ကမ္ဘာကြီးပူနွေးလာမှုကြောင့် တစ်နှစ်ထက်တစ်နှစ် အပူချိန်ပိုမိုမြင့်မားလာမှုများနှင့်အတူ မိမိတို့နိုင်ငံတွင်လည်း မနှစ်က နွေရာသီ၌ အချို့သော ကျေးရွာရပ်ကွက်များတွင် သောက်သုံးရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် တပ်မတော်နှင့် လူမှုရေးအဖွဲ့အစည်းအချို့က ရေကားများကို အရေးပေါ်သုံးပြီး သောက်သုံးရေ ဖြန့်ဝေမှုလုပ်ငန်းများ ပြုလုပ်ပေးခဲ့ရပါကြောင်း၊ လာမည့်နှစ်များတွင် ယင်းကဲ့သို့မဖြစ်စေရန် ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ယခုမိုးမကျမီ သောက်သုံးရေကန်များ တူးဖော်ထားခြင်းဖြင့် တစ်နှစ်ကြိုပြီး ပြည်သူများ ရေလုံလောက်စွာ သုံးစွဲခံစားခွင့် ရရှိမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် မြေပြင်၌ စက်ရေတွင်းနှင့် သောက်သုံးရေကန် တူးဖော်ခြင်းလုပ်ငန်းများ၊ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေကို သိရှိလိုပါကြောင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် စက်ရေတွင်းနှင့် သောက်သုံးရေကန်တူးဖော်ခြင်း လုပ်ငန်းများအနက် သောက်သုံးရေကန် တူးဖော်ခြင်းလုပ်ငန်းများကို လာမည့် ၂၀၁၅ ဇွန်လ မိုးရာသီမတိုင်ခင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သောက်သုံးရေရရှိရေးကို ဦးစားပေးအစီအစဉ်တွင် ထည့်သွင်းပြီး မဟာဗျူဟာစီမံချက် ချမှတ်ဆောင်ရွက်ထားရှိမှုများကို မိမိအနေဖြင့် နှစ်ပိုင်းခွဲ တင်ပြလိုပါကြောင်း၊ ပထမပိုင်းအနေဖြင် ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မိမိတို့ ဆောင်ရွက်ခဲ့သော ရေရရှိရေးနှင့် စပ်လျဉ်း၍ မူလချမှတ်ပေးသော ဘတ်ဂျက်နှင့် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သန်းပေါင်း ၄၀၉၉၆.၃ သန်းနှင့် ကျေးရွာပေါင်း ၃၈၀၁ ရွာတွင် တွင်းတိမ် ၄၀၁ တွင်း၊ တွင်းနက် ၁၂၆၁ တွင်း၊ လက်တူးတွင်း ၄၇၃ တွင်း၊ မြေသားမိုးရေလှောင်ကန် ၈၈၂ ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း ၈၄၆ ခု၊ အခြားရေရရှိရေးလုပ်ငန်း ၂၉၉ ခုနှင့် စုစုပေါင်းရေရရှိရေးလုပ်ငန်း ၄၁၆၂ ခုကို မိမိတို့၏ ဘတ်ဂျက်ဖြင့် ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ထို့အတူ အလှူရှင်များ၏ လှူဒါန်းငွေ စုစုပေါင်း ၂၀၄၃.၃၅ သန်းဖြင့် ကျေးရွာပေါင်း ၄၂ ရွာတွင် တွင်းနက် ၅၈ တွင်း၊ စိမ့်စမ်းရေသွယ်ယူခြင်း ၃ ခုနှင့် စုစုပေါင်း ရေရရှိရေးလုပ်ငန်း ၆၁ ခု ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် JICA ဖြင့် ပူးပေါင်း၍ ကုန်ကျငွေကျပ် ၂၀၃.၀၅ သန်းဖြင့် ကျေးရွာပေါင်း ၂၀ တွင် တွင်းနက် ၂၀ တွင်း၊ UNICEF ဖြင့် ပူးပေါင်းမှု၍ ကုန်ကျငွေကျပ် ၅၈၅.၅ သန်းဖြင့် ကျေးရွာပေါင်း ၈၆ ရွာတွင် တွင်းနက် ၄၁ တွင်း၊ လက်တူးတွင်း ၁၁ တွင်း၊ မြေသားမိုးရေလှောင်ကန် ၁၁ ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း ၂၃ ခု စုစုပေါင်း ရေရရှိရေးလုပ်ငန်း ၈၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။
ဒုတိယပိုင်းအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၃၅၅၂ ရွာတွင် တွင်းတိမ် ၅၁၆ တွင်း၊ တွင်းနက် ၁၄၆၇ တွင်း၊ လက်တူးတွင်း ၅၅၅ တွင်း၊ မြေသားမိုးရေလှောင်ကန် ၄၉၇ ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း ၆၁၃ ခု၊ အခြားရေရရှိရေးလုပ်ငန်း ၁၉၉ ခု စုစုပေါင်း ရေရရှိရေးလုပ်ငန်း ၃၈၄၇ ခုကို ဆောင်ရွက်ရန်အတွက် ရန်ပုံငွေကျပ် ၃၁၀၇၉.၇ သန်း လျာထားပါကြောင်း၊ JICA ဖြင့် ပူးပေါင်းပြီး ကုန်ကျငွေကျပ် ၁၈၇.၀၂၂၆ သန်းဖြင့် ကျေးရွာပေါင်း ၂၀ တွင် တွင်းနက် ၂၀ တွင်း၊ UNICEF နှင့် ပူးပေါင်းပြီး ကုန်ကျငွေကျပ် ၅၂၄ သန်းဖြင့် ကျေးရွာပေါင်း ၉၀ တွင် တွင်းနက် ၄၆ တွင်း၊ လက်တူးတွင်း ၈ တွင်း၊ မြေသားမိုးရေလှောင်ကန် ၂၀ ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း ၁၆ ခု စုစုပေါင်း ရေရရှိရေးလုပ်ငန်း ၉၀ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် စက်ရေတွင်းနှင့် ရေကန်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု အခြေအနေနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၃၉၄၉ ရွာ၌ ရေရရှိရေးလုပ်ငန်းပေါင်း ၄၂၆၈ ခုကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၃၆၆၂ ရွာတွင် ရေရရှိရေးလုပ်ငန်းပေါင်း ၃၉၅၇ ခုကို ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း။
၂၀၁၅-၂၀၁၆ ဘတ်ဂျက်ပါလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များထံကို အချိန်မီတင်ပြကြရန်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီလမှ မေလအတွင်း တင်ဒါခေါ်ယူပြီး အပြီးသတ်ဆောင်ရွက်သွားရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများသို့ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်းနှင့် လုပ်ငန်းများအား ဇွန်လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ်ပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
