တီကျစ်ဆေးရုံတွင် တက်ရောက်သည့် လူနာများမှာ အမျိုးသမီး/အမျိုးသား ခွဲခြားထားစရာ နေရာမရှိခြင်းကြောင့် တချို့လူနာဆိုလျှင် ကြမ်းပြင်တွင်ထားပြီးမှ လူနာစောင့်များနှင့် ကြပ်တည်းစွာ ထားရှိရပါကြောင်း၊ ဆေးခန်းထဲတွင်လည်း လူနာများက မလုံလောက်နိုင်သည့် အတွက်ကြောင့် ၎င်း အဆောက်အဦ ဟောင်းများမဖျက်ဘဲ လူနာများကိုတင်ပြီးမှ ကုသနေရပါကြောင်း၊ တီကျစ်ဆရာတော် ဘုရားကြီးမှလည်း ဆောက်လုပ်လှူဒါန်းထားသည့် နှစ်ထပ်ဆောင် အဆောက်အဦလည်း ဆောက်လုပ်နေဆဲ ဖြစ်ပါကြောင်း၊ တီကျစ်ဆေးရုံတည်နေရာသည် ဒေသခံစေတနာရှင်များ ဝယ်ယူထားသည့် မြေဖြစ်သည့်အတွက် မြေ၏အာမခံချက်ပုံစံ (၁၀၅) ကို ရယူထားပြီး ဖြစ်ပါကြောင်း၊
မေးခွန်းမေးမြန်းရသည့် အကြောင်းရင်းမှာ (၁) ပင်လောင်းမြို့နယ်အတွင်း လူဦးရေ ၁၉၂၂၅၇ ဦး ရှိပြီးမှ တီကျစ်တိုက်နယ်ကို မှီခိုအားထားရသည့် ကျေးရွာအုပ်စုပေါင်းက (၉) ခုရှိပြီး၊ လူဦးရေပေါင်းက ၇၇၀၀၀ ကျော်ရှိပြီး ပင်လောင်းမြို့နယ်တွင်လည်း ခုတင် (၅၀) ဆံ့ ဆေးရုံမရှိခြင်း၊ (၂) သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကိုအနည်းအများ ထိခိုက်စေနိုင်သည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ၊ ကျောက်မီးသွေး တူးဖော်သည့်မိုင်း နီးကပ်စွာတည်ရှိပြီးမှ တီကျစ်မြို့၏အနီး ပတ်ဝန်းကျင်တွင် စက်ရုံနှစ်ရုံရှိပါကြောင်း၊ (၃) မှီခိုအားထားရသည့် ကျေးရွာအုပ်စုလေးခုက အထက်တွင် တောတောင်ထူထပ်သည့် ပေါင်းလောင်း ချောင်း၏ ရေဝေရေလဲဖြစ်သော အရပ်ဒေသတွင် နေထိုင်ကြပြီး ပင်လောင်းမြို့နယ်၏ ရာသီဥတု အပြောင်းအလဲ ပြင်းထန်မှုကြောင့် ဖျားနာမှုများ၊ အသားဝါမှုများ၊ အထွေထွေရောဂါလူနာများ၊ နောက်စဉ်ဆက်မပြတ် ဖြစ်ပေါ်တတ်ခြင်း၊ (၄) ဆရာတော်ဘုရားကြီးက နေ့စဉ်နှင့်အမျှတွေ့မြင်နေရသည့် လူမှုဒုက္ခအဖြာဖြာကို တစ်စိတ်တစ်ဒေသ ပြေလည်စေသောအားဖြင့် သံဃာ့ဆေးရုံအမည်တွင်စေမည့် နှစ်ထပ်ဆေးရုံ အဆောက်အဦကိုလည်း ဆောက်လုပ်လှူဒါန်းပြီး ဖြစ်သည့်အပြင် စေတနာရှင် ဒေသခံများကလည်း ဆေးရုံအဆောက်အဦများကို ဆောက်လုပ်နိုင်ရန်အတွက် ၁၀၃ ပေ x ၁၂၆ ပေကျယ်သော မြေကွက်ကို သိန်းနှစ်ရာဖြင့်လည်းကောင်း၊ ၂၇၀ ပေ x ၃၄၀ ပေ မြေကွက်ကို သိန်းလေးရာဖြင့်လည်းကောင်း ဆေးရုံနှင့်ချိန်ဆပြီးမှ ဝယ်ယူလှူဒါန်းပေးပြီး ဖြစ်ပါကြောင်း၊ (၅) သို့ဖြစ်ပါ၍ ပြည်ထောင်စုဝန်ကြီးအား မေးမြန်းလိုသည်မှာ တီကျစ်ကျေးရွာအုပ်စု (၉) ခုမှ တိုင်းရင်းသား လုပ်သားပြည်သူများ ကျန်းမာရေးပြုစု စောင့်ရှောက်မှုကို အပြည့်အဝခံယူနိုင်စေရန်နှင့် ခံယူနိုင်ရန် အတွက်က ပြည်ထောင်စုဝန်ကြီး ဆန္ဒအနေဖြင့် တိုးချဲ့လူနာဆောင် တစ်ဆောင်အား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
