မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏ ဦးစားပေးဆောင်ရွက်ရန် အစီအစဉ် ခြောက်မျိုးဖြစ်ပါကြောင်း၊ မြို့နယ်ဧရိယာ၏ ၁၁ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးမြေရှိခြင်း၊ ကုန်ထုတ်ခြင်းနှင့် ကုန်သွယ်ခြင်းစသည့် စီးပွားရေးလုပ်ငန်းများ မရှိသည့်မြို့ ဖြစ်ခြင်းတို့ကြောင့် စီမံကိန်း၏ ဦးစားပေးဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များသည် ပန်းတောင်းမြို့နယ်က ပြည်သူအများစုအတွက် လိုအပ်ချက်များ ဖြစ်ပါကြောင်း၊ ထိုစီမံကိန်းမှရရှိမည့် အကျိုးကျေးဇူး ၁၁ မျိုးဖြစ်ပြီး အများစုမှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ကြောင်း ပေါ်လွင်ပါသည်။ ကျေးရွာပေါင်း ၂၁၀ ရှိသည့် ပန်းတောင်းမြို့နယ်တွင် ရွာ ၂၃ ရွာသာ စီမံကိန်းရထားခြင်းကြောင့် ကျန်ရွာများကလည်း အကျိုးကျေးဇူးများ လိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ ပန်းတောင်းမြို့နယ်ထဲတွင် ၎င်းရွေးချယ်သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာများစွာ ကျန်ရှိနေသဖြင့် လိုအပ်လျက်ရှိနေဆဲ ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး အပါအဝင် လူထုဗဟိုပြု စီမံကိန်းရရှိထားသော မြို့နယ်များတွင် မြစိမ်းရောင်စီမံကိန်း ရရှိထားမှုအခြေ အနေတင်ပြချက်ဖြစ်ပြီး စီမံကိန်းနှစ်ခုတစ်ပြိုင်တည်း ဆောင်ရွက်နေသည့် ကျေးရွာ ၁၅၈၆ ရွာဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပန်းတောင်းမြို့နယ်တွင် CDD ရရှိပြီး ၂၀၁၆-၁၇ ခုနှစ် နောက်ပိုင်းမှစ၍ မြစိမ်းရောင်စီမံကိန်း မရရှိခြင်းကြောင့် စီမံကိန်းအကောင်အထည်ဖော်မှုမှာ မညီမျှသကဲ့သို့ ဖြစ်နေပါကြောင်း၊ ပြည်/ခရိုင် ခြောက်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေသည့် ကျေးရွာ အရေအတွက်များ ဖြစ်ပါကြောင်း၊ လူဦးရေ ၁၅၀၀၀၀ ကျော်ရှိသည့် ပန်းတောင်းမြို့နယ်၏ မြစိမ်းရောင် စီမံကိန်းရရှိမှုမှာ ပြည်/ခရိုင်တွင် အနည်းဆုံးဖြစ်နေသည့်အတွက် ရရှိသည့်ကျေးရွာ အရေအတွက်ကလည်း အလွန်ကွာခြားနေပါကြောင်း၊
ပန်းတောင်းမြို့နယ်တွင် ၂၀၁၄-၁၅ ခုနှစ်တွင်တစ်ရွာ၊ ၂၀၁၅-၁၆ ခုနှစ်တွင် ၁၅ ရွာ၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၄ ရွာ စုစုပေါင်းကျေးရွာပေါင်း ၂၃ ရွာတွင် ယူနစ်ပေါင်း ၂၀ သာရရှိပြီး နောင်နှစ်များတွင် အဆိုပါ စီမံကိန်းထပ်မံတိုးချဲ့ လုပ်ကိုင်ခွင့် မပေးတော့ပါကြောင်း၊ လူမှုစီးပွား အကြပ်အတည်းများကြောင့် ကျေးရွာအချို့မှ ပြည်သူများကလည်း မြစိမ်းရောင်စီမံကိန်း လိုအပ်ပါကြောင်း၊ လူထုဗဟိုပြုစီမံကိန်း ပေးသည်ဆိုခြင်းမှာလည်း အခြားမြို့နယ်များထက် ဖွံ့ဖြိုးမှုလိုအပ်နေခြင်းကြောင့် ဖြစ်ပါကြောင်း၊ အခြားမြို့နယ်များနည်းတူ မြစိမ်းရောင် စီမံကိန်းတိုးချဲ့ ဆောင်ရွက်မပေးလျှင် အခြားမြို့နယ်များထက် လူမှုစီးပွားဘဝ ပန်းတောင်းမြို့နယ်က ပိုပြီးနိမ့်ကျနေမည် ဖြစ်သည့်အတွက် မြန်မာပြည်၏ ဖွံ့ဖြိုး တိုးတက်မှုမှာ ပန်းတောင်းမြို့နယ်မှ ပြည်သူများမကျန်ရစ်စေရန်အတွက် အထက်ပါမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါသည်။
မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ စီမံကိန်းကျေးရွာများအတွက် ရွေးချယ်မှု ဆင်းရဲနွမ်းပါးမှုနှုန်း၊ အကျိုးပြုကျေးရွာနှင့် လူဦးရေ၊ အခြားစီမံကိန်း ဆောင်ရွက်မှု အခြေအနေများအပေါ် အခြေခံပြီး ပြည်နယ်/တိုင်းဒေသကြီး တစ်ခုချင်းအလိုက် စီမံကိန်းအရေအတွက်ကို ခွဲဝေသတ်မှတ်ပေးပါကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကလည်း ဖော်ပြပါအညွှန်းကိန်းများအပေါ် အခြေခံပြီး မြို့နယ်အလိုက် စီမံကိန်းကျေးရွာများ ခွဲဝေလျာထား ပေးပါကြောင်း၊ မြို့နယ်အဆင့်တွင် လွတ်တော်အသီးသီးက ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ပြီး ဖြန့်ဝေထားသော စီမံကိန်းလက်စွဲပါ ကျေးရွာရွေးချယ်ရေး မူများနှင့်အညီ ပဏာမ ရွေးချယ်ပါကြောင်း၊ မြို့နယ်အဆင့်ပဏာမ ရွေးချယ်ထားသည့် ကျေးရွာများကို သက်ဆိုင်ရာ မြို့နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ ထံတင်ပြပြီး ယင်းအစိုးရအဖွဲ့၏ စိစစ်အတည်ပြုချက်ဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ခွင့်ပြုအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊
ပန်းတောင်းမြို့နယ်တွင် ကျေးရွာစုစုပေါင်း ၂၁၀ ရွာရှိပါကြောင်း၊ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ ယူနစ်တစ်ယူနစ်၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ ယူနစ် ၁၅ ယူနစ်၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ ယူနစ်လေးယူနစ်နှင့် စုစုပေါင်းစီမံကိန်း ကျေးရွာယူနစ် ၂၀ အကျိုးပြုကျေးရွာ ၂၃ ရွာတွင် ဆောင်ရွက်လျက်ရှိပြီး လွှမ်းခြုံမှုရာခိုင်နှုန်းအားဖြင့် ၁၀.၉၅ ရာခိုင်နှုန်းရှိပါကြောင်း၊ ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအပြင် လူထုဗဟိုပြု စီမံကိန်းကိုလည်း ကျေးရွာအုပ်စု ၄၁ အုပ် စု၊ ကျေးရွာပေါင်း ၂၁၀ ရွာတွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကစပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စီမံကိန်း၏ လွှမ်းခြုံမှုက အားလုံး ၁၀၀ ရာခိုင်နှုန်းပြည့် ဖြစ်ပါကြောင်း၊ စီမံကိန်းပထမစက်ဝန်းတွင် ထောက်ပံ့ရန်ပုံငွေ ကျပ် ၁.၃၂၂ ဘီလီယံနှင့် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၂၀၁ ခု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စီမံကိန်းဒုတိယစက်ဝန်းတွင် ထောက်ပံ့ရန်ပုံငွေကျပ် ၁.