မိမိတို့တိုင်းပြည်တွင် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်ရောင်းဝယ်ဖောက်ကားရာမှ ဖမ်းဆီရရှိသော ယာဉ်များကို တရားရုံးနှင့် ရဲစခန်းများတွင် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသည်များ မြောက်များစွာ ရှိသကဲ့သို့ သစ်တောထွက်ပစ္စည်းများ တရားမဝင်ရောင်းချရာမှ ဖမ်းဆီးရမိသည့် သစ်တောထွက်ပစ္စည်းများသည်လည်း သစ်တောစခန်း၊ သစ်တောရုံးများတွင် အမြောက်အများ ရှိပါကြောင်း၊ ဖမ်းဆီးရမိသည့် ပစ္စည်းများကို တရားရင်ဆိုင်နေစဉ် ကာလတွင် အမှုမပြီးပြတ်မချင်း သိမ်းဆည်းထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ၎င်းသက်သေခံ ပစ္စည်းများကို လုံလုံခြုံခြုံအမိုးအကာအရိပ်အောက်တွင် ထိန်းသိမ်းထားနိုင်ခြင်းမရှိသည့်အတွက် အမှုမပြီးပြတ်ခင် ပျက်စီးယိုယွင်းနေသည်ကို တွေ့ရှိရပါကြောင်း၊
ထို့ပြင် ဖြုတ်ယူတပ်ဆင်ရန် လွယ်သည့်ပစ္စည်းများကို အလွယ်တကူဖြုတ်ယူခြင်းများပြုလုပ်ခြင်း၊ သစ်တောထွက်ပစ္စည်းများ ပျက်စီးယိုယွင်းပြီး အမှုပြီးမှ လေလံတင်သည့်အတွက် အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် ပုံစံ(၈)နှင့် ထုတ်ယူသည့်အတွက် အခွန်မပါဘဲ တိုင်းပြည်အတွက် နစ်နာသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုအစိုးရမှ သက်ဆိုင်ရာဝန်ကြီးဌာနကို စနစ်တကျ စီမံ ညွှန်ကြားရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများက အမှုများကို အမြန်ဆုံးပြီးစီးအောင် မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် စစ်ဆေးရန်နှင့် အရည်အသွေးမပျက်ခင် တင်ဒါခေါ်ယူခြင်းများပြုလုပ်နိုင်ရန် လိုအပ်ပါကြောင်း၊
ထို့ကြောင့် တရားမဝင်ရောင်းဝယ်ဖောက်ကားရာမှ ဖမ်းဆီးရရှိသော သက်သေခံပစ္စည်းများဖြစ်သည့် မော်တော် ယာဉ်၊ ယာဉ်များနှင့်သစ်တောထွက် ပစ္စည်းများအား အရည်အသွေးမပျက်စီးမီ အမြန်ဆုံး လေလံတင်ရောင်းချရန် အစီအစဉ်ရှိ/မရှိနှင့် သိလိုပါကြောင်း မေးမြန်းပါသည်။
မော်တော်ယာဉ်များနှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနသည် ဖမ်းဆီးရမိသော မော်တော်ယာဉ်များကို ပြည်သူ့ဘဏ္ဍာသိမ်း အမိန့်ထုတ်ပြန်ပြီးနောက် ဗဟိုစက် ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနသို့လည်းကောင်း၊ ဖမ်းဆီးရမိ သစ်တောထွက်ပစ္စည်းများကို သစ်တောဦးစီးဌာနသို့လည်းကောင်း လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးအပ်ပါကြောင်း၊ ဖမ်းဆီးရမိ ပြည်သူ့ဘဏ္ဍာသိမ်းလိုင်စင်မဲ့ မော်တော်ယာဉ်များကို ပြင်ဆင်စရိတ်ငွေ သက်သာစေရန်နှင့် သံရည်ကျိုအဆင့်သို့ ရောက်ရှိခြင်းမှ ကာကွယ်ရန်အတွက် ဖမ်းဆီးရမိစဉ်ကပင် ကနဦး စစ်ဆေးချက် မှတ်တမ်းနှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်စေခြင်းနှင့် အမှုပြီးပြတ်ရေးအတွက် တရားရုံးအသီးသီးက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊
ထို့ကြောင့် ဖမ်းဆီးရမိလိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိစဉ်ကပင် ဗဟိုစက်ပစ္စည်းစာရင်း အင်းနှင့်စစ်ဆေးရေး ဦးစီးဌာနက လွှဲပြောင်းလက်ခံ နိုင်မည်ဖြစ်သော်လည်း အဆိုပါ မော်တော်ယာဉ်များကို တရားရုံးမှ ပြည်သူပိုင်အဖြစ် သိမ်းဆည်းမိန့် ချမှတ်ပြီးမှသာ ဌာနဆိုင်ရာများသို့ လိုအပ်ချက်အပေါ် မူတည်ပြီး ခွဲဝေထုတ်ပေးရေးကို ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၉-၅-၂၀၁၇ ရက်စွဲပါစာဖြင့် ညွှန်ကြားထားရှိသည့်အတိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ညွှန်ကြားချက်နှင့် အညီ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဖမ်းဆီးရမိခဲ့သည့် ယာဉ်များသည်လည်း လိုင်စင်မဲ့ယာဉ်များဖြစ်ပါက အပ်နှံမည့်အကြောင်းကြားစာ ရရှိသည်နှင့်တစ်ပြိုင်နက် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန စစ်ဆေးရေးအဖွဲ့များဖြင့် သွားရောက်စစ်ဆေးပြီး လွှဲပြောင်း/လက်ခံ ဆောင်ရွက်ပြီး သက်ဆိုင်ရာတရားရုံးများက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမိန့် ချမှတ်ပြီးချိန်တွင် ပြုပြင်သုံးစွဲနိုင်သည့် အဆင့်ရှိယာဉ်များကို လိုအပ်သည့်ဌာန/အဖွဲ့အစည်းများကို ခွဲဝေပေးပါကြောင်း၊ ပြုပြင်သုံးစွဲရန်မသင့်သည့် အဆင့်ယာဉ်များကို သံရည်ကျိုဖျက်ဆီးနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့ကို တင်ပြပြီး ခွင့်ပြုချက်ရယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖမ်းဆီးရမိသည့် ယာဉ်များသည် လိုင်စင်ရှိယာဉ်များဖြစ်ပါက သက်သေခံ ပစ္စည်းအဖြစ်ထားရှိပြီး တရားရုံးအမှုကိစ္စ ပြီးပြတ်၍ ဘဏ္ဍာသိမ်းအပ်နှံသည့်အခါ သွားရောက်စစ်ဆေး လွှဲပြောင်း/လက်ခံ ဆောင်ရွက်ပြီး လိုအပ်သည့်ဌာနများကို ခွဲဝေပေးခြင်းနှင့် သံရည်ကျိုဖျက်ဆီးနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရဌာန အဖွဲ့အစည်းများ၏ မော်တော်ယာဉ် လိုအပ်ချက်များကို ဖမ်းဆီးရမိ ပြည်သူ့ဘဏ္ဍာ သိမ်းယာဉ်များဖြင့်သာ အဓိကထား ဖြည့်ဆည်းသုံးစွဲရန် ရည်ရွယ်ထားရှိပါသဖြင့် ဖမ်းဆီးရရှိ သက်သေခံပစ္စည်းများဖြစ်သည့် မော်တော်ယာဉ်၊ ယာဉ်များကို လေလံတင် ရောင်းချမှုနည်းပါးပါကြောင်း၊
သစ်နှင့်သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများ ဆွေးမြည့်/ပျောက်ဆုံး/ ပျက်စီးမှုမရှိမီ စီမံခန့်ခွဲ နိုင်ရန်နှင့် နိုင်ငံဘဏ္ဍာငွေလျော့ပါး ဆုံးရှုံးမှုမရှိစေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် အောက်ဖော်ပြပါ စီမံခန့်ခွဲရေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဖမ်းဆီးရမိစဉ်အဖွဲ့ဖြင့် စစ်ဆေးမှတ်တမ်းတင်ခြင်း၊ လုံခြုံရာ/ နီးရာစုရပ်သို့ သယ်ယူပို့ဆောင်ခြင်း၊ လုံခြုံရာရောက်ရှိစေရေး သယ်ယူပို့ဆောင်နိုင်ရန် အထောက်အပံ့များ စီမံဆောင်ရွက်ခြင်း၊ ဖမ်းဆီးရမိ သစ်၏အနေအထား/ဒေသလုံခြုံရေး အခြေအနေအရ ခြွင်းချက်ဖြင့် ပုံသဏ္ဍာန်ပြုပြင် ပြောင်းလဲ ခွင့်ပြုခြင်း၊ ဖမ်းဆီးရမိသစ်များ အရည်အသွေးမကျဆင်းမီ စီမံခန့်ခွဲခြင်းများ ဆောင်ရွက်ပါကြောင်း၊ စီမံခန့်ခွဲရေး နည်းလမ်းအရ ဖမ်းဆီရမိသစ်များကို ရက်သတ္တပတ်နှစ်ပတ်အတွင်း အမှုပြီးပြတ်အောင် ဆောင်ရွက်ပြီး ဘဏ္ဍာသိမ်းဆည်းခြင်းနှင့် တရားစွဲဆိုမည့် ဖမ်းဆီးရမိသစ်များကို တရားရုံးက အမိန့်ချမှတ်ပြီးပါက ဘဏ္ဍာသိမ်းဆည်းများ ဆောင်ရွက်ပါကြောင်း၊
