(ခ)-ထီးချိုင့်မြို့နယ်အတွင်း ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ဧရာဝတီမြစ်ရေနစ်မြုပ်မှုကြောင့် နစ်နာသူ တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးအပ်ရာတွင် အမည်လွဲမှားရရှိသူများထံမှ ငွေများကို အမှန်တကယ် နစ်နာသူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်များ၌ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် အချိန်အခါမဟုတ် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် တောင်သူ ၅၆၀၃ ဦးတို့၏ စပါး၊ မြေပဲနှင့် အခြားသီးနှံများ စုစုပေါင်း ၁၁၉၆၅ ဧက ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ အထက်ပါဖြစ်ရပ်ကြောင့် နစ်နာသောတောင်သူများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၀-၆-၂၀၁၆ ရက် အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၆) တွင် စိစစ်ဆွေးနွေးခဲ့ပြီး ၂၂-၇-၂၀၁၆ ရက် အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၆) အရ ကျပ်ငွေသန်းပေါင်း ၆၉၂.၁၄၈ ကို နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ခွင့်ပြုပေးခဲ့ပြီး ၃၀-၈-၂၀၁၆ ရက်နေ့ (အင်္ဂါနေ့) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရှင်းလင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပါကြောင်း၊ ဖော်ပြပါထောက်ပံ့ကြေးပေးရာတွင် ဆောင်းမြေပဲ တစ်ဧကလျင် ၇၂၀၀၀ ကျပ်နှုန်း၊ နွေစပါးတစ်ဧကလျှင် ၃၉၀၀၀ ကျပ်နှုန်း၊ နေကြာတစ်ဧကလျှင် ၂၆၀၀၀ ကျပ်နှုန်း၊ ဟင်းသီးဟင်းရွက်တစ်ဧကလျှင် ၂၈၀၀၀ ကျပ်နှုန်းနှင့် ဖူးစားပြောင်းတစ်ဧကလျှင် ၂၈၀၀၀ ကျပ်နှုန်းဖြင့် တွက်ချက်ပေးခဲ့ပါကြောင်း၊
၂၀၁၆ ခုနှစ်က ထောက်ပံ့ကြေးရရှိသည့် ကျေးရွာအုပ်စုများနှင့် ရရှိသည့်ငွေပမာဏများမှာ ကျေးရွာအုပ်စု ၁၅ အုပ်စုအတွက် စုစုပေါင်း ၆၇၆. ၃၅ သိန်းကျပ်ရရှိခြင်းအပေါ် ညောင်ပင်သာ၊ ဒိုးပင်၊ အင်ဒေါင်းရွာနှင့် ကြက်တကောင်ကျေးရွာအုပ်စုလေးခုတွင် မေးခွန်းတွင်ပါသည့် လွဲမှားမှုများ ဖြစ်ခဲ့ခြင်းကို တွေ့ရှိရပါကြောင်း၊ မေးခွန်းတင်ခဲ့စဉ်က လေးရွာအနက် ငွေကြေးပမာဏ ၁၆၂ သိန်းရရှိသည့် ကြက်တကောင် ကျေးရွာဖြစ်ပါကြောင်း၊ ယခုဖော်ပြပါကိစ္စဖြစ်ပွားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားရာ ကျေးရွာလေးအုပ်စုအတွက် စုံခုံများဖွဲ့ပြီး စစ်ဆေးသည့်အခါ သက်ဆိုင်ရာခရိုင်၊ တိုင်းအဆင့်ဆင့် တင်ပြခဲ့ရာ ၂၀၁၇ ခုနှစ်ကုန်သည်အထိ တစ်စုံတရာ တုံ့ပြန်မှုမရှိခဲ့ခြင်းကြောင့် ယခုလို မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မိမိပြောလိုသည်မှာ ဒီလိုထောက်ပံ့ကြေးပေးသည်ဆိုသည်မှာ မိမိတို့ ခန့်မှန်းမိသည်မှာ ပထမဆုံးရသည့် တောင်သူများ၏ နစ်နာကြေး ဖြစ်ပါကြောင်း၊ ယခုလိုနိုင်ငံတော်မှ နစ်နာဆုံးရှုံးသည့် တောင်သူများအပေါ် စေတနာထားပြီး ပေးသည့်ငွေကြေးကို ကာယကံရှင်များဆီ ဆုံးရှုံးမှု ဧကအလိုက် လက်ရောက်ပေးအပ်မှု တာဝန်သည်ကဏ္ဍအလိုက် တာဝန်ယူကြသည့် သက်ဆိုင်ရာ တာဝန်ရှိသူ၊ ဌာနဆိုင်ရာများ၏ အထူးတာဝန်တစ်ရပ် ဖြစ်သည်ဆိုခြင်းအပေါ် ခွဲဝေသည့် နေရာတွင် စပါးစိုက်သူက မြေပဲအတွက်ရခြင်း၊ မြေပဲစိုက်သူက စပါးအတွက်ရခြင်း၊ လူနာမည်ထပ်ခြင်း၊ အဖေနာမည်မပါခြင်းကြောင့် ခွဲဝေမခြင်းနှင့် ပုံပျက်ပန်းပျက် ဖြစ်ခဲ့သည့်အတွက် တာဝန်ရှိ စိုက်ပျိုးရေးနှင့် မြေစာရင်းဦးစီးဌာနနှစ်ခုနှင့် မည်သည့်ကျေးရွာအုပ်စုက မည်သည့်ကွင်းအမှတ်တွင် မည်သည့်သီးနှံ၊ မည်မျှဧက ပျက်စီးပါသည်ဆိုသည့် စာရင်းဇယားကောက်ယူရန် တာဝန်သည် အဓိကအရေးပါသည့် မြေစာရင်းဦးစီးဌာန ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ရပ်ကျေး/လယ်စီ၏ အကူအညီဖြင့် အမှန်စာရင်း ကောက်ယူရမည်ကို ယခင်ကဲ့သို့ စာရွက်ပေါ် ရေးလိုက်လျှင် ပြီးသားမည်ဆိုသည့် အတွေးများနှင့် သက်ဆိုင်ရာနယ်ကို မဆင်းဘဲ ဌာနတွင်ရှိသည့် မြေစာရင်းပုံစံ ၄၆ ကို အခြေခံပြီးစာရင်းပြုစုသည့်အတွက် အမှန်တကယ် နစ်မြုပ်ဧကအတွက် များစွာလျော့နည်းပြီး ထောက်ပံ့ငွေရရှိပါကြောင်း၊ ထို့ကြောင့် အမှန်တကယ် နစ်မြုပ်သူမဟုတ်ဘဲ မည်သည့်အတွက်မျှ ထိခိုက်နစ်နာမှု မရှိသူများ စာရင်းထဲပါသွားခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိစ္စများသည်လည်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက မိမိကျေးရွာအတွင်းက ရာအိမ်မှူး၊ ဆယ်အိမ်မှူးကတစ်ဆင့် ရေနစ်မြုပ်စာရင်းထဲ ပါ/မပါကို သိနိုင်ခြင်းသာ ဖြစ်ပါကြောင်း၊ ယခုဖြစ်ပေါ်ခဲ့သော ကြက်တကောင်ကျေးရွာတွင် ထောက်ပံ့ကြေးပေးသည့်နေ့ အရင်ဆုံး နာမည်စာရင်း ခေါ်ပေးနေကတည်းက သက်ဆိုင်ရာဝန်ထမ်းကို တောင်သူအမျိုးသမီးတစ်ဦးက ယခုပေးနေသည့် သူများသည် ရေနစ်မြုပ်ထဲမပါသည့်အကြောင်း ပြောသော်လည်း ဂရုမစိုက်ဘဲ ဆက်လက်ပေးသည့်အတွက် အကျိုးဆက်က မိမိတို့ပြောနေသည့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည်ကို မိမိတို့ရာထူး နေရာအလိုက် မည်မျှတာဝန်ကြီးလေး အရေးပါသည်ကို သက်ဆိုင်ရာဌာနများကို သိစေ လိုပါကြောင်း၊ နောက်ဆုံး သက်ဆိုင်ရာဝန်ထမ်းများကို