လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြား၍တက်ရောက်လာကြသော ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ခွင့်ပြုချက်အရ မြင်းခြံခရိုင်ပြည်သူ့အားကစားပြိုင်ဝင်းပြုပြင်ရေး မေးခွန်းအားမေးမြန်းသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အနည်းငယ်ရှင်းလင်းတင်ပြခွင့်ပြုပါ ခင်ဗျား။ မြင်းခြံခရိုင်ပြည်သူ့အားကစားပြိုင်ဝင်းဘောလုံးကွင်းကို ၁၉၆၂ ခုနှစ်မှာအဆင့်မြင့်ဘောလုံး ကွင်းအဖြစ်တည်ဆောက်ခဲ့ပါတယ်။ ဧရိယာအားဖြင့် ၁၀. ၃၂၈ ဧကရှိပြီး မီတာ ၄၀၀ ပြေးလမ်းပါရှိတဲ့ ဘောလုံးကွင်းဖြစ်ပါတယ်။ ပွဲကြည့်စင်များမှာ အထူးတန်းနှစ်ဆောင်၊ မြောက်ဘက်တန်းတစ်ဆောင်၊ အရှေ့ဘက်တန်းနှစ်ဆောင်ရှိပါတယ်။ ပွဲကြည့်စင်များအားလုံးပြုပြင်ရန်လိုအပ်ပြီး တောင်ဘက်တန်းပွဲ ကြည့်စင်မှာ လုံးဝပျက်စီးပြိုကျသွားပြီဖြစ်ပါတယ်။ မီတာ ၄၀၀ ပြေးလမ်းလည်းမကောင်းတော့ပါဘူး။ ပြေးလမ်းနဲ့ ဘောလုံးကွင်းခြားနားထားတဲ့ အုတ်စီလိုင်း၊ အုတ်ရိုးနဲ့ ကွင်းပတ်ပတ်လည်သံဇကာများမှာ လည်းပျက်စီးနေပါတယ်။ ကွင်းပြုပြင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စက်ရေတွင်းမှာ လည်းလုံးဝပျက်စီးနေပါတယ်။ ၁၉၅၆ ခုနှစ်မှစပြီးတော့ ၁၉၈၆ ခုနှစ်အထိအကြိမ် ၃၀ တိတိမြန်မာပြည် အလယ်ပိုင်းအထင်ကရမြေလတ်ဖလားဘောလုံးပြိုင်ပွဲကို ပြည်တွင်းမှာရှိတဲ့ပထမတန်းကလပ်အသင်း များ၊ ဌာနဆိုင်ရာအသင်းများ၊ ပြည်နယ်တိုင်းလက်ရွေးစင်များစွာပါဝင်သော အသင်းများပါဝင်ယှဉ်ပြိုင် ခဲ့ကြပါတယ်။ မြေလတ်ဘောလုံးပြိုင်ပွဲဟာ နိုင်ငံတော်မှပြုလုပ်တဲ့ပြည်နယ်တိုင်းအလိုက် ပြည်ထောင်စု ဘောလုံးပွဲနှင့်လည်း အဆင့်တူနီးပါးကျင်းပခဲ့တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ အထူးလည်းစည်ကား သိုက်မြိုက်လှပါတယ်။ တစ်ချိန်ကဘောလုံးကွင်းအခြေအနေဟာ ဘောလုံးသမားများလက်ခံနိုင်သော၊ အဆင့်အတန်းရှိသော အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။ မြင်းခြံမြို့နယ်အနေနဲ့လည်း ပြေးခုန်ပစ်အားကစား သမား ၅ ဦး၊ စက်ဘီးအားကစားသမား ၃ ဦး၊ ဘောလုံးအားကစားသမား ၇ ဦးတို့ဟာ မြန်မာ့လက်ရွေး စင်များအဖြစ် မြို့နယ်ဂုဏ်ဆောင်ပေါ်ထွန်းခဲ့ဖူးပါတယ်။ သို့ဖြစ်ပါ၍ မြင်းခြံခရိုင်ပြည်သူ့အားကစား ပြိုင်ဝင်းဘောလုံးကွင်းကိုအဆင့်မြင့်ပြုပြင်ပေးရန်အစီအစဉ်ရှိ၊ မရှိ ဒေသခံပြည်သူများရဲ့ကိုယ်စား မေးမြန်းရခြင်းဖြစ်ပါကြောင်း မေးမြန်းထားပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မြင်းခြံခရိုင်ပြည်သူ့အားကစားပြိုင်ဝင်း ဘောလုံး ကွင်းပြန်လည်ပြုပြင်ပေးရန် ကြယ်ပွင့်ပြမေးခွန်းအားတင်သွင်းလာခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း နေပြည်တော်မှာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုအိမ်ရှင်အဖြစ် အောင်မြင် စွာလက်ခံကျင်းပနိုင်ရေးအတွက် လိုအပ်သည့်အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားရွာ များကိုတည်ဆောက်ခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေရပါသဖြင့် ယခုလက်ရှိဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ၍ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြည်သူ့အားကစား ပြိုင်ဝင်းဘောလုံးကွင်းကို အဆင့်မြင့်ပြုပြင်ပေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပြီးစီးသည့်အချိန်မှသာ စိစစ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားထားပါသည်။
