(စ)- e-Learning အတွက် Internet Access ကို အဆင်ပြေပြေကုန်ကျစရိတ် နည်းပါးစွာနှင့် ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၈.၂၀၁၈)

အသိပညာ၊ အတတ်ပညာနှင့်စာတမ်းများ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မှီငြမ်းမှုများ ရယူ ဆောင်ရွက်နိုင်သည့် e-Learning အတွက် Internet Access ကို အဆင်ပြေပြေကုန်ကျစရိတ် နည်းပါးစွာနှင့် ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

ပညာရေးအဆင့်မြှင့်တင်နိုင်ရန်အတွက် ပညာရေးဆိုင်ရာတက္ကသိုလ်များရှိ ဆရာဆရာမများနှင့် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားကျောင်းသူများအတွက် မှီငြမ်းပြုစာကြည့်တိုက်များ အမှန်တကယ် လိုအပ်ပါကြောင်း၊ သို့သော်လည်း စာကြည့်တိုက်တစ်ခုဖြစ်ရန် အဆောက်အဦ၊ စာအုပ်စာတမ်း စုဆောင်းခြင်း၊ အရာထမ်း၊ အမှုထမ်းများ ခန့်ထားခြင်းစသည့် လုပ်ငန်းတွေများစွာ လိုအပ်သည့်အပြင် စာကြည့်တိုက်ကြီး ပုံမှန်လည်ပတ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများစွာ ကုန်ကျပါကြောင်း၊ သို့သော်လည်း လုပ်သင့်လုပ်ထိုက်သည့်အတွက် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ အစီရင်ခံစာအမှတ်(၃)တွင် တက္ကသိုလ်စာကြည့်တိုက်များကို အဆင့်မြှင့်တင် ဆောင်ရွက်ရန် အကြံပြုတင်ပြထားပြီး စာကြည့်တိုက်ကြီးများ မဆောင်ရွက်နိုင်ခင်ကာလအတွင်း e-Libraryနှင့် Online Library များကိုလည်း တက္ကသိုလ်များတွင် မဖြစ်မနေထူထောင်ရန် လိုအပ်ကြောင်း ပညာရေးမူဝါဒကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားပါကြောင်း၊

မြန်မာနိုင်ငံအတွင်း တက္ကသိုလ် ၅၁ ခုတွင် e-Library များနှင့် ဆောင်ရွက်နေကြောင်း သိရှိရသော်လည်း သုတေသနစာတမ်းများ၊ ပညာရပ်များ ရယူရန်အတွက် Internet Access သည် မြန်နှုန်းမြင့်လှိုင်းနှုန်းများ လိုအပ်ပါကြောင်း၊  ဆေးတက္ကသိုလ်(၁)တွင် Internet Access မြန်နှုန်းသည် 4 Mbps သာရှိပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များတွင် မြန်နှုန်းမြင့် လှိုင်းနှုန်းများကို ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့်ပညာရေးဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ်များတွင် ကျောင်းသားကျောင်းသူများအတွက် Internet ကို အဓိကသုံးစွဲရန် လိုအပ်သောနေရာများဖြစ်သည့် စီမံခန့်ခွဲရေးဌာနများ၊ သင်ကြားရေးဌာနများ၊ ကျောင်းသားကျောင်းသူ နားနေဆောင်များနှင့် e-Library များမှာ Fiber Internet Leased Line, ADSL Line, Sky Net နှင့် IP STAR ကဲ့သို့ Internet ချိတ်ဆက်အသုံးပြုနိုင်သည့် နည်းလမ်းများမှတစ်ဆင့် ကျောင်းသား ကျောင်းသူများ Internet Access ရရှိပြီး အဆင်ပြေစွာ အသုံးပြုနိုင်ရန် စီစဉ်ထားရှိပါကြောင်း၊ ထို့အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ e-Library များရှိ ကွန်ပျူတာများတွင်လည်း ကျောင်းသားကျောင်းသူများ၏သုံးစွဲရန် လိုအပ်မှု အပေါ်မူတည်ပြီး Internet ကို ချိတ်ဆက် ပေးထားပါကြောင်း၊  

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်များအနက် Internet ချိတ်ဆက်အသုံးပြုနေသည့်ကျောင်းပေါင်း ၁၂၃ ကျောင်းရှိပြီး Internet မချိတ်ဆက်ရသေးသည့်ကျောင်းပေါင်း ၁၀ ကျောင်းကျန်ရှိနေပါကြောင်း၊ e-Library ရှိပြီး အသုံးပြုနေသည့် ကျောင်းပေါင်း ၅၅ ကျောင်းရှိပြီး e-Library မရှိသည့်ကျောင်းပေါင်း ၅၃ ကျောင်း နှင့် e-Library တည်ထောင်ရန်ဆောင်ရွက်ဆဲကျောင်းပေါင်း ၂၅ ကျောင်းရှိပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ်များ၏ ကျောင်းသားကျောင်းသူအရေအတွက်အပေါ် မူတည်၍ လုံလောက်သည့် Internet အမြန်နှုန်းရရှိနိုင်စေရန် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၏ သက်ဆိုင်ရာငွေစာရင်းခေါင်းစဉ်အလိုက် ထည့်သွင်းလျာထားတောင်းခံဆောင်ရွက်လျက်ရှိပြီး ခွင့်ပြုရန်ပုံငွေအရ Internet Access သုံးစွဲမှုလိုအပ်ချက်အပေါ်မူတည်၍ အမြန်နှုန်းများကို မြှင့်တင်ပေးရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပညာရေးဝန်ကြီးဌာနက ဖြေကြားထားပါကြောင်း၊

