ပြီးခဲ့သည့်နှစ် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် တိုက်ကြီးမြို့၏ အနောက်ဘက် လေးမိုင်ခန့် အကွာ သော်လတီကျေးရွာကို ဗဟိုပြုပြီး ငလျင်ကြီးလှုပ်သွားပါကြောင်း၊ ၎င်းငလျင်ကြီးသည် ၅.၈ Richter စကေးရှိပါကြောင်း၊ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် လှုပ်သွားပါကြောင်း၊ တိုက်ကြီးမြို့နယ်ရှိ သာသနိကအဆောက်အအုံများ၏ အုတ်တံတိုင်းများ ပြိုကျသွားပါကြောင်း၊ ဌာနဆိုင်ရာအဆောက် အအုံနှစ်ခုလည်း ပြိုကျလုနီးပါးအထိ ဖြစ်သွားပါကြောင်း၊ ၎င်းတို့အနက် နှစ်ထပ်အဆောင်များဖြစ်သော (လ.ဝ.က) ရုံး၊ အ.မ.က (မူလွန်) ကျောင်း၊ အက်ကွဲပြီး ပြိုကျလုနီးပါး ဖြစ်သွားပါကြောင်း၊ စာသင်ကျောင်းများသည် စာမေးပွဲစစ်ပြီး၍ ရပ်နားထားသည့်အချိန် ဖြစ်ပါကြောင်း၊ ပညာရေးနှစ်စသည့် ၁-၆-၂၀၁၇ ရက်နေ့တွင် မူလတန်းလွန်ကျောင်းကို ပြည်လမ်း၏တစ်ဖက်ကမ်းရှိ ရှမ်းကျောင်း ဘုန်းတော်ကြီး ကျောင်းတွင်စာသင်ခဲ့ရသည်မှာ တစ်နှစ်ပြည့်သွားပါကြောင်း၊ မြို့နယ် (လ.ဝ.က) ရုံးကို ပြန်လည်ဆောက်လုပ် ပေးပြီးသွားပြီဖြစ်ပါကြောင်း၊ မူလတန်းလွန်ကျောင်းက ယခုထက်ထိ မပြီးခဲ့သေးသည်မှာ ကျောင်းကိုဖျက်ခွင့်တင်ဒါများတင်ပြီး ဖျက်ရပါကြောင်း၊ ဖျက်ပြီးမှဆောက်ခွင့် ပြန်တင်ရပါကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လတွင်ပြီးသည့်အတွက် ၂၀၁၇-၁၈ ဘတ်ဂျက်တွင် ပါမသွားသည့်အတွက် RE တွင်ပါရန် မိမိတို့ကကြိုးစားသည့်အခါ မူလွန်ကျောင်း၏ မြေပိုင်ဆိုင်မှု၊ အငြင်းပွားမှုက ဖြစ်လာသည့်အတွက် ဖြေရှင်းသည့်အခါ ၁၀ လပိုင်းကျော်သွားပြီး နောက် ဘတ်ဂျက်ကြီးတွင် မပါသွားပါကြောင်း၊ နောက်ဘတ်ဂျက်ကလည်း ကြားဖြတ်ဘတ်ဂျက် ခြောက်လ၊ ဘတ်ဂျက်အကူးအပြောင်း ယခုလက်ရှိကျင့်သုံးနေသော ဘတ်ဂျက်ထဲတွင်လည်း ပါမသွားသည့်အတွက် ခြောက်လဘတ်ဂျက်တွင်ပါအောင် မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနများ၊ တိုင်းအစိုးရအဖွဲ့နှင့်တိုင်ပင်ပြီး လုပ်ဆောင်သည့်အခါ ၁၅ ရာခိုင်နှုန်းပါလာပါကြောင်း၊ ၂၀၁၈-၁၉ ဘတ်ဂျက်ကြီးကို ပြန်လည်ပါအောင် မိမိတို့ထပ်ကြိုးစားသည့်အခါ ကြားဖြတ်ဘတ်ဂျက်တွင် မပါခဲ့သည့်အတွက်ဟု ပြောကြားပါကြောင်း၊ ကြားဖြတ်ဘတ်ဂျက်တွင် ၁၅ ရာခိုင်နှုန်းသာပါရှိ ပါကြောင်း၊ ထိုအချိန်က စည်းမျဉ်းစည်းကမ်းအရ တန်ဖိုးကြီးသည်ဟုဆိုပြီး ယင်း ၁၅ ရာခိုင်နှုန်းကို ၎င်းတို့မပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၈-၁၉ ဘတ်ဂျက်ကြီးရောက်သောအခါ ကြားဖြတ်ဘတ်ဂျက်က မပေးခဲ့သည့်အတွက် ပြောကြားပါကြောင်း၊ ယခုကလေးများသည် ပြည်လမ်းမကြီးကို ကျော်ပြီး အန္တရာယ်ရှိစွာဖြင့် ဘုန်းကြီးကျောင်းတွင် သွားသင်ပါကြောင်း၊ ဘုန်းကြီးကျောင်းဆိုသည်မှာ သာသနိကဘာသာရေးပွဲများ ရှိသည်ကိုအပျက်ခံပြီး မူလတန်းလွန်ကျောင်းကနေပြီး အတန်းများလည်း သင်ကြားနေရပါကြောင်း၊ ယခုဘတ်ဂျက်ကြီးတွင် မပါရှိပါက တစ်နည်းနည်းဖြင့် RE တွင် ပါပေးနိုင်အောင် ကြိုးစားဆောင်ရွက်ပေးပါဟု တိုက်တွန်းလိုပါကြောင်းနှင့် တိုက်ကြီးမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ဖြိုဖျက်ပြီးသော မြို့မ (၁) အ.မ.က (မူလွန်) ကျောင်းကို ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေများ လျာထားပြုစုရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် မြို့မ (၁) အခြေခံပညာမူလတန်းလွန် ကျောင်းအတွက် ၁၀၈ ပေ x ၃၀ ပေ L ပုံစံ RCC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက် ငွေလုံးငွေရင်း တည်ဆောက်ရေးမူလလျာထားချက်တွင် ၁၅ ရာခိုင်နှုန်း လျာထားခဲ့ပါကြောင်း၊ သို့သော် ဘတ်ဂျက်ပမာဏသည် များပြားပြီး အရွယ်အစားလည်း ကြီးမားသည့်အတွက် ဘဏ္ဍာငွေ လိုအပ်ချက်အရ ရန်ပုံငွေလျာထားချက် ဖြတ်တောက်လျှော့ချခြင်းသာ ပြုခဲ့ပါကြောင်း၊ ယခု ၁၂ လ ဘတ်ဂျက်လျာထားချက်တွင်လည်း ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်မှ ဆောင်ရွက်ဆဲ လုပ်ငန်းများကို ဦးစားပေးလျာထားခဲ့ရသည့်အတွက် ရာနှုန်းပြည့်အောင် ဆက်လက်လျာထား ရသည့်အတွက် လုပ်ငန်းသစ်များကို တိုးချဲ့လျာထားရန် ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မြို့မ (၁) အခြေခံ ပညာမူလတန်းလွန်ကျောင်း ၁၀၈ ပေ x ၃၀ ပေ L ပုံစံ RCC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် လိုအပ်သောရန်ပုံငွေများကို မိမိတို့ ပညာရေးဝန်ကြီးဌာနမှ ဖြည့်စွက်ရန်ပုံငွေတင်ပြ တောင်းခံချိန်တွင် ထပ်မံထည့်သွင်းတင်ပြရန် စီစဉ်ပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
