(ဈ)-အိမ်မဲမြို့နယ်အတွက် အဓိကကျေးလက်လမ်းဖြစ်သည်‌့ မယ်ဇလီစာဖြူစု-မှန်ကုန်းလမ်းကို ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် အဆင်‌့မြှင်‌့တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ (၁၄.၈.၂၀၁၈)

အိမ်မဲမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းတွင် တည်ရှိပြီး စိုက်ပျိုးရေးကို အဓိက ထားနေရသည့် ဖွံ့ဖြိုးမှုနောက်ကျနေသော မြို့လေးဖြစ်ပါကြောင်း၊ ဆန်စပါးကိုအဓိကထား စိုက်ပျိုးပြီး‌ ရေလမ်း၊ ကုန်းလမ်းမျှနေသည့်အတွက်ကြောင်‌့ သွားရေး/လာရေး အင်မတန်မှခက်ခဲနေဆဲ ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းတော်တော်များများသည် မြေသားလမ်းအဖြစ်သာ ရှိနေသည့်အတွက် တချို့က ကျောက်ကြမ်းလမ်းအဖြစ် တည်ရှိပါကြောင်း၊ အချို့က လမ်းခင်းစဉ်အချိန်က အားနည်း ချက်ကြောင်‌့လည်းကောင်း၊ တင်ဒါအောင်ကုမ္ပဏီများက စာချုပ်ပါအတိုင်း နှစ်နှစ်အတွင်းပြန်လည် ပြင်ဆင်မှု အားနည်းခြင်းကြောင့်လည်းကောင်း၊ ကျောက်သယ်၊ အုတ်သယ်၊ နွားသယ်ယာဉ်များကြောင်‌့ လည်းကောင်း ပျက်စီးနေပြီး မိုးရာသီတွင် မသွားနိုင်သည့် အခြေအနေဖြစ်ပါကြောင်း၊

မယ်ဇလီစာဖြူစု-မှန်ကုန်းလမ်းကို ၂၀၁၃-၁၄ ခုနှစ်တွင်ခင်းပြီး ယခုကာလ ပွင်‌့လင်းရာသီမှအပကျန်သည့် ရာသီများတွင် သွားလာမှုမရှိပါကြောင်း၊ လမ်းအရှည်က ၁၂.၅ မိုင်ရှည်ပြီး ၁၂ ပေကျယ် Class (A) အဆင်‌့ သတ်မှတ်ထားသည့် လမ်းဖြစ်ပါကြောင်း၊ ရန်ကုန်-‌မြောင်းမြကားလမ်းကို ဦးတိုက်ထားသည့်အတွက် အကျိုးပြုကျေးရွာ ၅၂ ရွာဖြစ်ပြီး အိမ်ထောင်စု ၅၀၀၀ ကျော်၊ လူဦးရေ ၁၀၀၀၀ ကျော်ကို အကျိုးပြုနေသော လမ်းလည်းဖြစ်ပါကြောင်း၊ လမ်ဘေးဝဲ/ယာရှိ ကျေးရွာများတွင် ကျခတ်ကွေ့ ကျေးရွာအုပ်စုသည် ထ (ခွဲ) ကျောင်း၊ ထန်းလန်းပင်ကျေးရွာအုပ်စု (ခွဲကျောင်း၊ ခြောက်အိမ်တန်းကျေးရွာ အုပ်စု ထ (ခွဲ) ကျောင်းများနှင့် ကျောင်းသား/သူအများဆုံးသွားလာသည့် လမ်းလည်းဖြစ်ပါကြောင်း၊ ထိုလမ်းသည် မြောင်းမြခရိုင်၊ ကညင်ခဲကူးတို့ဆိပ်ကို အတိုဆုံးလမ်းဖြင့် ရောက်သွားသည့် လမ်းလည်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် လူကောင်းကျွန်းဇရပ်ချောင်း ချောင်းကူးတံတား ထိုးပေးရန်အတွက် လွှတ်တော်ကတိကဝတ်လည်း ရှိပြီးသားဖြစ်နေသောကြောင့် ယခုတင်ပြသည့်လမ်းသည် တံတားထိုးပေးမည့် ချောင်းကူးတံတားထိပ်ကို သွားပြီးဦးတိုက်မည့်လမ်း ဖြစ်သည့်အတွက် အရေးပါသော လမ်းတစ်လမ်းလည်း ဖြစ်ပါကြောင်း၊ ထိုလမ်းပေါ်တွင် ပေအရှည် ၇၀ ရှိ ကွန်ကရစ်တံတားနှစ်စင်း၊ ပေအရှည် ၁၇၀ ရှိ သစ်သားတံတားသုံးစင်းနှင့် ရေပြွန်ရှစ်ခုရှိပါကြောင်း၊ ထို့ကြောင့် သစ်သားတံတားများ၏ အခြေအနေသည် ယိုယွင်းနေပါကြောင်း၊ တချို့သစ်သားတံတားများသည် သွားရေး/လာရေး မလွယ်ကူသည့်အတွက် ဒိန်းဒေါင်းကဲ့သို့ ယာဉ်မျိုးမောင်းနှင်ရန် အင်မတန်မှ ခဲယဉ်းနေပါကြောင်း၊ သစ်သားတံတားများလည်း ယိုယွင်းနေပြီး ရေပြွန်နိမ်‌့ကျနေသည့်အတွက် လမ်းခင်းစဉ် တစ်ဆက်တည်း ပြင်ဆင်လျှင် အဆင်ပြေမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန် စေရေးအတွက် အလွန်အရေးပါပြီး ကျန်းမာရေးအတွက်လည်း ရွာသစ်တိုက်နယ်ဆေးရုံကို လျင်မြန်စွာသွားလာ နိုင်ရေးအပြင် ပညာရေးအတွက် အလွန်အထောက်အကူ ပြုနေသည့်အတွက် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ၂၀၁၉-၂၀ ခုနှစ်ခန့်တွင် ခင်းပေးနိုင်မည်ဆိုပါက လျှပ်စစ်မီးရရှိပြီး ဖြစ်သည့်အတွက် ကျေးလက်ဖွံ့ဖြိုးမှု မြန်ဆန်လာမည်ဖြစ်သဖြင့် မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်အတွင်းရှိ မယ်ဇလီစာဖြူစု-မှန်ကုန်းလမ်းအရှည် ၁၂ မိုင် ၅ ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှစီမံခန့်ခွဲသော လမ်းဖြစ်ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အထိ  သုံးနှစ်တာကာလအတွင်း ကွန်ကရစ်ရေပြွန် ၄ စင်း၊ မယ်ဇလီရွာအဝင် ကွန်ကရစ်တံတား ၁၀ ပေ ၁ စင်း၊ ခြောက်အိမ်တန်း ချောင်းကူးတံတား ၇၀ ပေ ၁ စင်း၊ မှန်ကုန်းချောင်းကူးတံတား ၅၀ ပေ ၁ စင်းတို့အပြင် Box Culvert ၄ စင်းတို့ကို ထည့်သွင်း ဆောင်ရွက်ပေးခဲ့ပြီး ကျောက်ချောလမ်းအဖြစ် အဆင်‌့မြှင့်တင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါလမ်းပေါ်ရှိ လမ်းပိုင်းများမှာ ပျက်စီးလျက်ရှိပြီး သစ်သားကြမ်းခင်းတံတားများမှာလည်း ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ လမ်းပိုင်းအလိုက် ပျက်စီးမှုများနှင်‌့ သစ်သားကြမ်းခင်း တံတားများအား ပြုပြင်ဆောင်ရွက်ပြီးပါက ကျေးရွာ ၂၈ ရွာ၊ အိမ်ခြေ ၂၇၉၄ အိမ်နှင့် လူဦးရေ ၁၃၃၀၀ ခန့်အား တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါကြောင်း၊

မယ်ဇလီစာဖြူစု-မှန်ကုန်းလမ်းသည် လမ်းအဆင်‌့သတ်မှတ်ချက်အရ Class-A ဦးစားပေးအဆင်‌့ (၂) တွင် ပါဝင်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေမပါရှိသော်လည်း ပျက်စီးနေသည့်တံတားများ၊ လမ်းများကို သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင်‌့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊  ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေများတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီးဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။