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)အနေဖြင့်လည်း မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုများဖြစ်သည့် Fiber၊ ADSL နှင့် Mobile အင်တာနက် ဝန်ဆောင်မှုများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အစိုးရအဖွဲ့အစည်း များ၊ ဝန်ကြီး ဌာနများနှင့် ပုဂ္ဂလိကများသို့ သင့်လျော်သောနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊

ထို့အပြင် MPT သည် နေပြည်တော်ရှိ ဗဟိုရုံးများနှင့်ဝန်ကြီးဌာနများအတွက် ဖိုင်ဘာ အင်တာနက်ကို အမြန်နှုန်း 20 Mbps နှင့်အထက် အသုံးပြုလိုပါက ပုံမှန်ကောက်ခံသည့် လစဉ်ကြေး၏ ထက်ဝက်ကို အထူးနှုန်းထားဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှစတင်၍ ကောက်ခံ ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ တက္ကသိုလ်/ကောလိပ်များရှိ e-Learning Center များအတွက်လည်း အမြန်နှုန်း 20 Mbps နှင့်အထက် တပ်ဆင်အသုံးပြုလိုပါက ပုံမှန်ကောက်ခံသည့် လစဉ်ကြေး၏ ထက်ဝက်ကို အထူးနှုန်းထားဖြင့် လျှော့ချကောက်ခံ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် MPT သည် ပညာရေးကဏ္ဍအတွက် တက္ကသိုလ်/ကောလိပ်/အခြေခံပညာကျောင်း စုစုပေါင်း ၁၈၈ ကျောင်းတွင် Fiber၊ ADSL နှင့် Mobile စနစ်တို့ဖြင့် အင်တာနက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

အဆိုပါကျောင်း ၁၈၀ ကျောင်းအနက် တက္ကသိုလ် ၁၁ ခုနှင့် ပညာရေးအဖွဲ့အစည်းနှစ်ခုတို့တွင် ၎င်းတို့ငှားရမ်းသုံးစွဲသည့် အမြန်နှုန်း(Bandwidth)အပြင် CSR အစီအစဉ်ဖြင့် Bandwidth စုစုပေါင်း 134 Mbps ကို လစဉ်အခမဲ့ သုံးစွဲခွင့်ပေးထားပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသရှိ ကျောင်းသူ ကျောင်းသားလူငယ်များအတွက် ပညာရေးဝန်ကြီးဌာနက ထုတ်လွှင့်သည့် သင်ခန်းစာများကို Mobile Data အသုံးပြု၍ လေ့ကျင့်သင်ကြားနိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် Ericsson Myanmar Co. Ltd  တို့ပူးပေါင်းဆောင်ရွက်၍ ၂၀၁၄ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော Connect to Learn စီမံကိန်းအတွက် MPT က CSR အနေဖြင့် အခြေခံပညာကျောင်းပေါင်း ၃၁ ကျောင်းတွင် အင်တာနက်အသုံးပြုနိုင်မည့် Mobile Sim Card များကို အခမဲ့ပံ့ပိုးပေးခဲ့ပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ စီမံကိန်းကာလ လေးနှစ်အနက် ၂၀၁၅-၂၀၁၆ မှ ၂၀၁၇-၂၀၁၈ အထိ Data ကို အကန့်အသတ်မရှိ အခမဲ့ဖြင့် ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ တွင် Sim Card တစ်ကတ်အတွက် တစ်လလျှင် Data 20 GB ကို အခမဲ့သုံးစွဲခွင့်ပြုခြင်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် Connect to Learn စီမံကိန်းတွင် ပါဝင်ခြင်းမရှိသော အခြေခံပညာကျောင်းခုနစ်ကျောင်းတွင်လည်း ADSL အင်တာနက်စနစ်ဖြင့် Bandwidth 3 Mbps ကို လစဉ်အခမဲ့ သုံးစွဲခွင့်ဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန(ဆရာအတတ်ပညာ)အနေဖြင့် ပညာရေး ကောလိပ်ကျောင်း ၂၅ ကျောင်းကို နှစ်နှစ်သင် ဒီပလိုမာသင်တန်းမှ လေးနှစ်သင် ဒီဂရီ ကောလိပ်များအဖြစ် အဆင့်မြှင့်တင်နေခြင်း၊ သင်ရိုးညွှန်းတမ်းများ ရေးဆွဲလျက်ရှိခြင်းနှင့် သင်ကြားသင်ယူမှု စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အင်တာနက်ကို အသုံးပြုခြင်းဖြင့် အထောက်အကူဖြစ်စေရန် MPT က ဖိုင်ဘာအင်တာနက်စနစ်ကို Bandwidth 10 Mbps ဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှစတင်၍ လစဉ်အခမဲ့သုံးစွဲခွင့်ဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ e-Learning အတွက် Internet Access ကို အဆင်ပြေပြေ ကုန်ကျစရိတ်နည်းပါးစွာနှင့် ရရှိရေး အတွက် တင်ပြခဲ့သည့်ဆောင်ရွက်ထားချက်များအပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လူမှုအကျိုးပြု(CSR)လုပ်ငန်းများနှင့် ပတ်သက် ပြီး Internet Access ဆောင်ရွက်ပေးနေသော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများ၊ မိုဘိုင်းအော်ပရေတာများနှင့် ဆွေးနွေးညှိနှိုင်း၍ ဝန်ဆောင်ခနှုန်းထားများကို ပိုမို သက်သာစွာကောက်ခံဆောင်ရွက်ပေးနိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။