင်းများရှိပါကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ လွှတ်တော်သည် အသင့် တင်လာသော ဥပဒေကြမ်းများကိုသာ လွှတ်တော်ထဲတွင် ဆွေးနွေးချင်ပါကြောင်း၊ ယင်းဥပဒေများသည် အမှန်တကယ် လိုအပ်သော ဥပဒေများ ဖြစ်ပါကြောင်း၊ သို့သော် ယင်းကိစ္စများကို သက်ဆိုင်ရာက အသစ်ပြင်ဆင် ရေးဆွဲခြင်း၊ ပြဋ္ဌာန်းခြင်း၊ ပယ်ဖျက်ခြင်းမပြုသည့်အတွက် လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ကော်မတီများ ဆောင်ရွက်နေခြင်းများ ရှိပါကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ ဥပဒေတစ်ခုကို သက်ဆိုင်ရာဝန်ကြီးဌာနက စပြီး ဥပဒေကြမ်းအဖြစ် ဆောင်ရွက်မည်ဆိုပါက ရှေ့နေချုပ်ရုံးပြီး အစိုးအဖွဲ့ Cabinet စသဖြင့် အဆင့်ဆင့် အသွားအပြန်သည် အချိန်ကြာသည်ဟု ပြောကြသည့်အတွက် ဥပဒေကြမ်း တစ်ခုကို ပြုစုရာတွင် ရှေ့နေချုပ် ရုံးဘက် သို့မဟုတ် ပြည်ထောင်စုအစိုးရဘက်တွင် မည်ကဲ့သို့ ဆောင်ရွက်နေသော Procedure ကိုလည်း သိရှိလိုပါကြောင်း၊ ထိုသို့ပြုလုပ်သည့်အခါ အချိန်မည်မျှအတွင်း အမြန်ဆုံး ပြီးနိုင်မည် သို့မဟုတ်  အချိန်အကြာဆုံး မည်မျှရှိမည်ကို သိရှိလိုပါကြောင်း၊ ရှေ့နေချုပ်ရုံးတွင် ရောက်နေသော ဥပဒေကြမ်းမည်မျှရှိသည်ကို ဖြေဆိုနိုင်ပါက ဖြေဆိုပေးစေလိုပါကြောင်း၊ သို့မဟုတ် ဖြေနိုင်သည်အချိန်တွင် စာဖြင့် ပေးပို့ပေးပါ။ ဖြေဆိုချက်ပေါ်မူတည်ပြီး လွှတ်တော်ဘက်ကလည်း ထိုကဲ့သို့ တက်လာသည့် ဥပဒေကြမ်းများကို အသင့်ပြင်ဆင်ထားပြီး ယခုတစ်ပတ် ပြည်ထောင်စုလွှတ်တော် ပထမသက်တမ်းအတွင်း ယင်းဥပဒေများကို အပြီး ပြဋ္ဌာန်း၊ ပြင်ဆင်၊ ပယ်ဖျက် ပေးချင်သည့်အတွက် ယခုကဲ့သို့ ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ နံပါတ် (၁)  Procedure ပြီးသည့်အချိန်တွင် အချိန်မည်မျှကြာသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး

ဥပဒေကြမ်းတင်သော Procedure အနေဖြင့် မိမိတို့ထံသို့ ဝန်ကြီးဌာနအဖွဲ့အစည်းများက ၎င်းတို့ ပြင်ဆင်သင့်သော ဥပဒေများ၊ အသစ်ရေးဆွဲသင်‌့သော ဥပဒေများကို သူတို့ သုံးသပ်ပြီးချိန်တွင် ဝန်ကြီးဌာနများက မိမိတို့ ရုံးကို တင်ပြလာပါကြောင်း၊ ထိုသို့ တင်ပြလာရာ မိမိတို့ရုံးသည် အလွန်ဆုံး နှစ်လခန့်အတွင်း အကြံပြု ပြန်ကြားချက်များ ပြန်ကြားပေးခဲ့ပါကြောင်း၊ ထိုသို့ ပြန်ကြားရာတွင် မိမိတို့ အကြံပြုချက်များနှင့် ပြင်ဆင်ပြီးပါက ဝန်ကြီးဌာနများအနေဖြင့် ဆက်လက်ပြီး အစိုးရအဖွဲ့ကို တင်သွင်းသွားရန် ရပြီဖြစ်ပါကြောင်း၊ ဥပဒေများသည် စိစစ်လိုက်တိုင်း အချိန်ယူရင် ယူပြီးလုပ်ရသလောက် ပိုမိုပြီး ပြည့်စုံစေရန်၊ ကောင်းအောင် ဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ မိမိတို့က လိုအပ်သည်များကို ပြန်လည်ပြောကြားရသည့်အတွက် ၎င်းတို့က ထပ်၍ ပြန်ဆွဲရသည့်အတွက် အချိန်ကြန့်ကြာခြင်းများ ရှိပါကြောင်း။

