၁၉၆၇ ခုနှစ်တွင် တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး ဆိုရှယ်လစ်စနစ်ကို ပြောင်းလဲခဲ့သည့်အတွက် ၁၉၆၄ ခုနှစ်က စတင်ကာ ကျောင်းများကို ပြည်သူပိုင်သိမ်းခဲ့ပါကြောင်း၊ ဆိုရှယ်လစ်စနစ်အရ Human Resource များကို ကုန်ထုတ်ကိရိယာအဖြစ် သတ်မှတ်ခဲ့ပြီး ကုန်ထုတ်လုပ်မှုတွင် လိုအပ်သော မေဂျာ များကို ထပ်မံခွဲခြားကာ ပညာရေးအဆင့်အတန်းနိမ့်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၇၅ တွင် ဥပဒေမရှိဘဲ နေ့ကျောင်းတက်သည့် သူများအနေဖြင့် ဒေသ ကောလိပ်တက်ရန်ကို ဆောင်ရွက်ခဲ့သကဲ့သို့ အလုပ်တစ်ဖက်နှင့် ကျောင်းတက်နေကြသူများအတွက် အဝေးသင်တက္ကသိုလ်ဆိုပြီး ပညာရေးစနစ်ကို ကျင့်သုံးခဲ့ကြပါကြောင်း၊ ၁၉၇၅ ခုနှစ်တွင် ဒေသကောလိပ်တက်ခဲ့သည့်အတွက် လေးနှစ်သင်ရမည့် သင်တန်းကို ဒေသကောလိပ်တွင် နှစ်နှစ်သင်ယူပြီ ပညာရည် အဆင့်အတန်းမမီသော ဘွဲ့ရပညာ မတတ်တွေ မွေးထုတ်ပြီးဖြစ်နေပါကြောင်း။
ထို့အတူ စာပေးစာယူတက္ကသိုလ်သည်လည်း အစိုးရ၏ လက်အောက်ခံ၊ ပညာရေးဝန်ကြီးဌာန၏ လက်အောက်ခံ ဖြစ်သော်လည်း ခွဲခြားဆက်ဆံခြင်းခံရသည့် အဖြစ်များကို သိရှိရပါကြောင်း၊ ထို့ပြင် ၁၉၉၃ တွင် ဆယ်တန်းအောင်သူများအနေဖြင့် ၂၀၀၀ ခုနှစ်ရောက်မှ ဘွဲ့ရသည့်အဖြစ်များကိငု ကြုံတွေ့ခဲ့ ပါကြောင်း၊ လေးနှစ်တက်ရမည့် ဘွဲ့ကို ခုနစ်နှစ် တက်ရောက်ပြီးနောက် Master ကို ထပ်မံပြီး Ph.D ဘွဲ့ကို တက်ရောက်သည့်အချိန်တွင် ၁၀ နှစ်ကျော်နေပြီးဖြစ်သော်လည်း ကျူတာ(Demostrater)ခေါ်သည့် အချိန်တွင် အသက်ကိုလျော့ပေါ့ မစဉ်းစားခဲ့သည့်အတွက် စာရင်းစစ်ဝင်လုပ်ရသော ကျောင်းသူ ကျောင်းသားများရှိပါကြောင်း၊ ထိုကဲ့သို့ တိုင်းပြည်၏ စနစ်ကြောင့် ကျောင်းသားကျောင်းသူများအနေဖြင့် Carrier အပေါ်ကျူနတီတွင် အခက်အခဲများကြုံတွေ့ခဲ့ရပါကြောင်း။
အဝေးသင်တက္ကသိုလ် ဘွဲ့ရများနှင့် နေ့ကျောင်းတက့် တက္ကသိုလ်ဘွဲ့ရများကို အရည်အချင်းသတ်မှတ်ရာ တွင် တူညီမှုရှိ/မရှိ၊ အစိုးရအလုပ်များ လျှောက်ရာတွင် အဝေးသင်တက္ကသိုလ်မှဘွဲ့ရများ အကျုံးဝင်မှုရှိ/မရှိ၊ နေ့ကျောင်းတက်တက္ကသိုလ် ဘွဲ့ရများနှင့် ခွဲခြားသတ်မှတ်ဆုံးဖြတ်ခြင်းများရှိ/မရှိ၊ နောက်တစ်ခု ခွဲခြားဆုံးဖြတ်သတ်မှတ်ခြင်း ခန့်ထားခြင်းပြုလုပ်ပါက အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရသူများနစ်နာ ဆုံးရှုံးမှုမဖြစ်စေရေးအတွက် စီမံဆောင်ရွက်ထားမှုများရှိ/မရှိနှင့် မည်သို့ပြုပြင်ဆောင်ရွက်သွားမည့် အစီ အမံများရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၏ မေးမြန်းချက်များအနက် ပထမမေးခွန်းနှင့် စပ်လျဉ်း၍ အဝေးသင်ကတ္ကသိုလ်များတွင်သင်ကြားပို့ချ ပေးသော သင်ရိုး ညွှန်းတမ်း များနှင့် သင်ရိုးမာတိကာများအားလုံးသည် ပုံမှန်တက္ကသိုလ် သင်တန်းများမှာ သင်ကြားပို့ချပေးသည့် သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများအတိုင်း ထပ်တူထပ်မျှဖြစ်ပါ ကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးအဖွဲ့ (Board of Study) အစည်းအဝေးများတွင်လည်း အဝေးသင်တက္ကသိုလ်နှင့် ပုံမှန် တက္ကသိုလ်သင်တန်းများတွင် သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများ တူညီမှုရှိစေရန် ညှိနှိုင်းဆွေးနွေးပြီး ပညာသင် ကာလနှင့် ပေးသည့် Credit Unit များသည်လည်း တူညီသည့်အတွက် အဝေးသင်တက္ကသိုလ်မှဘွဲ့ရများနှင့် နေ့ကျောင်းတက်တက္ကသိုလ်များမှဘွဲ့ရများ၏ အရည်အချင်းသတ်မှတ်ရာတွင် တူညီမှုရှိပါကြောင်းကို ပညာရေးဝန်ကြီးဌာနမှတဆင့် သဘောထား မှတ်ချက်ကို တောင်းခံရယူ၍ ပြန်လည်ဖြေကြားလိုပါကြောင်း။
ဒုတိယမေးခွန်း၊ တတိယမေးခွန်းများနှင့်စပ်လျဉ်း၍ တစ်ပေါင်းတည်း ရှင်းလင်းဖြေကြားတင်ပြ သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် ဖွဲ့စည်းပုံပါ လစ်လပ်ရာထူးနေရာအတွက် အတည်ပြုခန့်ထားမယ့်ဝန်ထမ်း၏ ပညာအရည်အချင်း၊ အသက်များကို သတ်မှတ်ရာ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေ ၄၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နည်းဥပဒေ ၁၇ တို့ပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းပိုင်းဆိုင်ရာလိုအပ် ချက်အရ ခေါ်ယူခန့်ထားမည့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းတို့ကသာလျှင် သတ်မှတ်ပေး ခြင်းဖြစ်ပါ ကြောင်း။
ယနေ့အချိန်အထိ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ အဆိုပြုချက်အရ အရာထမ်း အဆင့်ဝင်ပေါက် ရာထူးအတွက် ကြော်ငြာခေါ်ယူရာတွင် အဝေးသင်တက္ကသိုလ် ဘွဲ့၊ နေ့ကျောင်းတက် တက္ကသိုလ်ဘွဲ့ဟူ၍ တစ်ကြိမ်တစ်ခါမှ ခွဲခြားသတ်မှတ်ခေါ်ယူခဲ့ခြင်းမရှိခဲ့သကဲ့သို့ ရေးဖြေအောင်မြင်ပြီး ပုဂ္ဂိုလ်များကို လူတွေ့စစ်ဆေးရာတွင်လည်း အဝေးသင်တက္ကသိုလ်ဘွဲ့ရ နေ့ကျောင်းတက်တက္ကသိုလ်ဘွဲ့ရ ဆိုဟူ၍ ခွဲခြား ရွေးချယ်ခြင်း အလျဉ်းမရှိသည်ကို တင်ပြလိုပါကြောင်း၊ အဓိကအချက်အနေဖြင့် အရည်အချင်းပြည့်မီပြီး နိုင်ငံ့ဝန်ထမ်းကောင်းဖြစ်လာနိုင်မည့်သူများကို အတတ်နိုင်ဆုံး မှန်ကန်မျှတစွာဖြင့် စစ်ဆေးရွေးချယ်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