ဘဏ္ဍာသိမ်းပြီး ဖမ်းဆီးရမိသစ်များကို ပုံစံ (၈) စာရင်းရေးသွင်း၍ မြန်မာ့သစ်လုပ်ငန်းကို လွှဲပြောင်း ပေးအပ်ပါကြောင်း၊ မြန်မာ့သစ်လုပ်ငန်းက ရက်ပေါင်း (၂၀) အတွင်း လွှဲပြောင်း/လက်ခံရယူခြင်း သို့မဟုတ် ရယူလိုကြောင်း အကြောင်းပြန်ကြားမှု မရှိသည့် ပုံစံ (၈) ဝင် ဖမ်းဆီးသစ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်များမှစတင်ပြီး လေလံစီမံချက်ရေးဆွဲပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးများကတစ်ဆင့် တင်ပြပြီး လေလံစည်းမျဉ်းစည်းကမ်း များနှင့်အညီ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ဒေသအတွင်း ပြည်သူများသုံးစွဲနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်ကျော် သယ်ယူခွင့်မပြုသည့် ကန့်သတ်ချက်ဖြင့် လေလံတင်ရောင်းချခြင်းများ ဆောင်ရွက်ပါကြောင်း၊
မြန်မာ့သစ်လုပ်ငန်းကို ၂၀၁၃-၁၄ ခုနှစ်မှ ၂၀၁၇-၁၈ ခုနှစ်အထိ ပုံစံ (၈) ဖြင့် သစ်များကို လုပ်ထုံး လုပ်နည်းနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့သည့် စုစုပေါင်းပမာဏသည် တန်ချိန်ပေါင်း ၁၃၇၄၅၁ တန်၊ တိုင်းဒေသကြီး/ပြည်နယ်များက လေလံတင်ရောင်းချခဲ့သည့် ပမာဏသည် ၂၀၁၃-၁၄ ခုနှစ်မှ၂၀၁၇-၁၈ ခုနှစ်အထိ တန်ချိန်ပေါင်း ၅၅၁၂၈ တန် ဖြစ်ပါကြောင်း၊
သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်ဖမ်းဆီရမိသည့် ပုံစံ (၈) သစ်များကို လေလံတင် ရောင်းချခြင်းအပြင် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် များအတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များကို ပူးတွဲပါလုပ်ငန်းစဉ် (၇) ဆင့်နှင့်အတူ တစ်ကြိမ်ကို သစ်ခွဲသားတန် ၂၀၀ နှုန်းနှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစပြီး ရောင်းချပေးခဲ့ရာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၂၀၉၇.၃၆ တန်၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၅၅၄၆.၃ တန် ရောင်းချပေးပြီး ဖြစ်ပါကြောင်း၊
ဖမ်းဆီးရမိသစ်နှင့် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများ၊ ပျက်စီးပုပ်သိုးလွယ်သော သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိပါက လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် အဖွဲ့ဖြင့် မီးရှို့ဖျက်ဆီးခြင်း၊ မြေမြှုပ်ခြင်းဆောင်ရွက်ပြီး တရားမဝင် သစ်ခွခြောက်များကို သုတေသန ပြုလုပ်ရန်အတွက် သစ်တောသုတေသနဌာနတွင် ဓာတ်ခွဲစမ်းသပ်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် တရားမဝင်သစ်ခွအစိုများကို သစ်တောဦးစီးဌာနရှိ သစ်ခွပျိုးဥယျာဉ်များတွင် ပြုစုထားခြင်၊ တရားမဝင် ထင်း၊ မီးသွေး၊ ကြိမ်၊ ဝါးများကို အမှုပြီးပြတ်ပါက လေလံစီမံချက်ရေးဆွဲပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကတစ်ဆင့် လေလံစည်းမျဉ်း စည်းကမ်းများနှင့်အညီ လေလံတင် ရောင်းချခြင်းနှင့် ဌာနမှသုံးရန်လိုအပ်ပါက အခွန်နှုန်းထားဖြင့် သုံးစွဲခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊
ထို့ကြောင့် ပစ္စည်းများပျက်စီးမှု မဖြစ်မီ ဌာနများသို့ ခွဲဝေသုံးစွဲခြင်းနှင့် လေလံတင်ရောင်းချခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပိုမိုမြန်ဆန်စွာ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