အစိုးရအဖွဲ့အနေဖြင့်လည်း ပိုမို မြန်ဆန်စေရန် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဖွဲ့ပြီး တင်လာသည့်ကိစ္စကို တစ်ခါတည်း မဆွေးနွေးရတော့ဘဲ  အတည်ပြုနိုင်စေရန် တင်ပြခြင်းများ ရှိပါကြောင်း၊  ထို့ကြောင့် ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ရုံးက အကြံပြုချက်များကို ပြင်ဆင်ပြီးချိန်တွင် ၎င်းတို့၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို အရင်တင်ပြီးနောက် အစိုးရအဖွဲ့ကို ထပ်မံတင်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဥက္ကဋ္ဌကြီးက ထပ်မံ၍ မေးမြန်းပါသည်။

ကြာမြင့်ချိန်သည် ဝန်ကြီးဌာနက စတင်ပြီး ရှေ့နေချုပ်ရုံးတွင် နှစ်လခန့်၊ ထို့နောက် ဝန်ကြီးဌာန ပြန်ပို့ကာ ဝန်ကြီးဌာနတွင် ပြန်စိစစ်ပြီး ရှေ့နေချုပ်ရုံးသို့ ပြန်တင်ပြသည့်အတွက် အချိန်မည်မျှကြာသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး

အချိန်ကာလအားဖြင့် တချို့ဥပဒေများသည် မြန်ဆန်မှုရှိသော်လည်း တချို့ဥပဒေများသည်လည်း နှစ်ကာလအထိ ကြန့်ကြာမှုများရှိပါကြောင်း့ မိမိတို့ရုံးတွင် ဧပြီလအထိ လက်ကျန် ပြင်ဆင်သော ဥပဒေ ၁ခု၊ အစားထိုးပြဋ္ဌာန်းသော ဥပဒေ ၅ ခု၊ ဥပဒေအသစ် ၁၀ ခုသာ ကျန်ရှိပါကြောင်း၊ ပြီးခဲ့သည့် လအတွင်း ဆောင်ရွက်ပြီးစီး အကြံပြု ပြန်ကြားပေးခဲ့သည်မှာ ၂၆ ခုရှိပါကြောင်းနှင့် မိမိတို့ ရုံးအနေဖြင့် အတတ်နိုင်ဆုံး၊ အမြန်ဆုံး အကြံပြုချက်များကို  ပြန်ကြားနေပါကြောင်း၊ ဥပဒေများကို လွှတ်တော်တွင် ဆွေးနွေးသည့်အချိန်ကာလရောက်ရှိမှ ဝန်ကြီးဌာနများက ထပ်မံ၍ ဥပဒေအသစ်တင်လာသည်ဆိုသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် ဥပဒေ အမည်တူ၊ အကြောင်းအရာတူ ပါက လွှတ်တော်က လက်ခံစဉ်းစားသော ဥပဒေတစ်ခုအပေါ်တွင် လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်းဲ ဆက်လက် ဆွေးနွေးရမည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း။

ဥပဒေနှစ်ခု မတင်ရ ဟူ၍  ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း ယင်းကိစ္စသည် လွှတ်တော်၏ လုပ်ပိုင် ခွင့်ဖြစ်သည့်အတွက် အကြောင်းအရာတူ၊ ခေါင်းစဉ်တူ၊ အမည်တူ၊ အနှစ်သာရတူသော ကိစ္စများတွင် လက်ခံရန် လွှတ်တော်က ဆုံးဖြတ်ထားသော ဥပဒေအပေါ် ထပ်မံပြီး လိုအပ်သော အချက် အလက်များကို ပြင်ဆင်ဖြည့်စွက်သွားခြင်းသည် နှစ်ခု ဆွေးနွေးရန်မလိုအပ်ဟု မိမိအနေဖြင့် ထင်မြင်မိကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၏ ဖြေကြားချက်အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ဆွေးနွေးပြောကြားရာတွင် -