နေရာပြောင်းရွှေ့ထမ်းဆောင် စေခဲ့ပါကြောင်း၊ ၎င်းပြဿနာသည် အဖြေမဟုတ်ဘဲ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန၏ မူလဦးတည်ရည်ရွယ်သည့် ရေကြီးနစ်မြုပ်တောင်သူများကို ထောက်ပံ့ကြေးငွေ လက်ရောက်ပေးနိုင်ရန် မေးခွန်းပါအတိုင်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၁၆ ခုနှစ် ဧပြီလနှင့်မေလအတွင်း ဖြစ်ခဲ့သည့် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စုနှင့် ကျေးရွာ ၁၅ ရွာကနေ တောင်သူပေါင်း ၅၂၀ စိုက်ပျိုးထားသည့် နွေစပါးနှင့် ဆောင်းမြေပဲများ ပျက်စီးခဲ့သည့် အခြေအနေ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပျက်စီးခဲ့သည့် ဧကများပေါ် ပြည်ထောင်စုအစိုးရအဖွဲ့က နွေးစပါးတစ်ဧကကို ၃၉၀၀၀ ကျပ်နှုန်းနှင့် ကျပ်သိန်းပေါင်း ၁၈၆ ဆောင်းမြေပဲတစ်ဧကကို ၇၂၀၀၀ ကျပ်နှုန်နှင့် ကျပ်သိန်းပေါင်း ၄၉၀ ကျော် စုစုပေါင်းကျပ် သိန်းပေါင်း ၆၇၆ သိန်းကျော်ကို သက်ဆိုင်ရာတောင်သူများထံ ပြီးခဲ့သည့် ၂၂-၉-၂၀၁၆ ရက်နေ့တွင်အပြီး ထောက်ပံ့ပေးခဲ့ပါကြောင်း၊
အဆိုပါရေကြီးနစ်မြုပ်စဉ်က စာရင်းတင်ရန် ကျန်ခဲ့သည်ဟု တင်ပြသည့်မြေများသည် ထီးချိုင့်မြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၂၉၁) ဘိုထုံကွင်းနှင့် ကွင်းအမှတ် (၂၂၉၆) မြိုင်မကြီး ကွင်းအတွင်းရှိ လယ်ယာမြေများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ကြီးသည့်အတွက် သီးနှံထိခိုက်ပျက်စီးမှုများ စာရင်းကောက်ယူခဲ့စဉ်က ကျေးရွာအုပ်စုက မြို့နယ်အဆင့်ထိ အဆင့်ဆင့်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ကွင်းဆင်းစစ်ဆေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆက်လက်တင်ပြဆောင်ရွက်ကြရပါကြောင်း၊ စာရင်းအရ သက်ဆိုင်ရာတောင်သူများကို သီးနှံထောက်ပံ့ကြေး ပေးအပ်ရာတွင်လည်း မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ကျေးရွာအုပ်စုအဆင့် သဘာဝဘေးထောက်ပံ့ငွေ ထုတ်ပေးရေးအဖွဲ့များ ဖွဲ့စည်းပြီး တောင်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
ရေကြီးနစ်မြုပ်စဉ်ကာလတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဝန်ထမ်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကျေးရွာအုပ်စုစာရေး၊ ရပ်မိရပ်ဖကိုယ်စားလှယ်၊ တောင်သူလယ်သမားကိုယ်စားလှယ်၊ ရာအိမ်မှူး၊ အုပ်စုတာဝန်ခံ မြေစာရင်းဝန်ထမ်းများ ပါဝင်သည့် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ရေကြီးနစ်မြုပ်မှုစာရင်းများကို ၂၅-၄-၂၀၁၆ ရက်နေ့တွင် စတင်ကွင်းဆင်းစာရင်း ကောက်ယူပြီး မြို့နယ်စီမံခန့်ခွဲရေးကော်မတီကို တင်ပြခဲ့ပါကြောင်း၊
