လေးစားအပ်ပါသောပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်အားလုံးကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့နိုင်ငံရဲ့ လူမှုရေးဦးတည်ချက် လေးရပ်ထဲက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေးဆိုတဲ့ ရည်မှန်းချက်ဟာ ကျန်းမာမှလည်း ပညာရည်မြင့်မားနိုင်ပြီး ပညာရည်မြင့်မားမှလည်း ကျန်းမာရေးကို အလေးထားရကောင်းမှန်းသိမှာဆိုတဲ့ အပြန်အလှန်အထောက်အကူပြုနေတဲ့ သဘောကို ဖော်ဆောင် ထားတာပါ။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃-၉-၂၀၁၁ ရက်နေ့မှာ ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလိန်းရဲ့ အြခေခံပညာ ကျောင်းများတွင် အားကစားလုပ်ငန်းကို ထိထိရောက်ရောက်လက်တွေ့ဆောင်ရွက်ရေး မူတစ်ရပ် ချမှတ်ပေးရန်ဆိုတဲ့ အဆိုနဲ့ပတ်သက်ပြီး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက အားကစားဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသော အားကစားပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများကိုလည်း အားကိုးစွာနဲ့ နယ်ြမေအသီးသီးမှာ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးပါရန်နဲ့ မေတ္တာရပ်ခံအပ်ပါတယ်လို့ မှာကြားသွားပါတယ်။ ဒါကြောင့် ကျွန်မ ဒီမေးခွန်းကို မေးပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့တွင် အားကစားနည်းစနစ်မှူးကို အချိန်ပိုင်းအစမ်းခန့်အဖြစ် ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစ၍ ခန့်ထားခဲ့ရာ ယနေ့အထိ ဖြစ်ပါသည်။ အမြဲတမ်းဝန်ထမ်းမဟုတ်သေးသဖြင့် လုပ်သက်အရေအတွက် အသိအမှတ်ပြုခြင်းလည်း မခံရပါ။ သို့ဖြစ်ပါ၍ အားကစားဆိုင်ရာလုပ်ငန်းတာဝန်များကို ကျေပွန်အောင်မြင်စွာ ထမ်းဆောင်ဆဲ ဖြစ်သော ထိုအချိန်ပိုင်းအစမ်းခန့်အားကစားနည်းစနစ်မှူးအား အမြဲတမ်းအားကစားနည်းစနစ်မှူး အဖြစ် တိုးမြှင့်ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် တိုးမြှင့်ပေးရန်အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် တိုးမြှင့်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းအပ်ပါသည်။ ဥက္ကဋ္ဌကြီးရှင့်။ ထိုအားကစား နည်းစနစ်မှူးရဲ့ အားကစားဆိုင်ရာလုပ်ငန်းတာဝန်များကို ကျေပွန်အောင်မြင်စွာ ထမ်းဆောင်ဆဲ ဆောင်ရွက်မှုများထဲမှ အချို့ကိုတင်ပြခွင့်ပြုပါရှင်။ ရန်ကုန်အားကစားသိပ္ပံကျောင်းကို ရွှေတောင်က သူ့လက်ထွက်သွေးသစ်လူငယ်လေးများကို ကူညီပို့ဆောင်ပေးခဲ့တဲ့အထဲက ကျား၊ မ ဘောလုံး ထူးချွန်သူများ၊ (၂၆) ကြိမ်ြမောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ပိုက်ကျော်ခြင်း ရွှေတံဆိပ် ရခဲ့တဲ့ မိန်းကလေး၊ စင်ကာပူ၊ တရုတ်၊ ဘန်ကောက်တို့မှာ လူငယ်ဝူရှူးတတိယ သုံးကြိမ်ရခဲ့တဲ့ ယောကျ်ားလေး၊ ၁၉ နှစ်အောက် မြန်မာ့လက်ရွေးစင်ဂိုးသမားစသည်များ ပေါ်ထွက်ခဲ့ပါတယ်။ နိုင်ငံတော်၏လမ်းညွှန်မှုဖြင့် ရွှေလက်အိတ်လက်ဝှေ့ကလပ်လည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။
ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့ ရွှေတောင်မြို့နယ်မှ ရွက်ပုန်းသီးအားကစားသမားများ၊ ပါရမီရှင် အားကစားသမားများ ပေါ်ထွက်လာရေးတွင် ထိုအားကစားနည်းစနစ်မှူးသည် ဥယျာဉ်မှူးကောင်း သဖွယ်ဖြစ်ပါသောကြောင့် ထိုအားကစားနည်းစနစ်မှူးကို အမြဲတမ်းအားကစားနည်းစနစ်မှူးအဖြစ် တိုးမြှင့် ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် တိုးမြှင့်ပေးရန်အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကို သိလိုကြောင်းမေးမြန်းရခြင်းဖြစ်ပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်အေးမြင့် တင်သွင်းမေးမြန်းသော ရွှေတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး(ပုတ်ပြတ်) ဦးမြင့်နိုင်အား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် မည်သည့်အချိန်တွင် အမြဲတမ်း ဝန်ထမ်းခန့်ထားပေးနိုင်မည်ကို ြဖေကြားပေးပါရန် ကြယ်ပွင့်ပြမေးခွန်းအား တင်သွင်းလာခြင်းနဲ့ ပတ်သက်၍ ရှင်းလင်းြဖေကြားသွားမှာဖြစ်ပါတယ်ခင်ဗျား။ ရွှေတောင်မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှနည်းစနစ်မှူး ဦးမြင့်နိုင်အား ၂၁-၉-၂၀၀၉ ရက်နေ့မှစ၍ နည်းပြနည်းစနစ်(ပုတ်ပြတ်) ရာထူးဖြင့် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါတယ်။ ပုတ်ပြတ်ရာထူးဆိုသော်လည်း ဦးမြင့်နိုင် တာဝန် ထမ်းဆောင်ချိန်တွင် အောက်ပါအခွင့်အရေးများကို အခြားနည်းစနစ်မှူးများနှင့်နည်းတူ ရရှိခံစားစေခဲ့ ပါတယ်- (က) လစာ၊ (ခ) သက်သာအပိုထောက်ပံ့ကြေး၊ (ဂ) သာရေးနာရေးထောက်ပံ့ကြေး၊ နည်းစနစ်မှူး ဦးမြင့်နိုင်အနေဖြင့် လက်ဝှေ့အားကစားနည်းတွင် ဝန်ကြီးဌာနတံခွန်စိုက်အဆင့် ယှဉ်ပြိုင် ခဲ့သူဖြစ်သဖြင့် ဒေသတွင်းအားကစားလူတော်သွေးသစ်များ ရှာဖွေလေ့ကျင့်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ တာဝန်ပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျား။ ဦးမြင့်နိုင်၏ တာဝန်ထမ်းဆောင်မှု ၂ နှစ် တာအတွင်း ၎င်းကျွမ်းကျင်သော လက်ဝှေ့အားကစားနည်းအပါအဝင် ရွှေတောင်မြို့နယ်၏ အခြား အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ပေါ်လွင်ထင်ရှားစွာ တာဝန်ယူဆောင်ရွက်နိုင်ခြင်း ထင်ထင် ရှားရှားမတွေ့ရခြင်းကြောင့် အမြဲတမ်းမဖြစ်ဘဲ ကျန်နေခြင်းဖြစ်ပါတယ်။ ဦးမြင့်နိုင်လိုပင် အခြား ပုတ်ပြတ်နည်းစနစ်မှူးများလည်း ကျန်ရှိနေကြပါသေးသည်။ အားကစားဝန်ကြီးဌာန ဖွဲ့စည်းပုံအသစ် တွင် မြို့တိုင်း၌ နည်းစနစ်မှူးတာဝန်ပေးခန့်အပ်သွားမည်ဖြစ်ရာ ဦးမြင့်နိုင်၏ Performance အပေါ်မူတည်၍ အမြဲတမ်းဝန်ထမ်းအဖြစ် စိစစ်ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားထားပါသည်။
