မိမိတို့ အ.မ.က ကျောင်းများကို ၁၉၉၀-၉၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ထိုကျောင်းများသည် ပညာရေးဌာနပိုင်အဖြစ် မြေစာရင်းပုံစံ (၁၀၅) (၁၀၆) ကို ၁၉၉၅-၉၆ ခုနှစ်တွင် ပြုလုပ်ပြီးဖြစ်ပါကြောင်း၊ ၎င်းကျောင်းကို အမှီပြုပြီး မုံရွာမြို့တွင်ရှိသည့် မင်းဒေါင့်ဖောက်ခွဲရေးဝင်း၊ ရေအားလျှပ်စစ်ဝင်း နောက်ပြီး ရွှေစိတ်ကြည်ရပ်ကွက်မှ အခြေခံဝန်ထမ်းများနှင့် အခြေခံလူထုများ၏ သားငယ်၊ သမီးငယ်များ ဖြစ်ကြပါကြောင်း၊ ထိုကျောင်းလေးဖွင့်လှစ်ပြီး ၂၀၀၁ ခုနှစ် ရောက်သည့်အခါ ဟုမ္မလင်းမြို့နယ်အတွက် စစ်ဦးစီးစီမံချက်ဖြင့် လေယာဉ်ကွင်းဆောက်လုပ်ရန် ကျလာခဲ့ပါကြောင်း၊ အမှတ် (၂) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်၊ တောင်ငူမြို့တပ်မှူးမှ ကုန်းလမ်း၊ ရေလမ်းတို့မှ သွားလာရန်လွယ်ကူသည့် ယာယီအုပ်ချုပ်ရေးရုံး ဆောက်လုပ်ရေးပစ္စည်းများ ခေတ္တထားရန် ယာယီကြားစခန်းအတွက် အသုံးပြုရန် မြေနှစ်ဧကကို လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးနှစ်ခန့်ခေတ္တယာယီအသုံးပြုရန် မြေနေရာ တောင်းခံလာပါသဖြင့် ကျောင်းဝင်းမြေ ၁.၈ ဧကအား ချထားပေးခဲ့ပါကြောင်း၊ ကျောင်းကို အလုံရပ်ကွက်၊ ဘဒဂုံနယ်မြေဘက်ကို ရွှေ့ပြောင်းပေးခဲ့ပါကြောင်း၊ အခက်အခဲဖြစ်သည်မှာ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးငယ်များသည် အဝေးပြေးလမ်းမကြီးကို ဖြတ်ကူးပြီး ကျောင်းတက်နေရခြင်း ဖြစ်ပါကြောင်း၊ ၎င်းသည် အင်မတန်အန္တရာယ် ကြီးမားသည့်အတွက် ယခုအခါ ကလေးငယ် ၇၄ လေးဦးနှင့် မိဘများ၊ ရပ်မိရပ်ဖများသည် ရွှေစိတ်ကြည်ရပ်တွင် နေထိုင်ပြီးသွားရေးလာရေး အခက်အခဲဖြစ်နေသည့်အတွက် အင်မတန် စိတ်မချမ်းမသာ ဖြစ်နေရပါကြောင်း၊ နိုင်ငံတော်တွင်လည်း ပညာရေးအတွက် အားထုတ်ကြိုးပမ်း နေသည့်အချိန်တွင် ကျောင်းထွက်သည့် ကလေးငယ်လျော့ပါးရေးအတွက် အန္တရာယ်စက်ဝန်းလို ဖြစ်နေသည့် ကားလမ်းမကြီးကိုဖြတ်ပြီး ကျောင်းတက်နေရသည့် အဖြစ်မျိုး မဖြစ်သင့်ပါကြောင်း၊ အခုလက်ရှိတွင် စစ်မှုထမ်းဟောင်းအဖွဲ့အစည်းက ခြံစည်းရိုးကာရံပြီး အုတ်ဘလောက်စက်ရုံ တည်ဆောက်ခဲ့သော်လည်း ယခုအခါ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါကြောင်း၊ စစ်မှုထမ်းဟောင်း အဖွဲ့အစည်းက တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်ခွဲမှုကိုလည်း နာခံမည်ဟု အကြောင်းပြန်ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်၊ မင်းဒေါင့်နယ်မြေ၊ အမှတ် (၄၂) အခြေခံပညာ မူလတန်း ကျောင်းအား ၁၉၉၁ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၁၉၉၆-၉၇ ပညာသင်နှစ်တွင် မုံရွာမြို့ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သင်္ဘောဆိပ်ကမ်း ပြုလုပ်ခဲ့သဖြင့် အလုံမင်းဒေါင့်ရပ်ကွက်ရှိ မင်းဒေါင့်အခြေခံ ပညာမူလတန်းကျောင်းကို ကောင်းမှုတော် ကျောင်းတိုက်၏ အရှေ့ဘက်၌ မူလတန်း ကျောင်းမြေဧရိယာ တစ်ဧကခန့်ဖြင့် ၁၉၉၇-၉၈ ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာဦးစီးဌာနမှ ခွင့်ပြုငွေကျပ် ၁၂ သိန်း၊ အများပြည်သူမှ ထည့်ဝင်ငွေကျပ် ၁၈ သိန်း စုစုပေါင်းကျပ် သိန်း ၃၀ ဖြင့် အဆိုပါနေရာတွင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ခဲ့ပါကြောင်း၊ မုံရွာခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၁၃-၁၂-၂၀၀၁ ရက်စွဲပါစာအမှတ် (၅/၄၃-၁၀)/ ဦး ၆၊ ၃၂၆၄ ဖြင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ ဟုမ္မလင်းမြို့နယ်တွင် စစ်ဦးစီးစီမံချက်ဖြင့် အမှတ် (၂) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ လေယာဉ်ကွင်းတည်ဆောက်ခဲ့ရာ လိုအပ်သောဆောက်လုပ်ရေး ပစ္စည်းများကို ရေလမ်းမှသယ်ယူလာသည့်အခါ ခေတ္တသိုလှောင်သည့် ကြားစခန်းအဖြစ် မုံရွာမြို့၊ အလုံရပ်ကွက်၊ မင်းဒေါင့်လမ်း ၁ (က) ရှိ မူလတန်းကျောင်း မြေနေရာအား အသုံးပြုရန်နှင့် မူလတန်းကျောင်းအား လက်ရှိဖွင့်လှစ်ထားသည့် အလုံရပ်ကွက်ရှိနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် ညွှန်ကြားဆောင်ရွက် ခဲ့ပါကြောင်း၊ အဆိုပါအမှတ် (၂) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်အနေဖြင့် လေယာဉ်ကွင်း တည်ဆောက်ပြီးသော်လည်း အဆိုပါကျောင်း ဟောင်းမြေနေရာတွင် ၂၀၀၈-၀၉ ခုနှစ် အထိ ၎င်းတပ်မှ ဆက်လက်နေထိုင် အသုံးပြုသည့်အပြင် စစ်မှုထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော ကွန်ကရစ်အုတ်များ ထုတ်လုပ်နိုင်ရန် ကွန်ကရစ်အုတ် ဘလောက်စက်ရုံများ တည်ဆောက်ခြင်းတို့ကို စစ်ကိုင်းတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏ နှုတ်မိန့်၊ စစ်ကိုင်းတိုင်းစစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ပေးခဲ့သည့် အဖွဲ့၊ ၎င်းတို့အဖွဲ့ပိုင် ရေခဲစက်ကိုပါ တည်ဆောက်ထားပါကြောင်း၊ အမှတ် (၄၂) အခြေခံပညာ မူလတန်း ကျောင်းမြေအား ပညာရေးဝန်ကြီးဌာနပိုင် မြေဖြစ်ကြောင်း မြေစာရင်းပုံစံ (၁၀၅၊ ၁၀၆) ကျောင်းအဆောက်အဦဟောင်း မှတ်တမ်းများနှင့်အတူ ၁၉၉၅-၉၆ ခုနှစ်မှ စတင်ထုတ်ပေးခဲ့ပြီး ကျောင်းမြေဂရန် မရရှိသေးပါကြောင်းနှင့် အဆိုပါနေရာတွင် လက်ရှိစစ်ကိုင်းတိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ပိုင်ကွန်ကရစ် အုတ်စက်နှင့် ရေခဲစက်တည်ဆောက်ထားသော်လည်း ပိုင်ဆိုင်မှုဂရန်မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်၊ မင်းဒေါင့်ရပ်မှ ကျောင်းသား/သူများနှင့် ဝန်ထမ်းသားသမီးများ၊ တံတားအထူးအဖွဲ့မှ ဝန်ထမ်းသားသမီးများသည် အမှတ် (၄၂) အခြေခံပညာမူလတန်း ကျောင်းသို့သွားရာတွင် မုံရွာ-ကလေးဝ လမ်းမကြီးအား ကျော်ဖြတ်သွားရောက် နေရပါသောကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် စိုးရိမ်ရသည့်အတွက် မင်းဒေါင့်ရပ်၊ အမှတ် (၄၂) အခြေခံပညာမူလတန်းကျောင်း၏ မူလကျောင်းဝင်း နေရာဟောင်း ဝ.၉၂၄ ဧကအား ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ပါရန် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ၅-၆-၂၀၁၈ ရက်နေ့တွင် ညှိနှိုင်းတင်ပြထားပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါ မြေနေရာအား လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်ခြင်းခံရမှု ပြန်လည်စိစစ်ရေးဗဟိုကော်မတီထံသို့ ပြန်လည်လွှဲပြောင်းရန် လိုအပ်မည်ဖြစ်ပြီး ထိုသို့လွှဲပြောင်းပြီးမှသာ ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ကျောင်းဟောင်းမြေနေရာအား ပြန်လည်လွှဲပြောင်းရရှိရေးအတွက် တရားဝင် လုပ်ထုံးလုပ်နည်း များနှင့်အညီ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
