(ခ)-ဟုမ္မလင်းမြို့နယ်တွင် မြေသားတစ်မိုင်ခန့်နှင့် နမ်ဖယ်ချောင်းဖြတ်သံကူကွန်ကရစ်တံတားတစ်စင်း လိုအပ်နေပါသဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၄)ရက်မြောက်နေ့ (၁၂.၅.၂၀၁၅)

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနက နမ်စကား-ခေါင်ငိုး-နမ်တော ကျေးရွာချင်းဆက်လမ်းကို သန်းပေါင်း ၆၀၀ ခွင့်ပြုထားပါကြောင်း၊ သို့သော် ၎င်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့ရာ တင်ဒါခေါ်ယူပြီး ကုမ္ပဏီများကို တာဝန်ယူစေပြီး သံကူကွန်ကရစ်တံတားနှင့် လမ်းမိုင် ၆ မိုင် ကို ဂရိတ်ရန်းကုမ္ပဏီက ဆောင်ရွက်ခဲ့ပါကြောင်း၊ ဂရိတ်ရမ်းကုမ္ပဏီက အင်ဂျင်နီယာအား မိမိအနေဖြင့် တွေ့ဆုံမေးမြန်းရာ တံတား တစ်စင်းမှ မဆောက်ဖူးသေးကြောင်း ပြောကြားသဖြင့် တံတားဆောက်လုပ်ရေးတွင် အတွေ့အကြုံနည်းပါးသဖြင့် အလုပ်လုပ်ချိန်တွင် အမှားအယွင်းများ ဖြစ်လာပြီး အချိန်မီ ပြီးစီးခြင်းမရှိပါကြောင်း၊ ငွေကြေးများလည်း မှားယွင်းပြီး ပြင်ဆင်ရသည့်အတွက် ငွေကြေးက မလုံလောက်မှုများ ဖြစ်လာပါကြောင်း၊ မြေသားလမ်း ၁ မိုင်နှင့် နမ်တော့ဝင်ရမည့် နမ်ဖယ်ချောင်းဖြတ်ကာ တံတားတစ်စင်း ကျန်ရှိနေရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ဆဲလုပ်ငန်းဖြစ်သည့်အတွက် လျာထားပေးမည်ဟု ယူဆသော်လည်း BE တွင် ပါမလာခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းလမ်းနှင့် တံတားအတွက် မည်သို့ဆောင်ရွက်ပေးမည်နှင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်-နမ့်တောလမ်းသည် အရှည် ၁၇ မိုင် ၃ ဖာလုံရှိပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတို့ဖြင့် ကျောက်ချောလမ်း ၂ မိုင် ၆ ဖာလုံ၊ ကျောက်ရောမြေလမ်း ၈ မိုင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့်  ကျောက်ရောမြေလမ်း ၅ မိုင်ကို လည်းကောင်း၊ ပြည်သူလူထုကနေပြီးမှ  ကျောက်ရောမြေလမ်း ၁ မိုင် ၅ ဖာလုံကိုလည်းကောင်း၊ စုစုပေါင်းမိုင်အရှည် ၁၇ မိုင် ၃ ဖာလုံကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်-နမ့်တောလမ်းပေါ်ရှိ နမ့်ဖယ်ချောင်းကူးတံတားသည် အရှည် ပေ ၁၂၀၊ အကျယ် ၁၅ ပေရှိသော အုတ်ခုံခံထားသော သစ်သားတံတားဖြစ်ပြီး ကမ်းကပ်ခုံနံရံများ ကွဲနေသည့်အတွက် သံကူကွန်ကရစ တံတားအဖြစ် အသစ်ဆောက်လုပ်ရန် လိုအပ်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ၁၂၀၀၀ သန်း ဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေ ကျပ် ၁၇၅၁၂.၀၄၃ သန်းဖြင် ကတ္တရာလမ်း ၂၆ မိုင် ၅ ဖာလုံ၊ ကျောက်ချောလမ်း ၁၈၉ မိုင် ၃ ဖာလုံ၊ မြေသားလမ်း ၂၁၈ မိုင် ၃ ဖာလုံ၊ သစ်သားတံတား ၂၄၇၀ ပေ၊ ကွန်ကရစ်တံတား ၆၄၅ ပေ၊ ရေပြွန် ၁၆၉ ပေနှင့်ကွန်ကရစ်ရေကျော် ၃၇၀ ပေးတို့ကို ဆောင်ရွက်မှုခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ဟုမ္မလင်းမြို့နယ်တွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့်  ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၃၄.၂၄ သန်းဖြင့် မြေသားလမ်း ၂ မိုင်ကို ဆောင်ရွက်ရန် ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ နောင်ပိုအောင်-နမ့်တောလမ်းပေါ်ရှိ နမ့်ဖယ်ချောင်းကူး တံတားကို ဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် လျာထားတင်ပြထားခြင်း မရှိသေးပါသဖြင့် လတ်တလောအချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ တင်ပြချက်ကို မှတ်တမ်းတင်ထားရှိပြီး လုပ်ငန်းများအား ဦးစားပေးအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဥက္ကဋ္ဌကြီးက ဆွေးနွေးပြောကြားသွားပါသည်။

