(င)-တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့သို့ ဆက်သွယ်သွားလာရေးအတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများသည် ရာသီမရွေးသွားလာနိုင်သည့် လမ်းမရှိသောကြောင့် ကုန်ထုတ် ဆက်သွယ်ရေးလမ်းတစ်ခု ဖောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၆.၈.၂၀၁၈)

 

မိမိတို့မြန်မာနိုင်ငံရှိ မြို့ကြီးပြကြီးအားလုံးသည် မြစ်ဘေး/ချောင်းဘေးတွင် ရှိကြပါကြောင်း၊ ယခင်က ဆက်သွယ်သွားလာရေးအတွက် မြစ်ကြောင်းကိုသာ အဓိကထားကြပါကြောင်း၊ မိမိတို့မြို့သည်လည်း ဧရာဝတီမြစ်ကမ်းနဖူးပေါ်တွင် ရှိပါကြောင်း၊ ယခုတိုးတက်ပြောင်းလဲလာသော အခြေအနေကြောင့် ရန်ကုန်မြို့ကို ကိုယ်ပိုင်ကားဖြင့်သွားပါက နှစ်နာရီခန့် ရောက်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးသည် အလွန်ကောင်းလာပါကြောင်း၊ အဖျောက်မြို့ကို မှီခိုနေသောကျေးရွာ အားလုံးကလည်း အစိုးရ၏လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ပြုလုပ်ပေးမှုများကြောင့် လည်းကောင်း နောက်ပိုင်းတွင် မိမိတို့၏လွှတ်တော်ရန်ပုံငွေ သိန်းတစ်ထောင် ရရှိသည့်ငွေဖြင့် ဆက်သွယ်ရေးလမ်းများ လုပ်ဆောင်ပေးသည့်အခါ အဖျောက်ပတ်ဝန်းကျင်ရှိ ကျေးရွာများက  အားလုံးတိုးတက် သွားပါကြောင်း၊ အဖျောက်မြို့သည် ပိဋကတ်သုံးပုံအပြည့်အစုံလည်း ရှိပါကြောင်း၊ ရန်ကုန်မြို့ကိုလည်း အလွယ်တကူ သွားလို့ရပါကြောင်း၊ ယခုတိုက်နယ်စံပြ ဆေးရုံများနှင့်တကွ ကိုယ်ပိုင်အထက်တန်းကျောင်း ငါးကျောင်းရှိပါကြောင်း၊ ပညာရေးလည်း အလွန်ထွန်းကားပါကြောင်း၊ ၎င်းမြို့ကို လာကြရာတွင် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများသည် အမြဲတမ်းဆက်သွယ်ရေးလမ်း မရှိပါကြောင်း၊ ရေကာတာတမံကြီးပေါ်မှ သွားလာနေရပါကြောင်း၊

