(ဌ)-ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တုံးမဝ-ဘဲဒုံ မြေသားလမ်း (၁၁/-)မိုင်အနက် ကျန်ရှိသော (၂/၄)မိုင် အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ (၁၄.၈.၂၀၁၈)

ပလက်ဝမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၃၁၂၀ ကျော်ကျယ်ဝန်းပြီး တောင်ကုန်း၊ တောင်တန်းများ၊ မြစ်ချောင်းများပေါများခြင်းကြောင့် တစ်နေရာနှင့်တစ်နေရာ ဆက်သွယ်သွားလာ ရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရဆဲ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ပလက်ဝမြို့နယ်၏ အနောက်ဘက်ခြမ်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည့် ပီချောင်း ဒေသတွင် ကျေးရွာအုပ်စုကိုးအုပ်စု၊ ကျေးရွာပေါင်း ၂၇ ရွာရှိပြီး လူဦးရေ ၈၀၀၀ ကျော်ရှိပါကြောင်း၊ အဆိုပါ ဒေသခံပြည်သူများအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင်လည်းကောင်း၊ ပလက်ဝမြို့ကိုလာရသည့်အခါတွင် လည်းကောင်း၊ ပစ္စည်းအထုပ်အပိုးများကို ထမ်းရွက်ပြီး တောင်အတက်/ဆင်းများ၊ တောလမ်းအတိုင်း ခက်ခက်ခဲခဲသွားလာနေရဆဲ ဖြစ်ပါကြောင်း၊

 တုံးမဝ-ဘဲဒုံလမ်းသည် ကုလားတန်မြစ်ကမ်းဘေးတွင် တည်ရှိသည့် တုံးမဝကျေးရွာနှင့် အနောက်ဘက်ခြမ်းဖြစ်သည့် ပီချောင်းဒေသ၊ ပီချောင်းကမ်းနံဘေးရှိ ဘဲဒုံရွာကို ဆက်သွယ် ပေးမည့် ၁၈ ပေအကျယ် မြေသားလမ်း ၁၁ မိုင် ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၈ မိုင် ၄ ဖာလုံအထိ ဖောက်လုပ်ပေးပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဖောက်လုပ်ခြင်း မရှိသည့်အတွက် ယခု ၂ မိုင် ၄ ဖာလုံ ကျန်ရှိနေပါကြောင်း၊

ယင်းသို့ ဆက်လက်ဖောက်လုပ်ခြင်း မရှိသောကြောင့် ဒေသခံပြည်သူများသည် တောင်အတက်/ဆင်း များစွာဖြင့်လည်းကောင်း၊ ပီချောင်းဒေသဘက်သို့ သွားရာတွင် စက်လှေဖြင့် ကုလားတန်မြစ်ကျောင်းအတိုင်း စုန်ဆင်းပြီး တုံးမဝရွာမှ ရခိုင်ပြည်နယ်ကျောက်တော်မြို့အထိ မိုင် ၄၀ ကျော် ကွာဝေးသည့် ခရီးကိုလည်းကောင်း၊ စက်လှေဖြင့် ကျောက်တော်မှ ဘဲဒုံရွာအထိ မိုင် ၄၀ ကျော်ခရီးကို ပီချောင်းအတိုင်း ဆန်တက်၍သော်လည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် သွားလာကြရပါကြောင်း၊ အလားတူ ပီချောင်းဘက်မှ ပလက်ဝကိုလာရာတွင် ဘဲဒုံမှ ကျောက်တော်၊ နောက် ကျောက်တော်မှပလက်ဝ စသည်ဖြင့် လှည့်ပတ်လာရခြင်းကြောင့် ပြည်သူများအတွက် အခက်အခဲများစွာ ရင်ဆိုင်ရနေဆဲ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ တုံးမဝ-ဘဲဒုံ ၁၈ ပေအကျယ် မြေသားလမ်း ၁၁ မိုင်အနက် ကျန်ရှိနေသော ၂ မိုင် ၄ ဖာလုံလမ်းအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သို့မဟုတ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တုံးမဝ-ဘဲဒုံလမ်းသည် အရှည် ၁၂ မိုင်ရှိပြီး လောင်ကတူး-တန်းဆိပ်-မွန်ထောင့်-ချောင်းထဲ-ရီးမဝလမ်းမှတစ်ဆင့် ဘဲဒုံသို့သွားသော ကုလားတန်မြစ် အနောက်ဘက်ခြမ်းသည် ဆက်သွယ်ရေးလမ်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တုံးမဝ-ဘဲဒုံ မြေသားလမ်းအကျယ် ၁၄ ပေ၊ လမ်းအကျယ် ၁၀ မိုင် ဖောက်လုပ်ခဲ့ပြီး ကျန်ရှိနေသော ၂ မိုင် ၄ ဖာလုံအား ဆက်လက်ဖောက်လုပ် ပြီးစီးပါက ကျေးရွာပေါင်း ၃၇ ရွာနှင့် လူဦးရေ ၆၄၀၀ ကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား ၂၄ ပေအကျယ် လမ်းတာချဲ့ရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေတွင်လည်းကောင်း၊ ဆက်လက်ဖောက်လုပ်ရန် ကျန်ရှိနေသည့် ၂ မိုင် ၄ ဖာလုံကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်း တောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။