လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဆုတောင်းဂါရဝပြု ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တရားရုံးတွေမှာ ဥပဒေအရ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့မော်တော်ယာဉ်များနဲ့ ပတ်သက်ပြီး မေးမြန်းတင်ပြလိုပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တရားရုံးတွေမှာ ဥပဒေအရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့ မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များကို ယခင် အစိုးရလက်ထက်က အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကဦးစီးပြီး လေလံ တင်ခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ တစ်နိုင်ငံလုံးမှာ ဥပဒေအရ သိမ်းဆည်း ထားတဲ့ယာဉ်တွေကို စုစည်းရတဲ့အတွက် အချိန်ကြန့်ကြာမှုရှိခြင်း၊ မြို့နယ်များမှဥပဒေအရ သိမ်းဆည်းထားတဲ့ယာဉ်တွေကို သယ်ပို့ရတဲ့အတွက် ကုန်ကျစရိတ်များပြားပြီး နိုင်ငံတော်ဘဏ္ဍာက ကျခံသုံးစွဲရခြင်း၊ သိုလှောင်ရုံအခက်အခဲရှိပြီး လေလံတင်ရန်အချိန်ကြန့်ကြာမှုကြောင့် ပျက်စီးမှုတွေ ရှိပြီးတော့ အကျိုးမဲ့တန်ဖိုးကျဆင်းတဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေလျော့နည်းရခြင်း အဲဒီအချက်တွေ ကြောင့် လုပ်ငန်းပိုလာပြီးတော့မှ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေရှိတယ်လို့ ထင်မြင်မိပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ဥပဒေအရ တရားရုံးတွေမှာ သိမ်းဆည်းထားတဲ့ မော်တော် ဆိုင်ကယ်အပါအဝင် ယာဉ်များကို လျင်မြန်စွာ လေလံတင်ရောင်းချခြင်းအားဖြင့် သိုလှောင်ရုံ အခက်အခဲနှင့် လေလံတင်ရန်အချိန်ကြာမြင့်မှုတို့ကြောင့် အကျိုးမဲ့ပျက်စီးမှုတွေကို ရှောင်လွဲနိုင်တဲ့ အပြင် နိုင်ငံတော်မှာလည်း သင့်လျော်တဲ့အခွန်ဘဏ္ဍာငွေများ တိုးမြှင့်ရရှိမှာ ဖြစ်ပါတယ်။ လေးစား အပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၄ မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက ကောက်ခံရမယ့် အခွန်အခများနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၂၅၄ အပိုဒ် ၉ မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တရားရုံးများကချမှတ်တဲ့ဒဏ်ငွေများ ဝန်ဆောင်မှုအတွက် ကောက်ခံရမယ့် အခွန်အခများနှင့် အခြားရငွေများလို့ ပြဋ္ဌာန်းထားပါတယ်။ ဒီ့အတွက် တရားရုံးတွေမှာ ဥပဒေအရ သိမ်းဆည်းထားတဲ့ယာဉ်တွေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများက ဖွဲ့စည်းပေးတဲ့ လေလံတင်ရောင်းချရေးအဖွဲ့များက သက်ဆိုင်ရာမြို့နယ်တရားရုံးတွေမှာ လေလံတင်ရောင်းချဖို့ အစီအစဉ် ရှိ၊ မရှိ သိရှိလို၍ မေးမြန်းထားပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း ဂါရဝပြု အပ်ပါတယ်။ ကောလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းရဲ့တရားရုံးများတွင် ဥပဒေအရ သိမ်းဆည်းထားသောမော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များကို လေလံတင် ရောင်းချရေးနှင့်စပ်လျဉ်း၍ ကြယ်ပွင့်ပြမေးခွန်းကို အမျိုးသားစီးမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ကျွန်တော် ဒုတိယဝန်ကြီးမှ ြဖေကြားမှာဖြစ်ပါတယ်။ ဦးတင်ဝင်းရဲ့မေးခွန်းမှာ ဥပဒေအရ တရားရုံးတွင်သိမ်းဆည်းထားသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များကို လျင်မြန်စွာလေလံတင်ခြင်းဖြင့် သိုလှောင်ရုံအခက်အခဲနှင့် လေလံတင်ရန် အချိန်ကြာမြင့်မှုကြောင့် အကျိုးမဲ့ပျက်စီးမှုများကို ရှောင်လွှဲနိုင်သည့်အပြင် နိုင်ငံတော်အတွက် သင့်လျော်သော အခွန်ဘဏ္ဍာငွေများ တိုးမြှင့်ရရှိမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ယခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ဥပဒေအရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များမှာ ဥပဒေလုပ်ထုံးလုပ်နည်းများအရ အမှုပြီးပြတ်ရန်အတွက် အနည်းဆုံး ၆ လမှ အများဆုံး ၃ နှစ်အထိ အမှုအမျိုးအစားပေါ်မူတည်၍ အချိန်ကြာမြင့်နိုင်ပါတယ်။ ဖော်ပြပါမော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ တရားရုံးသို့ သွားရောက် လက်ခံရယူရာတွင် ယာဉ်စုစုပေါင်း၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိသာ ပြုပြင်သုံးစွဲနိုင်သည့်အတွက် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ သယ်ယူနိုင် ခဲ့ပြီး ကျန်ယာဉ်များမှာ အဓိကကျသည့် စက်ပစ္စည်းအစိတ်အပိုင်းများ မစုံလင်ခြင်း၊ နှစ်လွန်ယာဉ်များ ဖြစ်ခြင်း၊ ကိုယ်ထည် ဆွေးမြေ့ဟောင်းနွမ်းနေခြင်းများကြောင့် သယ်ယူ၍မရသဖြင့် သက်ဆိုင်ရာ တရားရုံးများတွင် ပစ္စည်းအပ်နှံပြေစာဖြင့် ယာယီပြန်လည်အပ်နှံခဲ့ရပါတယ်။ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို ယခင်အစိုးရကာလက အစိုးရ အဖွဲ့အစည်းအဝေးသို့တင်ပြပြီး ခွင့်ပြုချက်အရ နိုင်ငံပိုင်စာရင်းရေးသွင်း၍ ပြုပြင်သုံးစွဲ အဆင့်ရှိသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို အစိုးရဌာနအဖွဲ့အစည်းအသီးသီးတွင် အသုံးပြုရန် အတွက် ခွဲဝေထုတ်ပေးခြင်း၊ ပြုပြင်သုံးစွဲရန်မသင့်သည့် လေလံအဆင့်မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကို လေလံတင်ရောင်းချခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ထိုသို့ လေလံတင်ရောင်းချခဲ့သည့်အတွက် နိုင်ငံတော်အနေဖြင့် ဝင်ငွေများစွာရရှိခဲ့ သော်လည်း လေလံအောင်မြင်သည့် တချို့သောပုဂ္ဂလိကများက လေလံအောင်မြင်သည့်ယာဉ်ကို ပြုပြင်မွမ်းမံသုံးစွဲရမည့်အစား မော်တော်ယာဉ်များကို နိုင်ငံပြင်ပမှ တရားမဝင်နည်းလမ်းမျိုးစုံဖြင့် တင်သွင်း၍ လေလံအောင်မြင်သည့် ယာဉ်သဏ္ဌာန်ဖန်တီးခဲ့သည့်အတွက် မလိုလားအပ်သည့် တရားမဝင်လိုင်စင်မဲ့ယာဉ်များ ပြန့်ပွားလာခဲ့ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လက်ထက်တွင် ယခုအထိ လေလံတင်ရောင်းချခြင်းမပြုဘဲ ဥပဒေအရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ယာဉ်များအနက် သုံးစွဲနိုင်သည့်အဆင့်ရှိသောယာဉ်များကို ဌာနများနှင့် အဖွဲ့အစည်းများသို့ ခွဲဝေထုတ်ပေးပြီး ကျန်ပြုပြင်မရသည့် ယာဉ်များကို သံရည်ကျိုအဆင့်အဖြစ် သတ်မှတ်ကာ သံရည်ကျိုဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ဦးတင်ဝင်း၏မေးခွန်းဖြစ်သည့် တရားရုံးများတွင် ဥပဒေအရ သိမ်းဆည်းထားသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများက ဖွဲ့စည်းပေးသည့် လေလံတင်ရောင်းချရေးအဖွဲ့က သက်ဆိုင်ရာ မြို့နယ်များတွင် လေလံတင်ရောင်းချရန် အစီအစဉ် ရှိ၊ မရှိနှင့်ပတ်သက်၍ အစီအစဉ် မရှိသေးပါကြောင်း လေးစားစွာဖြေကြားထားပါသည်။