ရေပြန်ကျသည့် ၂-၅-၂၀၁၆ ရက်နေ့တွင် သီးနှံထိခိုက်ပျက်စီးမှု ဧကစာရင်းများကို စာရင်းကောက်ယူ ပြုစုခဲ့ကြပြီး ၇-၅-၂၀၁၆ ရက်နေ့တွင် အသံချဲ့စက်ဖြင့်လည်းကောင်း၊ ရွာဆော်ဖြင့်လည်းကောင်း၊ သီးနှံ ပျက်စီးမှုစာရင်းများကို မကျန်ရှိစေရေး သတင်းပို့ရန် နှိုးဆော်ခဲ့ပါကြောင်း၊ ၁၀-၅-၂၀၁၆ ရက်နေ့မှသာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနများသို့ ပေးပို့တင်ပြခဲ့ပါကြောင်း၊
ရေကြီးနစ်မြုပ်မှု စာရင်းကျန်ခဲ့သည်ဆိုသည့် ဖြစ်ရပ်မှာ ကျေးရွာအုပ်စု၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေနဲ့ ကျေးရွာနေ ပြည်သူများသိရှိနိုင်ရန်အတွက် အသံချဲ့စက်၊ ရွာဆော်တို့နှင့် ရေနစ်မြုပ်ပျက်စီးမှု စာရင်းကို ပေးပို့ရန် ကြေငြာခဲ့သော်လည်း ဦးသန့်ဇော်အောင် ပါ ၁၇ ဦးသည် ၃-၅-၂၀၁၆ ရက်နေ့တွင် ၎င်းတို့ကိုယ်တိုင် သီးနှံပျက်စီးဧက စာရင်းပြုစုခန့်မှန်းတန်ဖိုးများ တွက်ချက်ပြီး ဒိုးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ထောက်ခံချက် လက်မှတ်ရေးထိုးစေပြီးသည့်နောက် ထီးချိုင့်မြို့နယ်ရှိ လူမှုကွန်ယက်အဖွဲ့တစ်ဖွဲ့ကိုသာ စာရင်းပေးပို့ခဲ့ကြောင်း စိစစ်သိရှိရပါကြောင်း၊ သီးနှံထိခိုက်ပျက်စီးဧက စာရင်းများ ပေးပို့အချိန်မီပါလျက် သက်ဆိုင်ရာ ကျေးရွာ/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ထံသို့ တင်ပြခဲ့မှုလည်း မရှိပါကြောင်း၊
အဆိုပါကိစ္စအပေါ် တိုင်ကြားသူများသည် ဒိုးပင်ကျေးရွာအုပ်စုတွင်လည်း နေထိုင်ကြသူများ မဟုတ်ကြောင်း တွေ့ရှိရပါသည်။ ၎င်းတို့အနေဖြင့် သီးနှံပျက်စီးမှုစာရင်းကို သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးထံ တင်ပြမှုမရှိဘဲ လူမှုကွန်ယက်များသို့ တင်ပြရေးကိုသာ ဦးစားပေးဆောင်ရွက် ခဲ့သည့်အလျောက် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့သည့် အလျောက် အဆိုပါအဖြစ်ရပ် ဖြစ်ပေါ်ခဲ့ရပါကြောင်း၊
ကျေးရွာအုပ်ချုပ်ရေးမှူးအနေဖြင့်လည်း ၎င်းတို့ထောက်ခံပေးရန် တင်ပြခဲ့သည့် သီးနှံပျက်စီးမှုစာရင်းကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီတို့သို့ ပေးပို့တင်ပြခဲ့မှု မရှိသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ ရေကြီးနစ်မြှုပ်မှုကြောင့် သီးနှံပျက်စီးမှုများအတွက် ထောက်ပံ့ပေးအပ်ခြင်းကို ဒိုးပင်ကျေးရွာအုပ်စုတွင် ထောက်ပံ့ကြေးပေးအပ်ရေး ခေါင်းဆောင်အဖြစ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာက ဦးဆောင်ဆောင်ရွက်ခဲ့ပါကြောင်း၊ စပါးတစ်ဧက ၃၉၀၀၀ ကျပ်၊ မြေပဲတစ်ဧက ၇၂၀၀၀ ကျပ်နှုန်းနှင့် ထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့ပါကြောင်း၊