ဦးအေး (ဟုမ္မလင်း) ၏ မေးမြန်းချက်တွင် မေးမြန်းချက် နှစ်ခုဟု မှတ်သားမိပါကြောင်း၊ စည်းကမ်းသတ်မှတ်ချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိသော လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာခွင့်ပြုငွေပါ/မပါဆိုသည့် မေးခွန်းဟု မှတ်သားမိပါကြောင်း၊ ဒုတိယအချက်ကို ပြေလည်အောင်ဖြေသွားပြီးဖြစ်ပြီး ပထမအချက်နှင့် ပတ်သက်၍ မည်ကဲ့သို့ စီရင်ထားသည်ကို ဖြေကြားနိုင်ပါက ဖြေကြားပေးစေလိုကြောင်း ပြောကြားပါသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး

မိမိတို့ နယ်မြေများကို ကွင်းဆင်းလေ့လာသည့်အခါ ၎င်းပြဿနာလေးများကို  တွေ့ရပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်မလာမီ ကျေးလက်အဖွဲ့ Staff များနှင့် တွေ့ပြီး ကျန်သေးသော မိမိတို့ Shoot လွှတ်နိုင်သော မေးခွန်းများကို အောက်ခြေတွင် တကယ်ဖြစ်ပျက်နေသည်များကို သိရှိရန် လိုအပ်ပါကြောင်း၊ မည်သို့လုပ်ပေးနိုင်သည်ကို ဖြေရှင်းပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့က ခန်းမကြီးထဲတွင် တရားဝင် ထုတ်ဖော်ပြီး မဖြေရှင်းနိုင်ပါက မေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များကို နှစ်ယောက်ချင်းတွေ့ပြီး လိုအပ်သည်များကို ရှင်းပြခဲ့သည်များ ရှိပါကြောင်း၊ ဥက္ကဋ္ဌကြီး မေးမြန်းဆွေးနွေးသော မိမိတို့ကို ချပြသည့် လမ်းညွှန်ချက်များသည် အလွန်ဖြစ်သင့်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးလည်း သိသင့်ပါကြောင်း၊ ယခင်က အင်္ဂပူလွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးမြန်းချက်ကို မိမိတို့ Slide များဖြင့် ဖြေကြားခဲ့ဖူးပါကြောင်း၊ မိမိတို့က ဘတ်ဂျက်ကျသည်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအစိုးရများကို ခွဲပေးလိုက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်က တင်ဒါကို ပွင့်လင်းမြင်သာမှုရှိအောင် ခေါ်ပါကြောင်း၊ တင်ဒါခေါ်ပြီး အောင်မြင်သွားသော ကုမ္ပဏီကို လုပ်ငန်းများအပ်ပြီး လုပ်ငန်းကို Quality Control အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက အင်ဂျင်နီယာများဖြင့် ကွပ်ကဲကြပ်မတ်သည်များ ရှိပါကြောင်း၊ မိမိတို့ မဲဆန္ဒနယ်တွင် ရေတွင်းတူးရာ အောက်ကကျောက်ဖြာခံသည့်အတွက် မိမိတို့ Feasible လုပ်လိုက်သည့် အတွက် ရေရနိုင်သည်ဟု ယူဆသော်လည်း အောက်တွင် ကျောက်ဖြာကြီးခံနေသည့်အတွက် ရေမထွက်သည်များ ရှိပါကြောင်း၊ ထိုကဲ့သို့ တချို့ကုမ္ပဏီများကို ဆက်ပြီးလုပ်ရန် မရနိုင်သည့်အတွက် တချို့လုပ်ငန်းများမှာ စွန့်လွှတ်သောလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဒေသရှိ အထောက်အကူပြုအဖွဲ့များနှင့် ညှိနှိုင်းကာ အမှုတွဲတည်ဆောက်ပြီး ပြန်လည်သုံးသပ်ပါက ခွင့်ပြုပေးသည်များ ရှိပါကြောင်း။

အမှန်တကယ် ပြုလုပ်နိုင်သော်လည်း သတ်မှတ်ချိန်အတွင်း ပြီးစီးမှုမရှိခြင်း၊ Quality မပြည့်မီခြင်းများကို ဆက်လက် အရေးယူမည်ဖြစ်ပါကြောင်းနှင့် မည်သို့မှ ဆောင်ရွက်နိုင်ခြင်းမရှိပါက ၎င်းကုမ္ပဏီများကို Black List သွင်းပြီး ဆောင်ရွက်ခြင်းမျိုးရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဥက္ကဋ္ဌကြီးက ဆွေးနွေးပြောကြားသွားပါသည်။

