(ခ)-ရွှေကျင်-ထူးကြီးလမ်းအရှည်၏ အလယ်တွင်ရှိသော မြန်အောင်မြို့နယ် တောင်ဘက်ဒေသ အရှေ့ အနောက်ထွက်ပေါက် အဓိကတံတားဖြစ်သည့် အုန်းနှဲကုန်းတံတားအား တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင်‌့စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၆.၈.၂၀၁၈)

 

မြန်အောင်မြို့နယ်သည် အရှေ့အနောက်အလျားမိုင် ၄၂ မိုင်နှင့် တောင်မှမြောက်သို့ အလျားမိုင် ၂၈ မိုင် ကျယ်ဝန်းပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၅၉၉၃.၁၄ ရှိပြီး၊ ဟင်္သာတခရိုင်မှ တတိယအကြီးဆုံး မြို့နယ်ဖြစ်ပါကြောင်း၊ ဒုတိယအကျယ်ဆုံးမြို့နယ်ထက် ၂၈.၈၈၆ ဧရိယာ စတုရန်းမိုင်ခန့် ငယ်သည့် မြို့နယ်ဖြစ်ပါကြောင်း၊ မြို့နယ်၏တောင်ဘက်ဆုံး ဒေသများတွင် ရွှေကျင်-ထူးကြီးလမ်းကို အသုံးပြု၍ မြို့နယ်ချင်းဆက် လမ်းမကြီးဖြစ်သည့် ကြံခင်း-မြန်အောင် ဆုံကုန်းလမ်းမှ အင်္ဂပူ-လေးမျက်နှာ-ဟင်္သာတသို့လည်းကောင်း၊ ထိုမှပုသိမ်-ရန်ကုန်လမ်းမကြီးအဖြစ် မြန်မာပြည်အောက်ပိုင်း ဒေသများသို့ လည်းကောင်း၊ မြန်မာပြည်အထက်ပိုင်းဒေသများသို့ ပုသိမ်-မုံရွာလမ်းမကြီးအတိုင်း ကူးသန်းသွားလာ နိုင်မည့် ဆက်စပ်ပေးသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ ၎င်းရွှေကျင်-ထူးကြီးလမ်းအား အသုံးပြုမည့် မြောင်မြို့နယ် တောင်ဘက်စွန်းဒေသ ၁၁ အုပ်စုလူဦးရေ ၅၀၀၀၀ ကျော်ခန့်သည် ၎င်းလမ်းအား အသုံးပြု၍ မြို့နယ်ချင်းဆက်စပ်သည့် အရှေ့အနောက်ထွက်ပေါက်အဖြစ် အသုံးပြုသော အဓိကကျသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ ၁၉၂၀ ခုနှစ်ကတည်းက ဖောက်ခဲ့သည့် လမ်းလည်းဖြစ်ပါကြောင်း၊ ၁၉၂၇ ခုနှစ်တွင် မန်းလှချောင်းကိုဖြတ်၍ ရေနှုတ်ဖောက်ချောင်း ဖောက်လုပ်ရာမှ ၎င်းဖောက်ချောင်းအား တံတားထိုးရန် လိုအပ်ပြီး အုတ်စီကမ်းကပ်ခုံနှင့် အလျား ၂၀၊ အကျယ် ၅ ပေရှိသည့် သစ်သားတံတားကို ဒေသခံပြည်သူများမှ ဆောက်လုပ်ခဲ့ပါကြောင်း၊ ထိုတံတားပျက်စီးပြီးနောက် လမ်းအသုံးချနိုင်မှု ရပ်တန့်သွားပါကြောင်း၊ ၎င်းလမ်းပိုင်းသည်လည်း တဖြည်းဖြည်းပျက်စီးသွားခဲ့ပါကြောင်း၊ ယခုအခါ အုန်းနှဲကုန်းမှ အနောက်ဘက် ထူးကြီးအထိ ၆.၁ မိုင် လမ်းပိုင်းတွင် ပြင်ဆင်ပြီးကျောက်ချောလမ်းနှင်‌့ တံတားငါးစင်းတွင် အသုံးပြုနိုင်သည့် အဆင်‌့ရှိသကဲ့သို့ အုန်းနှဲကုန်းတံတားမှ အရှေ့ဘက်ဧရာဝတီ မြစ်ကမ်းပါး ရွှေကျင်အထိလမ်းပိုင်း ၆.၁ မိုင်တွင်လည်း ကျောက်ရောမြေနီခင်းလမ်းအဖြစ် ပြုပြင်ပြီး ဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းပေါ်ရှိ သရက်ပင်စပ်နှင်‌့ ရဲနီချောင်းတံတားကြီး နှစ်စင်းတွင်လည်း အသုံးပြု၍ရသည့် တံတားများဖြစ်ပါကြောင်း၊ အရှေ့ဘက်မြစ်ကမ်းဒေသနှင်‌့ အနောက်ဘက် တောင်ရိုးဒေသသို့ ဆက်စပ်ပေးသည့် လမ်းပိုင်းလည်း ဖြစ်ပါကြောင်း၊ အုန်းနှဲကုန်းတံတားတစ်စင်းသာ ၎င်းလမ်းပိုင်း၏ အလယ်တွင်တည်ဆောက်ရန် ကျန်ရှိပါကြောင်း၊ ၎င်းတံတားကြောင့် ၎င်းလမ်းပိုင်း အသုံးချမှုရပ်တန့်နေခြင်း ဖြစ်ပါကြောင်း၊ ကျေးရွာတွင်းလမ်းများမှ ကွေ့ဝိုက်၍ ယာယီသွားလာ ရသည့်အတွက် ဒေသအနေဖြင့် နှစ်ပေါင်းများစွာကတည်းက အခက်အခဲနှင့် ရင်ဆိုင်၍ ဖွံ့ဖြိုးမှုပိတ်ဆို့ခြင်း ခံခဲ့ရပါကြောင်း၊ ယခုအခါ နှစ်ပေါင်းများစွာ ချောင်းရေတိုက်စားမှုကြောင့် မမြဖောက်ချောင်းတွင် ပေ ၁၅၀ မှ ၂၀၀ ကျယ်ပြန့်သည့် ချောင်းပေါက် ဖြစ်ခဲ့ပါကြောင်း၊

