လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ဒုတိယဥက္ကဋ္ဌ၊ ဖိတ်ကြားထားသောပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ကျွန်မကမင်္ဂလာပါလို့ ဂါရဝရှေ့ထားနှုတ်ဆက်စကား ပြောကြားအပ်ပါတယ်ရှင်။ ကျွန်မကတော့ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်အေးမြင့်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မ၏မေးခွန်းကို တန်ဖိုးရှိ လှသော အချိန်ကိုချုံ့သောအားဖြင့် ဖတ်ကြားမေးမြန်းခွင့်ပြုပါရှင်။ ထို့ပြင် သဘောထားချင်းတူပြီးဖြစ်တဲ့ ပျက်စီးနေသော မီးသတ်ကားများနှင့်စပ်လျဉ်းသည့်မေးခွန်းနှင့် မီးသတ်ကားများလဲလှယ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း၊ ထိုမေးခွန်းနှစ်ခုကိုလည်း တစ်ဆက်တစ်စပ်တည်းမေးခွင့်ပြုပါရှင်။ မေးခွန်း နံပါတ်(၁) ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် မယားမာန်အုပ်စု၊ ကျီးသဲအုပ်စု၊ ညောင်စာရေး အုပ်စုနှင့် တရုတ်မှော်အုပ်စုတို့တွင် မီးသတ်ကားတစ်စီးစီရှိရာ လိုင်စင်သက်တမ်းပြတ်တောက်ပြီး မီးသတ်ကား အမည်တပ်ရရုံ ကိုယ်ထည်ကြီးသာရှိကြပါတော့သည်။ ထိုစဉ်က အစိုးရအဖွဲ့သို့အပ်ထား ခဲ့သော မီးသတ်ကားများဖြစ်သဖြင့် ရောင်း၍အစားထိုးရန်လည်းမဖြစ်ပါ။ ထို့ကြောင့် ထိုမီးသတ်ကား လေးစီးကို အသစ်လဲလှယ်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် လဲလှယ်ပေးနိုင်မည်ကို သိလိုပါသည်။ မေးခွန်းနံပါတ်(၂) ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ သရက် တောရပ်ကွက်ရှိ မီးသတ်ကားမှာလည်းအိုဟောင်းလျက် ပြည်သူတို့လှူဒါန်းငွေဖြင့် အကြိမ်ကြိမ်ပြုပြင် ထားသော်လည်း အရေးကြုံသည့်အခါအသုံးပြုရန် အခက်အခဲများစွာတွေ့နေရပါသဖြင့် ထိုမီးသတ် ကားကိုအသစ် လဲလှယ်ပေးရန်အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် လဲလှယ်ပေး နိုင်မည်ကိုသိလိုပါသည်။ ကျွန်မတို့ရွှေတောင်မြို့မှာ ရပ်ကွက်ကြီးသုံးခုရှိပါတယ်။ အဲ့ဒီရပ်ကွက်ကြီး သုံးခုထဲက သရက်တောရပ်ကွက်ဟာ လူနေအိမ်ခြေလည်းပဲ အိမ်ငယ်၊ တဲငယ်တွေ အင်မတန် ပြွတ်သိပ်ပြီးတော့နေပါတယ်။ နောက်ဒီသုံးရပ်ကွက်ထဲမှာ အဆင်းရဲဆုံးရပ်ကွက်လည်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီမီးသတ်ကားနဲ့ပတ်သက်ပြီးတော့ တစ်နှစ်ကို ခဏခဏအလှူငွေကောက်ဖို့ အလှူခံ ထွက်ပါတယ်။ အခုလည်း ကျွန်မအိမ်မှာရှိနေစဉ်မှာ အလှူငွေလာကောက်တာတွေနဲ့ကြုံပါတယ်။ အဲ့တော့ကျွန်မမျက်မြင်ကို သူတို့ကိုမေးမြန်းပြီးတော့သိရတဲ့အတွက် ကျွန်မဒါကိုထည့်ပြီး မေးရတာ ဖြစ်ပါတယ်ရှင်။ နောက်အရေးကြုံတဲ့အခါမှာ အခက်အခဲများစွာတွေ့ရပါသဖြင့်လို့ဆိုရတာ ကျန်တဲ့ ရပ်ကွက်ကြီးနှစ်ခုက ကျွန်မတို့သရက်တောရပ်ကွက်ကို မီးရေးထင်းရေးနဲ့ပတ်သက်လာလို့ရှိရင် မီးသတ်ကားကို အသုံးပြုရေးနဲ့ပတ်သက်လာရင် သူတို့အင်မတန်လှောင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ သရက်တောရပ်ကွက်ကမီးသတ်ကားလာပြီဟေ့ မီးရယ်လို့ သံချောင်းခေါက်သံကြားလို့ ရှိရင် ဒီမီးသတ်ကားကို စက်နှိုးလို့မရလို့တွန်းထုတ်ရတာပါ။ ဟိုကမီးကသေနေပြီး ဒီကားကစက်မနိုး သေးပါဘူး။ အဲ့လို အခက်အခဲမျိုးတွေလည်းကြုံရပါတယ်။ ဒါပေမယ့်လို့ ဆင်းရဲသူများတဲ့အတွက် ကြောင့်မို့လို့ မြို့ပေါ်မှာလည်း အဆင်းရဲဆုံးရပ်ကွက်ဖြစ်တဲ့အတွက်ကြောင့်မို့ အလှူငွေကောက်ခံတိုင်း မှာလည်းပဲ အင်မတန်သူတို့ ပြဿနာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီအခက်အခဲတွေလည်းရှိတဲ့ အတွက်ကြောင့် ကျွန်မက ဒီမေးခွန်းကိုမေးရတာဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးရှင့်။ မီးသတ်ကားဟောင်းများနဲ့ပတ်သက်လို့ ကျွန်မအကြံတစ်ခုကိုဖြည့်စွက်၍ ပြုပါရစေ ကျွန်မတို့နိုင်ငံမှာမီးဘေးကြောင့်အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများဟာ တစ်နှစ်တစ်နှစ်မှာ အံ့သြကြောက်ခမန်းလိလိ များပြားလွန်းလှပါတယ်။ နွေအခါမှာ မီးဘေးအန္တရာယ်ကြီးလှတယ် ဆိုပေမယ့် နွေမိုးဆောင်းရာသီမရွေးမီးသတိပြုဖို့ အထူးလိုအပ်လှတဲ့အချိန်မှာ မြို့ရွာဒေသတိုင်းမှာ မီးသတ်ကားကောင်းကောင်းများလည်း အမှန်လိုအပ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်မှကားဟောင်း များကို ကားကောင်းများနှင့်လဲလှယ်ပေးနေသကဲ့သို့ မီးသတ်ကားဟောင်းများကိုလည်း မီးသတ်ကား ကောင်းများနှင့်လဲလှယ်ပေးသင့်ကြောင်း လေးစားစွာအကြံပြုမေးမြန်းထားပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စား လှယ်များခင်ဗျား။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်အေးမြင့်တင်ပြတဲ့ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် မယားမာန်အုပ်စု၊ ကျီးသဲအုပ်စု၊ ညောင်စာရေးအုပ်စုနှင့် တရုတ်မှော်အုပ်စုတို့မှာ မီးသတ်ကားတစ်စီးစီရှိရာ အဆိုပါမီးသတ်ကားလေးစီးကိုအသစ်လဲလှယ်ပေးရန်အစီအစဉ်ရှိ၊ မရှိ။ အစီ အစဉ်ရှိပါက မည်သည့်အချိန်တွင်လဲလှယ်ပေးနိုင်မည်ကိုသိလိုပါကြောင်း မေးမြန်းချက်နှင့်စပ်လျဉ်းပြီး ဦးစွာဖြေကြားသွားမှာဖြစ်ပါတယ်။ အဆိုပါမီးသတ်ကားလေးစီးဟာ နှစ် ၄၀ သက်တမ်းလွန် မီးသတ် ယာဉ်များဖြစ်ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မီးသတ် ဦးစီးဌာနအနေဖြင့် နိုင်ငံတော်တစ်ဝန်းလုံးမှာ နှစ် ၄၀ အထက်သက်တမ်းလွန်မီးသတ်ကား ၄၁၈ စီး ရှိရာ လာမည့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်ကစပြီးတော့ ဦးစားပေးအဆင့်အလိုက် အစားထိုး ဖြည့်တင်းရေးစီမံကိန်းကိုရေးဆွဲတင်ပြထားပြီးဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သက်တမ်းလွန်မီးသတ် ယာဉ်များအား အစားထိုးဖြည့်တင်းပေးရန် ဦးစားပေးအဆင့်သတ်မှတ်ရာမှာ မြို့တော်၊ ပြည်နယ် တိုင်းဒေသကြီးမြို့တော်၊ မြို့နယ်၊ မြို့နယ်ခွဲ၊ ကျေးရွာအုပ်စုစသည်ဖြင့် အစီအစဉ်အတိုင်းအပြင် နိုင်ငံတကာတွင် မီးသတ်စခန်းများနှင့် မီးသတ်ယာဉ်များဖြန့်ခွဲနေရာချထားမှုအတွက် ထည့်သွင်း စဉ်းစားရတဲ့အချက်အလက်စံနှုန်းများဖြစ်ကြတဲ့ အိမ်ခြေနှင့် လူဦးရေထူထပ်မှု၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်အလုပ်ရုံများတည်ရှိနေမှု၊ ၁ဝ နှစ်အတွင်းဖြစ်ပွားခဲ့သောမီးလောင်မှု အကြိမ်အရေအတွက်၊ ဆုံးရှုံးမှုတန်ဖိုး၊ မီးသတ်ယာဉ်ဝင်/ထွက်နိုင်တဲ့ လမ်းကြောင်းများအခြေအနေ အစရှိသည့််အချက်များအပေါ်မူတည်ပြီး ဦးစားပေးအဆင့်များသတ်မှတ်၍ အစားထိုးဖြည့်တင်းပေး သွားမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် မယားမာန်အုပ်စု၊ ကျီးသဲ အုပ်စု၊ ညောင်စာရေးအုပ်စုနှင့် တရုတ်မှော်အုပ်စုများရှိ နှစ် ၄ဝ အထက် သက်တမ်းလွန်မီးသတ် ယာဉ်လေးစီးရဲ့အခြေအနေဟာ ဦးစားပေးအဆင့်အနေနဲ့ နောက်ပိုင်းမှာရောက်ရှိနေပါတယ်။ ဒါကြောင့် လတ်တလောအဆင်ပြေစေဖို့အတွက် အဆိုပါကျေးရွာအုပ်စုမီးဘေးလုံခြုံရေးအတွက်လည်း အကျိုး ကျေးဇူးဖြစ်စေရန် အပေါ့စားမီးသတ်စက်လေးလုံးကို ၆-၂-၂၀၁၂ ရက်နေ့မှာထုတ်ပေးထားပြီး ဖြစ်ပါကြောင်း ပြန်ကြားအပ်ပါတယ်။
ဆက်လက်ပြီးတော့ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်မီးသတ်ကားဟာလည်းပဲ အရေးကြုံတဲ့အခါမှာ အသုံးပြုရန်အခက်အခဲရှိနေတဲ့အတွက် အသစ်လဲလှယ်ပေးရန်အစီအစဉ်ရှိ၊ မရှိ ကိုလည်းပဲ ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်။ အဲ့ဒီ မီးသတ်ယာဉ်ဟာ နှစ် ၄၀ အထက်သက်တမ်းလွန် မီးသတ်ယာဉ်ဖြစ်သော်လည်းပဲ လက်ရှိစံနှုန်းများအရအသုံးပြုရန် "သင့်" အနေအထားမှာရှိကြောင်း တွေ့ရပါတယ်။ "သင့်" အခြေအနေသတ်မှတ်ချက်မှာ စက်ပစ္စည်း၏သဘောသဘာဝအရအနည်းငယ် ချို့ယွင်းမှုရှိသော်လည်းပဲ ၂၄ နာရီကြာသည့်အချိန်ထိ မီးငြိမ်းသတ်ရေးတာဝန်များကို အင်ဂျင်ပိုင်း၊ ပန့် ပိုင်းဆိုင်ရာပျက်စီးချို့ယွင်းမှုမရှိဘဲ တာဝန်ထမ်းဆောင်အသုံးပြုနိုင်သော မီးသတ်ယာဉ်ဖြစ်ပြီး မီးသတ် ယာဉ်ရဲ့ဆေးဘော်ဒီပိုင်းနဲ့ အပြင်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအားနည်းမှုရှိနေခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်ရှိ နှစ် ၄ဝ အထက် သက်တမ်းလွန်မီးသတ်ယာဉ်တစ်စီး ဦးစားပေးအဆင့်အရ လတ်တလောအခြေအနေမှာလည်း အစားထိုးလဲလှယ်ပေးနိုင်ခြင်းမရှိတဲ့အတွက် ရပ်ကွက်မီးဘေးကာကွယ်ရေးအထောက်အကူဖြစ်စေရန် အပေါ့စားမီးသတ်စက်တစ်လုံးကို ၆-၂-၂၀၁၂ ရက်နေ့မှာထုတ်ပေးထားပြီးဖြစ်ပါတယ်။ ရွှေတောင် မြို့နယ်မီးသတ်စခန်းဟာ သုံးယူနစ်မီးသတ်စခန်းဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းများတည်ရှိရာမြို့နယ် လည်းဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မီးသတ်ယာဉ်အသစ်တစ်စီးထပ်မံ ဖြည့်ဆည်းပေးသွားဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားထားပါသည်။
