(ဃ)-ဝမ်ပေါင်ကျေးရွာရှိ နမ့်ဝုန်းချောင်းရေကို လက်လုပ်ဆည်ဖြင့် သွယ်တန်း၍ ဧက ၁၀၀ ခန့်အား ဆည်ရေများပေးနေမည့်အစား သံကူကွန်ကရစ်မပါ သာမန်ကျောက်စီ ကွန်ကရစ်ဆည်ကို နမ့်ဝုန်းချောင်းမှ တည်ဆောက်သွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ (၂၃.၇.၂၀၁၈)

 

(ဃ)-မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန်ကျေးရွာအုပ်စု၊ ဝမ်ပေါင်ကျေးရွာ၊ နမ့်ဝုန်းချောင်းရေကို လက်လုပ်ဆည်ဖြင့် သွယ်တန်း၍ ဧက ၁၀၀ ခန့်အား ဆည်ရေများပေးနေမည့်အစား ခိုင်ခံ့တောင့်တင်းသော သံကူ ကွန်ကရစ်မပါ သာမန်ကျောက်စီကွန်ကရစ်ဆည်ကို နမ့်ဝုန်းချောင်းမှ တည်ဆောက်သွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန်ကျေးရွာအုပ်စု ဝမ်ပေါင်ကျေးရွာသည် မိုင်းပျဉ်းမြို့နှင့် ၁၈ မိုင်ခန့်ကွာဝေးပြီး ရှမ်းတိုင်းရင်းသား၊ ပလောင်တိုင်းရင်းသားများ အများဆုံးနေထိုင်ကြပြီး အိမ်ခြေအားဖြင့် ၅၀ ခန့်ရှိပါကြောင်း၊ ၎င်းကျေးရွာနေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကမှီခိုအားထားကြပြီး စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသောသီးနှံများအား တစ်နှစ်စာစုဆောင်း၍ ဝမ်းစာရေးအတွက် လောက်ငှအောင် နေထိုင်စားသုံးခဲ့ကြရပါကြောင်း၊ ထို့ကြောင့် ဝမ်ပေါင်ကျေးရွာရှိ တောင်သူလယ်သမား ၄၄ ဦးတို့၏ လယ်ယာမြေများသည် မိဘဘိုးဘွားအစဉ်အဆက်ပိုင် ခင်တွယ်ထိန်းသိမ်းလုပ်ကိုင် လာခဲ့ကြသော်လည်း ခေတ်မီခိုင်ခံ့ကောင်းမွန်သည့် ဆည်အဖြစ် အစိုးရအဆက်ဆက်က လုပ်ကိုင်ပေးနိုင်မှု မရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စုစုပေါင်းလယ်မြေ ဧက ၁၀၀ ခန့်အတွက် စပါးစိုက်ပျိုးချိန်အမီ လယ်ရေများ သွင်းနိုင်ရန်အတွက် ဒေသထွက် သစ်၊ ဝါးများဖြင့် လက်လုပ်ဆည်များကို တစ်နှစ်လျှင်နှစ်ကြိမ်ခန့် ပြုလုပ်ဖာထေး ဆောင်ရွက်ခဲ့ကြရသည့်အတွက် လယ်ရေလုံလောက်မှုမရှိခြင်း၊ လယ်ရေများ အချင်းချင်းလုယူ သွယ်တန်းကြရသဖြင့် မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်နိုင်ခြင်း၊ စပါးအထွက်တိုး နည်းပါးသွားခြင်းစသည့် အခက်အခဲမျိုးစုံကို နှစ်စဉ်ကြုံတွေ့ရလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန်ကျေးရွာအုပ်စု၊ ဝမ်ပေါင်ကျေးရွာ၊ နမ့်ဝုန်းချောင်းရေကို လက်လုပ်ဆည်ဖြင့် သွယ်တန်း၍ ဧက ၁၀၀ ခန့်အား ဆည်ရေများ ပေးနေမည့်အစား ခိုင်ခံ့တောင့်တင်းသည့် သံကူကွန်ကရစ်မပါ သာမန်ကျောက်စီ ကွန်ကရစ်ဆည်ကို နမ့်ဝုန်းချောင်းမှ တည်ဆောက်သွယ်တန်း ပေးနိုင်ရေးအတွက် မည်သည့်အချိန်ကာလတွင် အကာင်အထည်ဖော်ပေးမည်နည်းနှင့် အကောင်အထည်ဖော် ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ဆိုသည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောာင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန်ကျေးရွာအုပ်စု၊ ဝမ်ပေါင်ကျေးရွာရှိ နမ့်ဝုန်းချောင်းပေါ်တွင် သစ်၊ ဝါးများဖြင့်တည်ဆောက်ထားသည့် ယာယီ ရေလွှဲဆည်သည် ဒေသနေတောင်သူ လယ်သမားများ၏  ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော လက်ရိုက်ရေလွှဲဆည် ဖြစ်ပါကြောင်း၊ မိုးစပါးဧက ၁၀၀ အတွက် စိုက်ပျိုးရေရယူ ဆောင်ရွက်နိုင်ပါကြောင်း၊ အဆိုပါလက်ရိုက်ရေလွှဲဆည်သည် သစ်၊ ဝါးများဖြင့် တည်ဆောက် ထားသည့်အတွက် မိုးရာသီတွင် ချောင်းရေစီးတိုက်စားပြီး ထိခိုက်ပျက်စီးမှုကြောင့် စိုက်ပျိုးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် အခိုင်အမာရေလွှဲဆည် တည်ဆောက်သွားရန်  လိုအပ်ချက်ရှိနေပါကြောင်း၊ ထို့နောက် သံကူကွန်ကရစ်ရေလွှဲဆည်အဖြစ် အခိုင်အမာတည်ဆောက် ပေးရန် တည်ဆောက်မှုကုန်ကျစရိတ်မှာ များပြားမည်ဖြစ်ပါကြောင်း၊  ကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ခြေကိုက်နိုင်မှု ပြန်လည်စိစစ်ပြီး တည်ဆောက်မှုကုန်ကျစရိတ် ပိုမိုနည်းပါးပြီး အကျိုးရှိစေမည့် အမျိုးအစားဖြစ်သည့် လက်ရိုက်ကျောက်ဖြည့်ရေလွှဲဆည်အဖြစ်သာ တည်ဆောက်ရန် စိစစ်တွက်ချက်ရရှိပါကြောင်း၊ စိစစ်တွက်ချက်မှုအရ ခန့်မှန်းကုန်ကျငွေသည် ကျပ် ၄၅ သန်း ကုန်ကျမည် ဖြစ်ပါကြောင်း၊

သို့ဖြစ်သည့်အတွက် ယာယီလက်ရိုက်ရေလွှဲဆည်ကို လက်ရိုက်ကျောက်ဖြည့်ရေလွှဲဆည်အဖြစ် အခိုင်အမာတည်ဆောက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် စီမံထားရှိပြီး ဖြစ်ပါကြောင်း၊ တစ်ဖက်မှာလည်း ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး ဦးစားပေးလုပ်ငန်း အစီအစဉ်များပြားမှုရှိသည့်အလျောက် ယခုလုပ်ငန်းကိုလာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုနှင့်အညီ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားပါသည်။