ထိုလမ်းပိုင်းကို မိမိတို့ပြင်ဆင်ထားပြီး ယခုကုမ္ပဏီကနေတာဝန်ယူပြီး လုပ်သည့်အတွက် အတော်ကြီးကောင်းနေပါကြောင်း၊ မိမိတို့ရွေကျင်ဘက်ကနေပြီး ထူးကြီးဘက်ကိုသွားသည့် ကျောက်ရောမြေနီ လမ်းပိုင်းသည် ဖောက်ချောင်းကိုဖြတ်ပြီး တံတားထိုးရမည့်နေရာ ဖြစ်ပါကြောင်း၊ ယခု သွားလာမှုရပ်ဆိုင်း ထားသည့်အတွက် ချုံများနှင့်ပြန်ပြီး ဖုံးအုပ်နေသည့် သဘောရှိပါကြောင်း၊ သို့ပါ၍ ရွှေကျင်-ထူးကြီးမြိ့နယ်ချင်းဆက် လမ်းပိုင်းအပေါ်ရှိ ရွှေကျင်-ထူးကြီး လမ်းပိုင်း၏ အလယ်တွင်ရှိသည့် မြို့နယ်၏တောင်ဘက် ဒေသအတွက် အရှေ့အနောက် ထွက်ပေါက်ဖြစ်ပြီး  မြစ်ကမ်းဒေသနှင့် တောင်ရိုးဒေသ ဆက်စပ်ပေးနိုင်သည့် အဓိကတံတားဖြစ်သော အုန်းနှဲကုန်းတံတားအား တည်ဆောက် ပေးနိုင်ခြင်း ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မြန်အောင်မြို့နယ်၊ အုန်းနှဲကုန်းရွာရှိ မမြချောင်းတံတားသည် ဟင်္သာတ-ဆုံကုန်း-မြန်အောင် လမ်းမကြီးနှင်‌့ ဆက်သွယ်ထားသည့် လမ်းပေါ်တွင်တည်ရှိပြီး လမ်းအဆင်‌့သတ်မှတ်ချက်အရ Class (A) အဆင်‌့ရှိသည့် လမ်းဖြစ်ပါကြောင်း၊ တံတား၏ လက်ရှိအခြေအနေတွင် အမြင့် ၂၄ ပေခန့်ရှိပြီး ချောင်း၏ အကျယ်မှာ ၂၄၀ ပေရှိပါကြောင်း၊ အဆိုပါတံတားတွင် ထူးကြီးမြို့နှင့် ရွှေကျင်တိုက်နယ်ရှိ ကျေးရွာများအား ဆက်သွယ်ထားသော ကျေးလက်လမ်းပေါ်တွင် တည်ရှိပြီး အသစ်တည်ဆောက် ပေးရန် လိုအပ်သော တံတားတစ်စင်းဖြစ်ပါကြောင်း၊ တံတားတည်ဆောက် ပြီးစီးပါက ကျေးရွာပေါင်း ၅၂ ရွာ၊ အိမ်ခြေပေါင်း ၄၅၉၀၊ လူဦးရေပေါင်း ၁၈၄၀၀ ခန့်တို့ကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါကြောင်းနှင့် အုန်းနှဲကုန်းရွာရှိ မမြချောင်းတံတား တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေများပါဝင်ခြင်း မရှိသေးသဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျားထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။