မေးခွန်းမေးစဉ်က တိတိကျကျ မေးထားခြင်းဖြစ်ပါကြောင်း၊ အားလုံးသိကြသည့်အတိုင်း မိမိတို့နိုင်ငံသည် ဆင်းရဲသည့်နိုင်ငံဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေခွဲဝေသည့်နေရာတွင် တင်ပြလာသော စီမံကိန်း၊ လုပ်ငန်းပေါ် မူတည်ပြီး လွှတ်တော်ထဲတွင် ဆွေးနွေးပြီး ခွင့်ပြုချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ချပေးလိုက်သော ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲသည့်နေရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအပါအဝင် အခြားစည်းမျဉ်းစည်းကမ်းများအနေဖြင့် သုံးစွဲရခြင်းဖြစ်ပြီး ဥပဒေအရ တရားဝင်တင်ပြသော ကိစ္စဖြစ်ပါကြောင်း၊ ပြင်ပတွင်လည်း ယင်းကဲ့သို့ မိမိတို့ထံ အများကြီး တင်ပြထားခြင်းများ ရှိပါကြောင်း၊ မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူ့ဘဏ္ဍာရန်ပုံငွေများကို စနစ်တကျသုံးစွဲနိုင်ရန်အတွက် သေချာစီမံခန့်ခွဲပြီး ဆောင်ရွက်ပေးသည့်နေရာတွင် ဘဏ္ဍာငွေများကို စနစ်တကျမသုံးဘဲ  ယခုကဲ့သို့ နိုင်ငံတိုင်းတွင် ဖြစ်နေမည်ဆိုပါက ဘဏ္ဍာငွေများစွာဆုံးရှုံးသကဲ့သို့ မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ သက်ဆိုင်ရာတာဝန်ရှိသော အစိုးရနှင့် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကလည်း ပြည်သူ့ကြားတွင် ကောင်းသောအနေအထားမျိုးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ဘဏ္ဍာငွေများကို စနစ်တကျသုံးစွဲရန်နှင့် စည်းမျဉ်း စည်းကမ်းနှင့်အညီ မသုံးစွဲပါက ထိုက်သင့်သောအရေးယူမှု၊ အပြစ်ပေးမှုများ မရှိပါက မိမိတို့နိုင်ငံသည် ယခုကဲ့သို့ အခက်အခဲများကြားက ထိုက်သင့်သော အရေးယူမှု၊ အပြစ်ပေးမှုများ မရှိပါက အခက်အခဲများကြားက ကျော်လွှားရန် အခက်အခဲများ ဖြစ်နေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်  တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုဆိုသည်မှာ အပြောသာ ဖြစ်နေ၍ မရပါဘဲ လက်တွေ့လုပ်ပါမှ ရမည်ဖြစ်ပါကြောင်း၊ ယနေ့အစိုးရသည် ပြည်သူ့အစိုးရဖြစ်ပါကြောင်း၊ ဒီမိုကရေစီ နည်းလမ်းစနစ်ဖြင့် ဆောင်ရွက်ထားသော ကိစ္စဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပျက်ကွက်မှုများ၊ လစ်ဟာမှုများ ဆက်ပြီးရှိနေမည်ဆိုပါက ရှေ့သွားမည့်ခရီးတွင် နိုင်ငံအတွက်၊ အစိုးရအတွက်၊ မိမိတို့ ကိုယ်စားလှယ်များအတွက် အခက်အခဲများ ရှိနိုင်သည့်အတွက် မေးခွန်းအပေါ်၊ ဖြေသည့်အပေါ် မူတည်ပြီး ပြန်လည်မေးမြန်းသင့်ပါကြောင်း၊ သို့ရာတွင် မည်သို့ပင်ဖြစ်စေကာမူ ဒုတိယဝန်ကြီးပြောကြားသွားသော တစ်ဦးချင်းတစ်ဦးချင်းမေးသော ကိစ္စကို ပြင်ပတွင် ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းသည် ကောင်းပါကြောင်း၊ သို့ရာတွင် လွှတ်တော်ကို တင်ပြလာသော ကိစ္စကို လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေဖြင် သိပြီးဆိုပါက ယခုကဲ့သို့ ပြောဆိုဆွေးနွေးမှသာ ပိုမိုကောင်းမွန်သော ရလာဒ်များ ရနိုင်မည်ဖြစ်သည်ကို ဆွေးနွေးခြင်းဖြစ်ပါသည်။