(ခ)-ပြည်တွင်းသုံးစွဲရန် ပို့လွှတ်ထားသော သဘာဝဓာတ်ငွေ့အပေါ်အခြေခံပြီး ချုပ်ဆိုထားသော စာချုပ်များအရ ထားဝယ်ခရိုင် လျှပ်စစ်မီးရရှိရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၅.၁၀.၂၀၁၇)

ဦးသက်နိုင်ဦး(ရေဖြူမဲဆန္ဒနယ်) (2199)မိမိတို့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လျှပ်စစ်မီးရရှိရေးအတွက် ထားဝယ်ခရိုင်၊ ကံပေါက်ဒေသမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့အပေါ်အခြေခံပြီး တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့်‌ ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ထုတ်လုပ်ရေးကဏ္ဍတွင် GGS ကုမ္ပဏီက ငါးနှစ်စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားပါကြောင်း၊ ဖြန့်ဝေရေးကဏ္ဍတွင်လည်း DDPC ကုမ္ပဏီအား ငါးနှစ်စာချုပ် ချုပ်ဆိုပြီး သုံးလတစ်ကြိမ်စောင့်ကြည်‌့ကာ သက်တမ်းတိုး အစီအစဉ်ဖြင့်‌ ဆောင်ရွက်နေပါကြောင်း၊ လျှပ်စစ်ဓာတ်အားခကိုလည်း တစ်ယူနစ် ၂၁၀ ကျပ် ဈေးနှုန်းဖြင့်  သတ်မှတ်ပြီး ဖြန့်ဝေပေးနေပါကြောင်း နိုင်ငံတော်အနေဖြင့်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်ခရိုင်၊ ကံပေါက်ဒေသရှိ ရတနာသဘာဝဓာတ်ငွေ့ရေနံမြေ၊ ရဲတံခွန် သဘာဝဓာတ်ငွေ့ရေနံမြေနှင့် ဇောတိက သဘာဝဓာတ်ငွေ့ရေနံမြေတို့မှ ကုဗပေ သန်းပေါင်း ၃၇၈၁၅၇ ခန့် ရောင်းချခဲ့ပါကြောင်း၊ ၎င်းပမာဏသည် မြန်မာနိုင်ငံအတွင်းရှိ အခြား ဒေသမှ ထွက်သော သဘာဝဓာတ်ငွေ့ရောင်းချမှုနှင့် နှိုင်းယှဉ်လျှင် အများဆုံး ပမာဏ ဖြစ်ပါ ကြောင်း၊တစ်နိုင်ငံလုံးအနေဖြင့်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာငွေရရှိမှုတွင် စွမ်းအင်ကဏ္ဍမှ အများဆုံးဖြစ်ပြီး နှစ်အလိုက်ဈေးနှုန်းများအရ ကျပ်ဘီလီယံပေါင်း ၂၆၆၉၉ ကျော် ရရှိခဲ့ပါကြောင်း၊ ဒေသခံပြည်သူများမှာ မိမိဒေသမှထွက်သော သဘာဝဓာတ်ငွေ့ဖြင့်‌ နိုင်ငံတော်အတွက် ဝင်ငွေ အများဆုံးရှာဖွေပေးနေ သော်လည်း လျှပ်စစ်တစ်ယူနစ်ဈေး၊ မဟာဓာတ်အားလိုင်း ရရှိသောဒေသများထက် ဈေးနှုန်းကြီးမြင့် စွာသုံးစွဲနေရခြင်း၊ သုံးစွဲရာတွင်လည်း မီးမကြာ ခဏ ပျက်ခြင်း၊ ဗို့အားမပြည့်ခြင်း စသည့်အချက်များ အပေါ်အခြေခံကာ သင့်တင့်မျှတသောဈေးနှုန်းဖြင့် လျှပ်စစ်မီးပုံမှန်ရရှိရေး မျှော်လင့်တောင်းတလျက် ရှိပါကြောင်း၊ ပြည်တွင်းသုံးစွဲရန်အတွက်လည်း ကုဗပေသန်းပေါင်း ၁၁၃၂၀၁ ပို့လွှတ်ခဲ့ပါကြောင်း၊ ၎င်းအပြင် ၂၀၁၆-၂၀၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဓာတ်ငွေ့ဝယ်ယူရေးနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကံပေါက် ဒေသတွင် Andaman Power and Utility Co.,Ltd မှ ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစီမံကိန်းအား IPP စနစ်ဖြင့် ဆောင်ရွက်ရန် ချုပ်ဆိုခဲ့ပါကြောင်း၊နိုင်ငံတော်စွမ်းအင်မူဝါဒအရလည်း စွမ်းအင် သယံဇာတများကို ထွက်ရှိရာ ဒေသအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး အကျိုးရှိဆုံးနှင့်‌ အထိရောက်ဆုံး ခံစားနိုင်မည့်သုံးစွဲမှု ဖြစ်စေရေး အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊သို့ဖြစ်ပါ၍ ပြည်တွင်းသုံးစွဲရန် ပို့လွှတ်ထားသော သဘာဝဓာတ်ငွေ့အပေါ်အခြေခံပြီး ချုပ်ဆိုထားသော စာချုပ်များအရ ထားဝယ်ခရိုင် လျှပ်စစ်မီးရရှိရေးအတွက် မည်ကဲ့သို့ စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးအုန်းခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးအုန်းခင်တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းတွင် လက်ရှိမဟာဓာတ်အားလိုင်းစနစ် ရောက် ရှိခြင်း မရှိသေးသည့်အတွက် မဟာဓာတ်အားလိုင်းစနစ်နှင့်ချိတ်ဆက်ခြင်းမရှိသောဒေသမှာ ၃၀ မဂ္ဂါဝပ်အောက် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ရောင်းချ ခြင်းလုပ်ငန်းများကို ဥပဒေပါ ပြဋ္ဌာန်း ချက်များအတိုင်း တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများက စီမံခန့်ခွဲခွင့်ရှိပါကြောင်း၊ ထို့ကြောင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်မှစ၍ Andaman Power and Utility ကုမ္ပဏီက 1 MW ထုတ်လုပ်နိုင်သည့် Gas Engine ခြောက်လုံးကို ငှားရမ်း၍ ကံပေါက်ဒေသတွင် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးဆောင်ရွက်ရန်အတွက် ၂၆-၆-၂၀၁၄ ရက်နေ့တွင် ဓာတ်အားခတစ်ယူနစ် လျှင် ၂၂၀ ကျပ်နှုန်းဖြင့်‌ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စာချုပ်ချုပ်ဆိုခဲ့ဖြစ်ပါကြောင်း၊ ၁၆-၆-၂၀၁၅ ရက်နေ့မှစ၍ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါကြောင်း၊ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ၁-၁၂-၂၀၁၅ ရက်နေ့တွင် စာချုပ်ချုပ်ဆိုပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်၊ မြို့တစ်မြို့နှင့်‌ ကျေးရွာ ၃၅ ရွာ၊ မီးသုံးသူအိမ်ထောင်စုပေါင်း ၂၅၅၂၄ ကို ဓာတ်အား တစ်ယူနစ်လျှင် ကျပ် ၃၀၀ နှုန်းဖြင့် ဓာတ်အားဖြန့်ဖြူးရောင်းချခဲ့ပြီး ထားဝယ်ခရိုင်အတွင်း မီးရရှိမှုမှာ ၂၅ ရာခိုင်နှုန်းခန့်အထိ ရရှိခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး၏ရန်ပုံငွေဖြင့် ထားဝယ်ခရိုင်အတွင်း ဓာတ်အားလိုင်းများတည်ဆောက်ကာ ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်ပြီး ကျေးရွာ ၅၂ ရွာ၊ အိမ်‌ထောင်စုပေါင်း ၁၀၄၀၀ ကို ထပ်မံဓာတ်အားဖြန့်ဖြူးသောကြောင့် လျှပ်စစ်ဓာတ်အားရရှိမှုသည် ၃၅ ရာခိုင်နှုန်းအထိ တိုးတက် လာပါကြောင်း၊ တိုးတက်လာသည့်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် ယခင် ၆ မဂ္ဂါဝပ်ကနေ ၉ မဂ္ဂါဝပ်အထိ တိုးမြင့်လာပါကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပေါ်လာသည့် အတွက် ယခင်တပ်ဆင်ထားသည့် စက်တပ်ဆင်အင်အားသည် ၆ မဂ္ဂါဝပ်သာ ရှိသည့် အတွက် ဓာတ်အားနိုင်နင်းမှုမရှိ တော့ဘဲ ယခင်တပ်ဆင်ထားသည့် အရန်ဒီဇယ်စက်များဖြင့်‌ ဖြည့်စွက်ပြီး မောင်းနှင်ပေးရခြင်း၊ ဝန်အားလျှော့ရခြင်းများ ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထို့အတွက် Gas Engine အနေဖြင့် ဓာတ်အားထုတ်လုပ်ပေးမှုကို ဆောင်ရွက်သည့် Andaman Power and Utility ကုမ္ပဏီနှင့် တိုင်းဒေသကြီးအစိုးရတို့ ချုပ်ဆိုထားသည့် စာချုပ်သည် ၃၀-၆-၂၀၁၇ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးသွားသောကြောင့် တိုးတက်လာသည့်လျှပ်စစ်ဓာတ်အားကို လုံလောက်အောင် ဖြန့်ဖြူးနိုင်ရန်နှင့် ဓာတ်အားထုတ်လုပ်သည့်ကုန်ကျစရိတ်အား သက်သာရန် ရည်ရွယ်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ ၁၀-၁၁-၂၀၁၆ ရက်နေ့တွင် အိတ်ပိတ်တင်ဒါခေါ်ယူပြီး ခဲ့ပါကြောင်း၊ ဓာတ်အားတစ်ယူနစ်ဈေးနှုန်းကို ၁၃၀ ကျပ်နှင့် ထုတ်လုပ်မည်ဟုတင်ပြလာသသည့် Global Grand Service Co.,Ltd ကို တိုင်းဒေသကြီးအစိုးရက ရွေးချယ်ခဲ့ပြီး ၆-၁၂-၂၀၁၆ ရက်နေ့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ စာချုပ်ကို ချုပ်ဆိုခဲ့ပါကြောင်း၊

အဆိုပါ Global Grand Service Co.,Ltd က ၁၂ မဂ္ဂါဝပ်စက်ကို တပ်ဆင်ခဲ့ပြီး         ၁-၇-၂၀၁၇ ရက်နေ့မှစ၍ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခဲ့ပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးရေးအပိုင်းကို ထားဝယ် ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီလီမိတက်အား တိုင်းဒေသကြီးအစိုးရက ဆက်လက် လုပ်ကိုင် ခွင့်ပေးခဲ့ပြီး ၂၆-၆-၂၀၁၇ ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊ ထို့ကြောင်‌့        ၁-၇-၂၀၁၇ ရက်နေ့မှစ၍ ဓာတ်အားခဈေးနှုန်းဟာ ယခင် ၃၀၀ ကျပ် ကနေ ၂၁၀ ကျပ်အထိ လျှော့ချပြီး ရောင်းချပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင်လမှစ၍ ကျေးရွာပေါင်း ၈၇ ရွာအပါအဝင် မီးသုံးသူဦးရေ ၃၆၀၀၀ အထိကို ၂၄ နာရီအချိန်ပြည့် ဓာတ်အားပေး နိုင်ခဲ့ပါကြောင်း၊ထို့နောက် လျှပ်စစ်ဓာတ်အားသုံးစွဲမှု တိုးတက်လာပြီး ၁၀ မဂ္ဂါဝပ်လောက် အထိ ရောက်ရှိလာသည့်အတွက် Gas Engine များနှင့် ဆက်လက် ဓာတ်အားပေးခဲ့ပါကြောင်း လိုအပ်သည့် ဓာတ်အားခွဲ ရုံများတည်ဆောက်ခြင်း၊ တိုးချဲ့ခြင်းကြောင့် မီးသုံးသူဦးရေ ပိုမိုများပြားလာပြီး ဓာတ်အားရရှိမှု ၄၇ ရာခိုင်နှုန်းအထိ ရရှိလာပါကြောင်း၊ မိမိတို့ ပြည်ထောင်စုဝန်ကြီးဌာနအနေနှင့် ကံပေါက်ဒေသတွင် ၂၀၂၁-၂၂ ခုနှစ်ပြီး မဂ္ဂါဝပ်တစ်ထောင်ကျော်ထုတ်လုပ်နိုင်မည့့်် IPP စနစ်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်သွားမည့်အစီအစဉ်ကို ဆွေးနွေးညှိနှိုင်းလျှက်ရှိပြီး အဆိုပါ လုပ်ငန်းများအောင်မြင်လျှင် တနင်္သာရီတိုင်းဒေသကြီးအတွင်းအပါအဝင် ကရင်၊ မွန်၊ ပဲခူး စတဲ့ဒေသတွေအထိ ဓာတ်အားများကို လုံလုံလောက်လောက်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း ရှင်းလင်း‌ဖြေကြားပါသည်။