(ဂ)-ဆက်သွယ်ရေးတာဝါတိုင်များတည်ဆောက်ရာ တွင်သက်ဆိုင်ရာကုမ္ပဏီများကမြေနေရာရွေးချယ်ရာ တွင်မည်သို့သောစည်းကမ်းချက်များနှင့် ဆောင်ရွက် ရမည်ဟု သတ်မှတ်ချက်များရှိ/ မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၄)ရက်မြောက်နေ့ (၁၂.၅.၂၀၁၅)

နိုင်ငံတော်အစိုးရအနေဖြင့် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းမျိုးစုံဖြင်‌့ ကြိုးစားဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်တွင်လည်း ဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ သို့သော်လည်း ယခုအခါ မြေပြင်အောက်ခြေအနေအထားမှာ မြို့တွင်းနှင့်ကျေးရွာအတွင်း တာဝါတိုင်များစိုက်ထူရာတွင် ကန့်ကွက်မှုများ ဖြစ်ပေါ်နေသဖြင့် လုပ်ငန်းအဆင်မပြေမှုများ ဖြစ်နေကြောင်း ကြားသိရပါသည်။ တမူးခရိုင်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကို နားလည်မှုရှိစေရန် ရှင်းလင်းပြောကြားမှုများ မပြုလုပ်ဘဲ ၎င်းတို့၏သဘောအတိုင်း ဆောင်ရွက်နေသည်ဟု ဒေသခံပြည်သူများက ထင်မြင်ယူဆနေကြပါကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်သည့် နေရာတွင် မြေနေရာရွေးချယ်ခြင်း၊ ငှားရမ်းခြင်းများ လုပ်ဆောင်ကြသည့်အခါ စည်းကမ်းချက်များ ရှိမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရာတွင် အောက်ခြေဒေသခံပြည်သူများနှင့် အဆင်ပြေစေရန် သက်ဆိုင်ရာကုမ္ပဏီများမှ မြေနေရာရွေးချယ်ရာတွင် မည်သို့သော စည်းကမ်းချက်များနှင့် ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားချက်များရှိ/မရှိ၊ ရှိပါက သတ်မှတ်ထားသော စည်းကမ်းချက်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။


အဖြေ

မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လိုင်စင်ရယူထားသည့် Operator များဖြစ်သည့် Telenor Myanmar Limited နှင့် Ooredoo Myanmar Limited တို့အပြင် တာဝါတိုင်တည်ဆောက်ခွင့် လိုင်စင်ရရှိထားသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကို တာဝါတိုင်တည်ဆောက်မည့် မြေနေရာကို မိုဘိုင်းဖုန်းများဆက်သွယ်မှု အဆင်ပြေချောမွေ့စေရန် ဦးစွာ အစိုးရပိုင်မြေနေရာ၊ ဌာနဆိုင်ရာမြေ နေရာများနှင့် မြေလွတ်မြေရိုင်းများကို ဦးစားပေးရွေးချယ်ခိုင်းပြီး မရရှိသည့် အခါမှသာ ပုဂ္ဂလိကပိုင်မြေနေရာများကို ရှာဖွေဆောင်ရွက်ရန်အတွက် မိမိတို့ ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် တာဝါတိုင်များ တည်ဆောက်သည့်အခါတွင် အခြားတည်ဆောက်ပြီးသည့် ၄၅ မီတာအမြင့် တာဝါတိုင်ရှိမည်ဆိုလျှင် အကွာအဝေး မီတာ ၁၅၀ ခွာပြီးဆောက်ရန်၊ ၄၅ မီတာအထက်မြင့်သည့် တာဝါတိုင်များရှိမည်ဆိုလျှင် အကွာအဝေး မီတာ ၂၀၀ ခွာပြီးဆောက်ရန် စသဖြင့် သတ်မှတ်ပေးထားသလို အဓိကအချက်ကြီး(၁၂)ချက်ကိုလည်း မိမိတို့ စည်းကမ်းသတ်မှတ် ပေးထားခဲ့ပါကြောင်း၊ မိမိတို့ တာဝါတိုင်တည်ဆောက်မည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် (၁) ဆောက်လုပ်ခွင့် တောင်းခံခြင်း လျှောက်လွှာတင်စေပါကြောင်း၊ ဒုတိယအချက်အနေဖြင့် ဆောက်လုပ်မည့် မြေနေရာ၏မြေပိုင်ရှင်၊ ပုဂ္ဂလိက မြေများဖြစ်မည်ဆိုလျှင် မြေပိုင်ရှင်၏မှတ်ပုံတင်မိတ္တူကို တင်ပြစေပါကြောင်း၊ ထို့အတူ မြေပိုင်ရှင်၏ သန်းခေါင်စာရင်းမိတ္တူကို တင်ပြစေပါကြောင်း၊ (၄) အရပ်လေးမျက်နှာအိမ်နီးချင်းများ၏ Tower တည်ဆောက်မှုကို ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်များရယူပြီး ဆောင်ရွက်ပါကြောင်း၊ (၅) ကျေးရွာ (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ရယူပါကြောင်း၊ (၆) မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ (၇) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ (၈) Tower တည်ဆောက်မည့် Company ၏ မှတ်ပုံတင်မိတ္တူ၊ (၉) Tower အတွက် Detail Design and Drawings ကို လိုင်စင်ရအင်ဂျင်နီယာတစ်ဦး၏ လက်မှတ်နှင့် မိမိတို့ ရယူပါကြောင်း၊ (၁၀) Design Drawings စိစစ်လက်မှတ် ရေးထိုးပေးထားသည့် လိုင်စင်ရအင်ဂျင်နီယာ၏ လိုင်စင်မိတ္တူ၊ (၁၁) တည်ဆောက်မည့် Site ၏ Google Map မြေပုံနှင့် လိပ်စာအပြည့်အစုံ၊ (၁၂) တည်ဆောက်မှုဆောင်ရွက်ရာတွင် တစ်စုံတစ်ရာပျက်စီးမှု၊ ထိခိုက်မှုများရှိမည်ဆိုလျှင် အလုံးစုံတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးပါမည်ဆိုသည့် ဝန်ခံချက်များဖြင့် ဆောင်ရွက်ပါကြောင်း။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုထားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များကို တာဝါတိုင်တည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်းရှိ/မရှိ စိစစ်ဆောင်ရွက်ပြီး အငြင်းပွားမှုများ၊ တိုင်ကြားမှုများ ရှိလာမည်ဆိုလျှင်လည်း ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် တာဝါတိုင် ဘေးပတ်ဝန်းကျင်တွင် အန္တရာယ်မရှိစေရန် သတ်မှတ်ထားသည့်  စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး လိုက်နာခြင်းရှိ/မရှိကိုလည်း လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။   