၃၄၄ ဘီလီယံဖြင့် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၁၅၄ ခု ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာထပ်မံတိုးချဲ့ရန် အစီအစဉ်နှင့်ပတ်သက်ပြီး ပန်းတောင်းမြို့နယ် မြစိမ်းရောင်စီမံကိန်းကို ကျေးရွာ ၂၃ ရွာတွင် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် လူထုဗဟိုပြု စီမံကိန်းကိုလည်း ကျေးရွာများအားလုံးတွင် စီမံကိန်းစက်ဝန်း လေးနှစ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက်လည်းကောင်း၊ စီမံကိန်းများ ဆောင်ရွက်ခွင့်မရှိသည့် အခြားမြို့နယ်ရှိ ကျေးရွာများကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည့် အတွက်လည်းကောင်း ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ထပ်မံတိုးချဲ့ဆောင်ရွက် ပေးရန်အတွက် လတ်တလော အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒေါ်ခင်နှင်းသစ် (ပန်းတောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်းကြီး၏ဖြေကြားချက်ထဲတွင် လူထုဗဟိုပြုစီမံကိန်းလည်းရှိကြောင်း၊ မြစိမ်းရောင်စီမံကိန်းများကို ထပ်မံပေးရန် အစီအစဉ်ကိုရှိ/မရှိ ကိစ္စတွင် အစိုးရအဖွဲ့များ၏ စိစစ်အတည်ပြုချက်များဖြင့် ဆောင်ရွက်သည်ဟု ဝန်ကြီး၏ဖြေကြားချက်တွင် ပါဝင်ပါကြောင်း၊ ထို့ကြောင့် မိမိ၏ ဆက်စပ်မေးခွန်းမှာ ပြည်နယ်များ၊ တိုင်းဒေသကြီးများတွင် စီမံကိန်းနှစ်ခုကို တစ်ပြိုင်တည်း ဆောင်ရွက်ရန်သင့်/မသင့် ဆိုသည်များသည် အတည်ပြုချက်များ မဟုတ်ပါကြောင်း၊ စံသတ်မှတ်ချက်များ ရှိပြီးဖြစ်ပါသလား၊ နောက် မေးခွန်းက ထိုသတ်မှတ်ချက်များနှင့် စီမံကိန်းအကောင်အထည်များ ဖော်ပါက မှန်ကန်ခြင်း၊ မျှတခြင်း ရှိ/မရှိကိုရော ပြန်လည်သုံးသပ်ခြင်း၊ သုတေသနပြုခြင်းများ ရှိပါသလား၊ အကယ်၍ လိုအပ်သည်ဆိုလျှင်လည်း ထိုသတ်မှတ်ချက်၊ အတည်ပြုချက်များကို ပြုပြင်ရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
စီမံကိန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ရခြင်းဆိုသည်မှာ ၎င်းစီမံကိန်းအတွက် အဓိကကျသည့် ရန်ပုံငွေပေါ် မူတည်ပြီး ထိုအကန့်အသတ်အတွင်း မြစိမ်းရောင်ဆိုလျှင် မြစိမ်းရောင်စီမံကိန်း၊ လူထုဗဟိုပြုဆိုလျှင် လူထုဗဟိုပြုစီမံကိန်းကို အဓိကကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးတွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယခုလို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ တွေ့ကြုံရသည့် အတွေ့အကြုံများကိုလည်း ပြန်လည်သုံးသပ်ပြီး အားနည်းချက်များကိုလည်း မိမိတို့ဝန်ကြီးဌာနက ပြန်လည်စိစစ်ပြီး အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေသည့် အခြေအနေများလည်း ဖြစ်ပါကြောင်း၊ ယခုမြစိမ်းရောင် စီမံကိန်းအတွက် ရွေးချယ်သည့်အခါ မိမိတင်ပြသကဲ့သို့ မြို့နယ်ကိုယ်စားလှယ်များ အနေဖြင့် အဓိက Proposal နှင့် ရပ်မိရပ်ဖများ၏ ထောက်ခံတောင်းဆိုမှုကို အဓိကထား ရွေးချယ်သည့်အတွက်ကြောင့် ယလိုအစီအမံများ ရှိလာမည်ဆိုလျှင် သက်ဆိုင်ရာ အောက်ခြေကမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် အကျိုးအကြောင်း ခိုင်လုံစွာဖြင့် တင်ပြဆောင်ရွက် သွားသင့်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။
