(ဂ)-အခြေခံပညာရေးကဏ္ဍတွင် အမျိုးသားဆရာဦးရေ သိသာစွာကျဆင်းနေသည့်အတွက် အမျိုးသား ဆရာ ဦးရေတိုးချဲ့ခန့်ထားရန် သင်‌့လျော်သော အစီအစဉ်များဆောင်ရွက်ထားခြင်း ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ (၁၄.၈.၂၀၁၈)

ပညာရေးကဏ္ဍ၏ အဆင့်မြင့်ပညာရေးကဏ္ဍနှင့် အခြေခံပညာကဏ္ဍနှစ်မျိုးလုံးတွင် အမျိုးသမီး ဦးရေက ၈၀ ရာခိုင်နှုန်း၊ အမျိုးသားကျောင်းဆရာဦးရေက ၂၀ ရာခိုင်နှုန်းခန့်ပင် မရှိဘဲ သိသာစွာ လျော့နည်းလာပြီ ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့်တွင် ကျောင်းဆရာဦးရေ ၁၇.၃ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်တွင် ၁၀.၁ ရာခိုင်နှုန်း၊ မူလတန်းအဆင့်တွင် ၁၈ ရာခိုင်နှုန်းသာရှိပြီး တက္ကသိုလ်၊ ကောလိပ်အဆင့်တွင်လည်း နည်းပြ၊ ကထိက၊ ပါမောက္ခ၊ ရာထူးနေရာများတွင် အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် များပြားလျက် ရှိပါကြောင်း၊ မြောင်းမြမြို့တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင်လည်း ကျောင်းဆရာ တစ်ဦးပါဝင်လာခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းဆရာဆိုသည်မှာ ရှားပါးပစ္စည်းဖြစ်ပြီး နိုင်ငံတွင် ကျောင်းဆရာများ နည်းပါးနေသည့်အပေါ် အားလုံးသတိပြုကြရန် သတိပေးဝေဖန် ထောက်ပြသွားခဲ့ပါကြောင်း၊ ကျောင်းဆရာဦးရေ နည်းပါးလာခြင်း၏ ဆိုးကျိုးသည်  သိသာမြင်သာသည့် ကိစ္စမဟုတ်ဘဲ တငွေ့ငွေ့လိုက်လောင်နေသည့် ဖွဲမီးကဲ့သို့ မမြင်သာပါကြောင်း၊ ဆိုကျိုးများစွာထဲက ဥပမာတစ်ခု ထောက်ပြချင်ပါကြောင်း၊ ယနေ့ ကျောင်းသားများသည် ရဲရင့်မှု၊ သတ္တိရှိမှု၊ ပြတ်သားမှုနည်းပါးလာသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသို့ ဖြစ်ခြင်းသည် စာသင်ခန်းထဲက စတင်သည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း၊ ကျောင်းသူသည် ဆရာမများကို အတုယူ၍ ကျောင်းသားများသည် ဆရာများကို အတုယူပါကြောင်း၊ ယခုအခါ အတုယူစရာ ဆရာရှားပါးလာပါကြောင်း၊ ပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ်များကို လျှောက်ထားသင်ယူကြသည့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားလည်း အလွန်ရှားပါးပါကြောင်း၊ တပည့်မရှားတပြားမရှိ၊ ပီတိကိုစားအားရှိဆိုသည့် ကဗျာသည် ဆရာများ၏ဘဝကို ထင်ဟပ်စေခြင်းဖြစ်သော်လည်း ကျောင်းဆရာလုပ်ချင်သူများ ရှားပါးနေပြီလားဟု ခံစားရပါကြောင်း၊

ထို့ကြောင့် ပညာရေးစိတ်ပညာအရ ကျောင်းသားတို့၏ အတုယူစရာ ဆရာကောင်းများရှိရမည် ဖြစ်ပါကြောင်း၊ အနာဂတ်တွင် ယောကျ်ားပီသသော၊ ပြတ်သားတိကျသော၊ မတွေဝေသော စိတ်ထားခိုင်မာ ဖြူစင်သည့် ယောကျ်ားကောင်းများ ပေါ်လာရန်နှင့် ယင်းသို့ ယောကျ်ားကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် ပညာရေးဌာနတွင် အမျိုးသားကျောင်းဆရာ ဦးရေ တိုးချဲ့ခန့်ထားပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနက မည်ကဲ့သို့ စီစဉ်ထားသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပညာရေးဝန်ကြီးဌာန အနေဖြင့် ၁၉၉၈ ခုနှစ်မှစပြီး ပညာရေးကောလိပ်များတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ပညာ ဒီပလိုမာသင်တန်းများ နှစ်စဉ်တိုးချဲ့ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ ၂၀၁၈-၁၉ ပညာသင်နှစ်အထိ ပညာရေးကောလိပ်များ ၂၅ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး အဆိုပါပညာရေးကောလိပ်များသို့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူပြီး လျှောက်ထားသူများ၏ ရမှတ်အလိုက် ရွေးချယ်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင်ရာပညာရေး ကောလိပ်များတွင် တက်ရောက်သင်ကြား ပေးလျက်ရှိပါကြောင်း၊  ပညာရေးကောလိပ်များသို့ တက်ရောက်ခွင့် ပြုရေးအတွက် ရွေးချယ်ဆောင်ရွက်ရာတွင် ကျား/မခွဲခြား၍ ရွေးချယ်ခြင်းမျိုး မရှိပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များအလိုက် ကျောင်းသားအရေအတွက်အရ လည်းကောင်း၊ မူလတန်းပြဆရာ လိုအပ်ချက်အရလည်းကောင်း၊ ပညာရေးတက္ကသိုလ်များ၏ ဝင်ဆံ့အင်အားအရလည်းကောင်း၊ ပညာရေးကောလိပ်များသို့ တက်ရောက်ရန်လျှောက်ထားသည့် ဘာသာတွဲ၊ သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာအလိုက် လျှောက်ထားသူဦးရေအရ သော်လည်းကောင်း ရွေးချယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ပညာရေးတက္ကသိုလ်များနှင့် ပညာရေး ကောလိပ်များမှ ပညာရေးဘွဲ့ BED လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ပညာသင်တန်း TTEP လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT သင်တန်းများကို ရွေးချယ် လေ့ကျင့်ပေးပြီး ၎င်းတက္ကသိုလ်၊ ကောလိပ်အသီးသီးမှ သင်တန်းဆင်းဆရာ/မများကို အခြေခံပညာ ဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ခန့်ထားခြင်းလုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စိစစ်တွေ့ရှိချက်များအရ ယခုအချိန်အထိ ပညာရေး တက္ကသိုလ်နှင့် ပညာရေးကာလိပ်များသို့ လျှောက်ထားသူအများစုသည် အမျိုးသမီးများ ဖြစ်နေခြင်း၊ အချို့မြို့နယ်များတွင် လျှောက်ထားသည့် အမျိုးသားဦးရေလုံးဝမရှိခြင်း လျော့နည်း နေခြင်းတို့ကြောင့် အင်အားပြည့်သင်ကြား လေ့ကျင့်ပေးနိုင်ရန် မိန်းကလေးအင်အားကို တိုးမြှင့် ရွေးချယ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည့်အပြင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ၊ ဘွဲ့ရသူ အမျိုးသားများသည် ကျောင်းဆရာလုပ်ငန်းကို စိတ်ဝင်စားမှုအားနည်းခြင်း၊ မြန်မာ အမျိုးသမီးများသည် ၎င်းတို့၏ အသိုင်းအဝိုင်းနှင့် ယဉ်ကျေးမှုအရ ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး ကုသိုလ်ရသော ဆရာမအသက်မွေးဝမ်းကျောင်းကို ပိုမိုနှစ်သက်ခြင်းကြောင့် အမျိုးသားဆရာ အင်အားနည်းပါးပြီး အမျိုးသမီးဆရာအင်အား များပြားခြင်း ဖြစ်ပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာအတတ်ပညာသင်တန်းသားများ ရွေးချယ်ရာတွင် အမျိုးသား ဦးရေပိုမိုကျောင်းဝင်ခွင့် ရရှိရေးစီစဉ်ပေးခြင်း၊ အစီအစဉ်အမျိုးမျိုးဖြင့် ဘွဲ့ရရှိပြီးသူများအား ကာလတိုဆရာအဖြစ် သင်တန်းများပေးခြင်း၊ ဆရာ/မများ ခန့်ထားသည့်အခါ ပန်ချီ၊ ဂီတ၊ အနုပညာ၊ အားကစား၊ ကွန်ပျူတာ၊ ဘွဲ့ရဆရာ/မများအဖြစ် ခန့်ထားခြင်း အစီအစဉ်များအပြင် ဆရာအင်အားများ တိုးတက်များပြားလာအောင် ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။