ဦးခင်မောင်ရွှေ (တမူး) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မြန်မာ့ဆက်သွယ်ရေးမှ ဆောင်ရွက်သည့် လုပ်ငန်းများတွင် တာဝါတိုင် စိုက်ထူသည့် နေရာများ ရွေးချယ်သည့် အခါတွင် မြို့နယ်နှင့်ခရိုင်မှာရှိသည့် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်အထောက် အကူပြုကော်မတီ၊ ရပ်မိရပ်ဖများနှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းပြီး နေရာကိုရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ ကုမ္ပဏီများက ယခုလိုဆောက်သည့်အခါတွင် မိမိပြောခဲ့သည့် မြန်မာ့ဆက်သွယ်ရေးမှ ဆောင်ရွက်သလိုမျိုး ညှိနှိုင်းပြီးမှဆောင်ရွက်မည်ဆိုလျှင် မစခင်ကတည်းက ညှိနှိုင်းပြီး အားလုံး၏လက်မှတ်ကို ယူထားခဲ့မည်ဆိုလျှင် ယခုလိုကန့်ကွက်မှုမျိုး မဖြစ်ပေါ်နိုင်သည်ကိုတွေ့ရပါကြောင်း၊ အောက်ခြေရှိ သက်ဆိုင်ရာကုမ္ပဏီများကို ပြန်လည်ကြီးကြပ် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ထပ်ဆင့်မေးမြန်းပါသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း

ပထမဦးစွာ တချို့မြို့နယ်၊ ကျေးရွာများတွင် တာဝါတိုင်တည်ဆောက်မှုနှင့် စပ်လျဉ်းပြီး မြေရွေးချယ်သည့်အခါ သဘောတူကြပါကြောင်း၊ ၎င်းကုမ္ပဏီများအနေဖြင့် တာဝါတိုင် တည်ဆောက်သည့်အချိန်တွင် မြေကွက်အနေအထား ဒေသအခြေအနေပေါ်မူတည်ပြီး မြေပိုင်ရှင်များကို ပိုက်ဆံပေးရတာမျိုးတွေရှိပါကြောင်း၊ သို့သော်လည်း မြေကွက်ငှားတည်ဆောက်ခြင်းအတွက် ခွင့်ပြုသည့် ကာယကံရှင်မြေပိုင်ရှင်များ အနေဖြင့် ငွေကြေးရရှိသော်လည်း တချို့က ၎င်းနှင့်စပ်လျဉ်းပြီး သူတို့မှမထောက်ခံလျှင် ငွေကြေးပေးသည့်အပိုင်းတွင်၊ ငွေကြေးကိစ္စရပ်များ ဆောင်ရွက်သည့်အခါ မပြေလည်မှန်းသိသည့်အတွက် အချင်းချင်း မပြေမလည်သည့် အပိုင်းများလည်း ရှိပါကြောင်း၊ သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအဆင့်နှင့် မြို့နယ်အဆင့် ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် တစ်စိုက်မတ်မတ် ဆောင်ရွက်ပေးသွားမည် ဖြစ်သလို လက်ရှိမှာလည်း ပြဿနာများ ရှိနေပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ကြပ်မတ်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။