မှန်ကန်ပါကြောင်း၊  လွှတ်တော်က ဆွေးနွေးသော ဥပဒေတွေကို အကြံပြုချင်၍ အချိန်တစ်ခုစောင့်ပေးပါဟူ၍ မူလပထမ တင်ပြခဲ့ခြင်းကြောင့် လွှတ်တော်အနေဖြင့် စောင့်ဆိုင်းခဲ့သော်လည်း အမှန်တကယ်ရောက်ရှိလာသည်မှာ အကြံပြုချက်မဟုတ်ဘဲ အသင့်ပြုစုထားသော ဥပဒေကြမ်းဖြစ် ပါကြောင်း၊ မိမိတို့ လွှတ်တော်အနေဖြင့် မူလဥပဒေကို အခြေခံပြီး ဆွေးနွေးနေသည့်အချိန်တွင် လိုအပ်သော ဥပဒေကြမ်းကို လျင်မြန်စွာ ပြုစုပေးရန်လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ   နှစ်ဖက်လုံးအတွက် အကျိုးမရှိနိုင်သည်ကို ရှင်းလင်းစွာ သိရှိရန် ပြောကြား လိုပါကြောင်း၊   ဝန်ထမ်းများ ပြည့်စုံမှုရှိ/မရှိဆိုသည်နှင့်စပ်လျဉ်း၍ ယနေ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် ရှေ့နေချုပ်တစ်ဦး၊ ဒုတိယ ရှေ့နေချုပ်တစ်ဦးရှိပြီး  ဒုတိယရှေ့နေချုပ်သည် လွှတ်တော်ကို လာရောက်၍ မေးခွန်း ဖြေကြားခြင်း၊ သက်ဆိုင်ရာကော်မတီ အသီးသီးအတွက်  ဥပဒေ အကြံများပေး ရခြင်းများအပြင်  ဥပဒေကြမ်း (Drafting) များ ပြုစုရမည့် ကိစ္စများလည်း ရှိနိုင်ဟု ထင်မြင်မိပါကြောင်း၊

တာဝန်ခံမည့် ပြည်ထောင်စုအဆင့်တွင် လွှတ်တော်က ပြောသည့်အပေါ်မူတည်ပြီး ပြန်လည်သုံးသပ် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဥပဒေနှင့် ဥပဒေကြမ်းများ ပြုသည့်အခါ အချို့ ဥပဒေများအတွက် အချိန်တိုအတွင်း ပြီးစီးနိုင်သော်လည်း တချို့ဥပဒေများ သည် နှစ်ချီကြာသည်ဟု ဖြေကြားခဲ့ ပါကြောင်း၊  ရှေ့နေချုပ်ရုံးကဖြစ်စေ လွှတ်တော်ကဖြစ်စေ မည်မျှပင် ပြည့်စုံအောင်ဆောင်ရွက်စေကာမူ လွှတ်တော်သို့ ဥပဒေကြမ်းများ ရောက်ရှိလာပါ ပြန်လည်ပြင်ဆင်မှုများစွာရှိပါကြောင်း၊  ဥပဒေများကို အချိန်ယူပြီး ပြည့်စုံစေရန် ရေးဆွဲသည်ဆိုသော်လည်း မည်မျှပင် အချိန်ယူစေကာမူ အမှန်တကယ်အားဖြင့် မပြည်‌့စုံနိုင်သည့်အတွက် အကောင်းဆုံးဖြစ်စေရန် ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်သို့ ပြင်ဆင်သည့် ဥပဒေကြမ်းများလျင်မြန်စွာ ပေးပို့ပေးရန်နှင့် လွှတ်တော်က ယင်းတို့ကို လက်ခံပြီး အမြန်ဆုံးဖြစ်အောင် ဆွေးနွေးပေးရန် အသင်‌့ရှိပါကြောင်း  လွှတ်တော်ကတစ်ဆင့် သက်ဆိုင်သော ဌာန၊ သက်ဆိုင်သည့် အဖွဲ့အစည်းများ ကြားသိနိုင်စေဖြစ်ပါကြောင်းကို ဆွေးနွေး ပြောကြားခဲ့ပါသည်။