အဆိုပါလမ်းများသည် သိန်းတစ်ထောင်ဖြင့် လုပ်ပေးထားသော လမ်းဖြစ်ပါကြောင်း၊ ဆည်မြောင်းပေါ်တွင် လုပ်ပေးရသည် ဖြစ်သည့်အတွက် သွားလာရေးအဆင်မပြေပါကြောင်း၊ ဆိုင်ကယ်များ Accident ဖြစ်ပြီး တောင်အောက်၊ လမ်းဘေးအထိထိုးကျပါကြောင်း၊ ၎င်းတာကြီးက ပေ ၂၀ ကျော်အထိ မြင့်ပါကြောင်း၊ သွားလာနေရသည့် ပုဂ္ဂိုလ်များ အလွန်အန္တရာယ်ကြီးပါကြောင်း၊ ကုန်ထုတ်လမ်း လုံးဝမရှိပါကြောင်း၊ ကုန်ထုတ်လမ်းကလည်း ၎င်းတာပေါ်မှ သွားနေရပါကြောင်း၊ အဖျောက်နောက်ကျောရှိ ကျေးရွာများက အဆိုပါဆက်သွယ်ရေးလမ်း ရှိသကဲ့သို့ အဖျောက်မြို့တွင် လုပ်၍မရပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် လမ်းက အဆိုပါတာပေါင်ပေါ်တွင်သာ ရှိပါကြောင်း၊ အခြားရွာများကဲ့သို့ မြို့ကိုတက်သည့်လမ်း မရှိပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် လုပ်သည့်အခါ လမ်းရှိသည့်လမ်းကိုသာ ၎င်းတို့ကဦးစားပေးပြီး ကွန်ကရစ်လမ်းများ လုပ်ပေးပါကြောင်း၊ လမ်းအသစ်မရှိသည့်အခါ တာကြီးနှင့်အပြိုင် ရွာ၏နောက်များမှ လမ်းဖောက်ရမည် ဖြစ်သည့်အတွက် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ မူနှင့်မကိုက်ညီသဖြင့် ချန်ထားခြင်း ခံရပါကြောင်း၊ ကုန်ထုတ်လမ်း မရှိသည့်အတွက် လမ်းဘေးကိုဆင်းပြီး ရှောင်ပေးနေရပါကြောင်း၊ ၎င်းလမ်းကြီးကို သွားနေရသည်မှာ မိမိတို့မြို့နယ် အပါအဝင် တစ်ဖက်ကမ်း တစ်ဆက်တည်းရှိနေသည့် ဇလွန်မြို့နယ်ကလည်း အဆိုပါလမ်းမှ အဖျောက်ကို လာရပါကြောင်း၊ အဖျောက်ကရန်ကုန်ကို သွားသည့်အခါ နှစ်နာရီ၊ သုံးနာရီဖြင့်ရောက်ပါကြောင်း၊ ဆက်သွယ်ရေးက ကောင်းမွန်သည့်အတွက် မြို့ကိုလာရန် ဇလွန်မြို့နယ်၏အရှေ့ခြမ်း၊ တိုက်ကြီးမြို့နယ် ၏ အရှေ့ခြမ်းတို့တွင် ဆက်သွယ်သည့် ပုံမှန်လမ်းမရှိဘဲ ၎င်းတာကို အမှီပြုရပါကြောင်း၊ အဆိုပါတာသည် မြစ်ရေကြီးမှုနှင့်ပတ်သက်ပြီး မကြာခဏအပေါ်ကို ဖို့ရပါကြောင်း၊ ဗွက်ထဲမှသွားရပါကြောင်း၊ ၎င်းကို သိန်းတစ်ထောင်ငွေထဲမှ ခင်းခင်းပေးရသည့်အတွက် အဆင်မပြေပါကြောင်း၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကအစ ပုံမှန်ဆက်သွယ်ရေး လမ်းတစ်ခု လုပ်ပေးပါဟု တောင်းဆိုလိုပါကြောင်း၊ သ့ိုဖြစ်ပါ၍ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့သို့ ဆက်သွယ်သွားလာရေးအတွက် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာများသည် ရာသီမရွေးသွားလာနိုင်သည့် လမ်းမရှိသောကြောင့် ကုန်ထုတ် ဆက်သွယ်ရေး လမ်းတစ်ခုဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တိုက်ကြီးမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အဖျောက်မြို့သို့ ဆက်သွယ်သော လမ်းသည် လေးမိုင်ခန့်ရှိပြီး နွေရာသီ၌သာ အသုံးပြုနိုင်သော လူသွားလမ်း အဆင့်သာရှိသည့် လမ်းလေးဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါလမ်းကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းအဖြစ် လွှဲပြောင်းပေးရန် ဦးစွာပထမတင်ပြရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ခွင့်ပြုမိန့်ရပြီ ဆိုပါက ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းအဖြစ် လမ်းစာရင်းတွင် ထည့်သွင်းပြီး နှစ်အလိုက် ရန်ပုံငွေများ တင်ပြတောင်းခံပြီး ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။