ဒိုးပင်ကျေးရွာအုပ်စုတွင် နွေစပါးစိုက်တောင်သူ ၁၈ ဦး၊ ပျက်စီးဧက ၇၅ ဧကအတွက် ထောက်ပံ့ကြေးငွေ ၂၉၂၅၀၀၀ ကျပ်၊ ဆောင်းမြေပဲစိုက်သည့် တောင်သူ ၁၅ ဦး၊ ပျက်စီးဧက ၅၈ ဧကအတွက် ထောက်ပံ့ကြေးငွေ ၄၁၇၆၀၀၀ ကျပ် စုစုပေါင်းတောင်သူ ၃၃ ဦး၊ ပျက်စီးဧက ၁၃၃ ဧကအတွက် ၇၁၀၁၀၀၀ ကျပ်ကို ထောက်ပံ့ခဲ့ကြောင်း စာရင်းတင်ပြခဲ့ပြီး တရားမဝင် ဖြတ်တောက်ရယူထားမှုလည်း မရှိပါကြောင်း စိစစ်တွေ့ရှိရပါသည်။
ဦးသန်းဇော်အောင်ပါ တောင်သူများတင်ပြသည့် လယ်ယာမြေများသည် ဧရာဝတီမြစ်ရေမြင့်တက် မှုကြောင့် ရေလွှမ်းမိုးမှုရှိခဲ့သော်လည်း တံစဉ်လွတ်လုံးဝရိတ်သိမ်းခြင်း မပြုနိုင်သည့် အခြေအနေထိ ဧရိယာအားလုံး ပျက်စီးခဲ့ခြင်း မဟုတ်ကြောင်းနှင့် တချို့တစ်ဝက်ကို ရေမလွှမ်းမီရိတ်သိမ်းခဲ့ပြီး၊ ရေပြန်ကျပြီးနောက် အချို့ကို ရိတ်သိမ်းနိုင်ခဲ့သည့်အတွက် ရေဝပ်သောဧရိယာအတွင်းမှသာ ပျက်စီးမှု အချို့ရှိကြောင်း သုံးသပ်ရရှိပါသည်။
ရေကြီးနစ်မြုပ်မှုအတွက် ထောက်ပံ့ကြေးပေးအပ်ရာတွင် စာရင်းကျန်ရှိသူ များရှိကြောင်းနှင့် ၎င်းတို့ကို ပြန်လည်ပေးအပ်နိုင်ရေး တင်ပြလာမှုကို စိစစ်သည့်အခါ ရေကြီးနစ်မြုပ်မှုသည် ၂၀၁၆ ခုနှစ် ဧပြီလတွင် ဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပေးအပ်နိုင်ရေးတင်ပြမှုသည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလသို့ ရောက်ခဲ့သည့်အတွက် ရေကြီးနစ်မြုပ်ကာလအတွင်း တောင်သူအချို့ ရေမကြီးမီကပင် ရိတ်သိမ်းပြီး ဖြစ်ခြင်း၊ အချို့ရေပြန်ပေါ်ပြီးချိန် ရိတ်သိမ်းရရှိခြင်းတို့ကြောင့် ပျက်စီးမှုအခြေ အနေများကို စစ်ဆေးရန် အခြေအနေမပေးသည့် အချိန်ကာလကို ရောက်ရှိခဲ့ပါကြောင်း၊
စာရင်းများမှန်ကန်စွာ ကောက်ယူနိုင်ရေးကိစ္စရပ်တွင် နစ်နာသူတောင်သူလယ်သမားကြီးများဘက်မှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အားနည်းမှုရှိကြောင်းလည်း တွေ့ရပါသည်။ သို့မှလည်း ထောက်ပံ့ကြေးငွေ ပေးအပ်သည့်နေရာတွင် မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါသည့် အကြောင်းကိုလည်း ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြန်လည် စိစစ်သုံးသပ်ရာ ယခုလို စာရင်းကျန်ရှိမှုနှင့်ပတ်သက်ပြီး