ပင်လောင်းမြို့နယ်၏ လူနာကုသမှုအခြေအနေကို ကြည့်သည့်အခါ ၂၀၁၇ ခုနှစ်တွင် တစ်နေ့ပျမ်းမျှ အတွင်း လူနာ ၂၉ ဦးရှိပါကြောင်း၊ ခုတင်က (၁၆) ခုတင်၊ ပျမ်းမျှပြင်ပ လူနာကလည်း ၅၉ ဦးရှိ၊ ပြည်သူများက ထိုဆေးရုံကို အားကိုးသည်ဆိုသည်မှာ ထင်ရှားပါကြောင်း၊ ၂၀၁၇ ခုနှစ် တစ်နှစ်လုံးတွင် အတွင်းလူနာပေါင်း ၂၂၂၇ ဦး ကုသပေးခဲ့ပြီး ပြင်ပလူနာပေါင်း ၁၄၃၀၀ ကျော် ကုခဲ့သည်ဆိုသည်ကို တွေ့ရှိရပါကြောင်း၊ မိမိအနေဖြင့်လိုအပ်လျက်ရှိသော တိုးချဲ့လူနာဆောင် ဆောက်လုပ်ရန်အတွက်က တွက်ချက်လိုက်သည့်အခါတွင် ၁၈၇ သန်းကျပါကြောင်း၊ ၁၈၇ သန်း ကျသည့်အခါ လာမည့် အောက်တိုဘာလတွင်စမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၁၀၀ လျာထားတောင်းခံ ထားပါကြောင်း၊ ခွင့်ပြုချက်လည်း ရမည်ဟုထင်ပါကြောင်း၊ ပင်လောင်း-တီကျစ်မြို့နယ်မှ အကျိုးတစ်ခု ထူးခြားသည်မှာ ၎င်းနှစ်ကို Year of Housing ဝန်ထမ်းအိမ်ရာနှစ်ဟု သတ်မှတ်သည့်အတွက် ပင်လောင်းအနေဖြင့် ထပ်ပြီးနှစ်ခန်းတွဲတစ်ထပ် ဆရာဝန်အိမ်ရာ RC တစ်ထပ် အဆောက်အဦတစ်လုံး၊ ၃၈ သန်း နှစ်ချင်းပြီး ပေးပါမည်၊ နောက်တစ်ခါ လေးခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာ ၁၆၉၂ စတုရန်းပေ ရှိသည့် RC တစ်ထပ်အဆောက်အဦလည်း ပင်လောင်း၊ တီကျစ်ဆေးရုံက ရရှိမည်ဖြစ်ပါကြောင်း၊ ၎င်းတို့က အပိုဆောင်းအနေနှင့် ရရှိခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တင်ပြလိုသည်မှာ ဆောက်လုပ်ရေးအတွက် ၂၈၅ ဘီလီယံခန့် ရရှိမည်ဖြစ်ပါကြောင်း၊ ၎င်းတို့အထဲမှ အဆောက်အဦများ ဆောက်ရန်၊ ဝန်ထမ်းအိမ်ရာဆောက်ရန်ကို ၁၆၇.၅ ဘီလီယံ၊ ဆေးရုံမပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အကုန်သတ်မှတ်ထားပြီးပါကြောင်း၊ ဆေးရုံအဆောက်အဦနှင့် အားကစားကွင်းအတွက်ကို ၁၁၇.၆၇ ဘီလီယံ လျာထားပါကြောင်း၊ ဝန်ထမ်းအိမ်ရာနှင့် ဆေးရုံများ ဆောက်မည်ဆိုပါက ဆက်လက်လုပ်မည် ဖြစ်ပါကြောင်းနှင့် တီကျစ်ကလည်း ယခုရရန် သေချာသကဲ့သို့ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