အကြောင်းအမျိုးမျိုးရှိနိုင်သော်လည်း ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များအနေဖြင့် စည်းရုံးဆောင်ရွက်နိုင်မှု အပါအဝင် အားနည်းချက်များရှိပါကြောင်း၊ အချိန်တိုအတွင်း ဆောင်ရွက်ရသည့် ၎င်းတို့၏ တာဝန်ယူရမှုအတိုင်းအတာ၊ ဝန်နှင့်အားမမျှသည့် အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားပြီး အရေး ယူမှုအပိုင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊
ယခုလိုအရေးယူမှုအပိုင်းတွင် ထီးချိုင့်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ထိုစဉ်က ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များဖြစ်ကြသည့် ဒိုးပင်ကျေးရွာအုပ်ချုပ်ရေးမှူးကို အသိပေး မှတ်တမ်းတင် ဆုံးမခြင်းနှင့် တောင်သူလယ်သမား ကိုယ်စားလှယ်နှင့် ရပ်မိရပ်ဖတို့ကို ယင်းတို့၏ တာဝန်မှ နှုတ်ထွက်စေခဲ့ပါကြောင်း၊ ကျေးရွာအုပ်စုစာရေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီမံခန့်ခွဲမှုနှင့် အရေးယူခဲ့သည့်အတိုင်း ကျေးရွာအုပ်စုမြေတိုင်းစာရေးကိုလည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၁၀ (ဃ) အရ အပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊
သို့ဖြစ်သည့်အတွက် ရေကြီးနစ်မြုပ်မှုစာရင်းနှင့် ပတ်သက်ပြီး မြေပြင်တွင် ပြန်လည်စိစစ်ရန် အခြေအနေမပေးသည့်အတွက် တင်ပြသူများကို ထောက်ပံ့ကြေးပြန်လည် ပေးအပ်နိုင်ခြင်းမရှိသည့် အခြေအနေဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမောင်မောင် (ထီးချိုင့်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အခင်းဖြစ်သည်မှာ ညောင်ပင်သာ၊ ဒိုးပင်၊ အင်ဒေါင်း၊ ကြက်တကောင်ကျေးရွာတို့ ဖြစ်ကြပါကြောင်း၊ လေးရွာဖြစ်သည့်အနက် ဒိုးပင်နှင့်အင်ဒေါင်း၊ ညောင်ပင်သာ သုံးရွာကနည်းနည်းခံသာပြီး တကယ်နစ်သည့်သူများ အချို့သာမရခြင်း ရာခိုင်နှုန်းနည်းပါကြောင်း၊ မှားသည့်ရာခိုင်နှုန်းနည်းခြင်း၊ ၎င်းတို့အထဲတွင် အင်ဒေါင်းအထက်က ကမ်းနီရွာက အုပ်ချုပ်ရေးမှူးကို မေးသည့်အခါ ရရှိကြောင်းနှင့် ၎င်းတို့၏ စာရင်းဇယားကို မေးသည့်အခါ စာရင်းကောက်ပြီးမှ ရေမကျသေးသည့်အတွက် အဆင်မပြေပါကြောင်း၊ နောက်မှ မြေစာရင်းက ဖုန်းဖြင့်လှမ်းမေးသည့်အတွက် မိမိနှင့်ရာအိမ်မှူး တိုင်ပင်ပြီးမှ ဧကကိုမှန်းပေးလိုက်ရခြင်းဖြစ်သော်လည်း ကျလာသည့်အခါ စာရင်းသည် မိမိတို့တွင် မပျက်သည့် လူများဖြစ်သည့်အတွက် ၎င်းအတိုင်းပေးမည်ဆိုပါက အဆင်မပြေပါကြောင်း၊ ထို့ကြောင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများကို ခေါ်ပြီးမှ ကိုယ့်ရွာအတွင်းရှိ တကယ်ပျက်သည့် လူများ၏စာရင်းကို ကျေးရွာအတွင်းတွင် စာရင်းဇယားပြုလုပ်ပြီးမှ ထိုငွေကို ဝေခြမ်းပေးလိုက်ရသည့်အတွက် ၉၅ ရာခိုင်နှုန်းခန့် မှန်သွားပါကြောင်း၊ ထို့ကြောင့် အလားတူ ကိစ္စများမဖြစ်အောင် ရာသီအလိုက်စိုက်ပျိုးသည့် စိုက်ပျိုးမြေစာရင်းများကို တိတိကျကျ မှန်မှန်ကန်ကန်ဖြစ်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ စာရေး၏ ကောက်ခံခြင်းရှိ/မရှိနှင့် မည်သို့စီစဉ်ထားရှိသနည်းဆိုသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
ယခုဖြစ်စဉ်အခြေအနေကို ပြန်လည်သုံးသပ်သည့်အခါ အဓိကက အဖွဲ့အစည်းတစ်ခုတည်း၏ တာဝန်ယူမှု၊ တာဝန်ခံမှုတစ်ခုတည်းနှင့် မဖြစ်သင့်ဘဲ အားလုံးအသိနေဖြင့် Stateholder တစ်ရပ်လုံး ပါဝင်ဆောင်ရွက်နိုင်မှုအားကောင်းလေ လုပ်ငန်းအတွက် ထိရောက်လေဖြစ်မည် ဖြစ်ပါကြောင်း၊ သို့မှသာ ယခုလို အားနည်းချက်များ မဖြစ်နိုင်သည့်အခြေအနေကို ဖန်တီးနိုင်မည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ရေကြီးနစ်မြုပ်စဉ်ကာလအတွင်း သီးနှံပျက်စီမှုအပေါ် ထောက်ပံ့ကြေးပေးနိုင်ရန် စာရင်းကောက်သည့် လုပ်ငန်းသည် ရေကြီးနစ်မြုပ်စဉ်ကာလတုန်းက ကယ်ဆယ်ရေးလုပ်ငန်းအပါအဝင် ပြန်လည် ထူထောင်ရေး လုပ်ငန်းကိုပါ တစ်ပါတည်းချိတ်ဆက်စီမံ ဆောင်ရွက်သွားမည့် Change တစ်ခုလုံးအတွက် စီမံခန့်ခွဲမှုသည် အင်မတန်အရေးပါပါကြောင်း၊ စီမံခန့်ခွဲမှုအပိုင်းတွင်လည်း အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်မှုလည်း အရေးပါသည့်အလျောက် ဆုံးရှံးသွားသည့် ကာယကံရှင်တောင်သူများ ကိုယ်တိုင်ကိုက သက်ဆိုင်ရာတွင်ရှိသည့် ဒေသခံများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လူမှုအသင်း အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေအပေါ် ၎င်းတို့၏ ဆုံးရှုံးမှုအတွက်ကို အချိန်နှင့်တပြေးညီ ပြန်လည်စီမံဆောင်ရွက်ရန်လည်း လိုအပ်ချက်ရှိပါကြောင်း၊ ထို့ကြောင့် ယခုလိုအခြေအနေမျိုးတွင် နောင်အလားတူ မဖြစ်နိုင်ရန်အတွက်ကိုလည်း ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံကို ကြိုတင်ဆောင်ရွက်သွားရန်အတွက် သက်ဆိုင်ရာဒေသ၏ စီမံခန့်ခွဲမှုကွင်းဆက် အားကောင်းအောင် ကြိုတင်လုပ်ကိုင်သွားနိုင်မှသာ ထိုအဖြစ်မျိုးများနှင့် ရှောင်ရှားနိုင်မည် ဆိုသည့်အကြောင်း ဆက်စပ်မေးခွန်းအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
