(ဃ)-ရွှေကျင်မြို့နယ်၊ ဝင်းခနိန်ကျေးရွာအုပ်စု၊ မဓမချောင်းကိုဖြတ်ကူး၍ ဝင်းခနိန်-အလယ်ကျွန်းကျေးရွာ ချင်းဆက်တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၉.၆.၂၀၁၈)

ရွှေကျင်မြို့နယ်တွင် ရွှေကျင်ချောင်းနှင့် မဓမချောင်းနှစ်ခုကြားက ဒေသဆိုလျှင် ချောင်းနှစ်ချောင်း၏ ကြားထဲတွင်ရှိနေသည့်အတွက် သွားရေးလာရေးခက်ခဲပါကြောင်း၊ ကျေးရွာအုပ်စု တစ်စုတည်းတွင် ချောင်းများခြားနေသည့်အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ လူမှုရေး၊ ကျန်းမာရေးကိစ္စကစအများကြီး အခက်အခဲရှိပါကြောင်း၊ ရွှေကျင်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် ရွှေကျင်ချောင်းနှင့် မဓမချောင်းနှစ်ချောင်းသည် ဒေသခံများစိုက်ပျိုးရေး၊ သွားလာရေးတို့အတွက် ထိုချောင်းများကို အသုံးပြုပြီးမှ အဆင်ပြေသော်လည်း ကုန်းလမ်းသွားလာရေးအတွက် အဓိကအတားအဆီး ဖြစ်နေပါကြောင်း၊ တစ်ဘက်ကမ်းရှိ အလယ်ကျွန်း၊ ဝဲကြီး၊ ခလိန်၊ အောက်မဲဇောင်း၊ ကျောက်နဂါး ကျေးရွာများသည် ရွှေကျင်မြို့နယ်၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်သည့်အခါ များစွာအခက်အခဲ ဖြစ်ရပါကြောင်း၊ ထို့အပြင် ၎င်းဒေသအရှေ့ဘက်ကို ဆက်သွားမည်ဆိုလျှင် တောင်ပေါ်ဒေသ၊ ထီးဖားတိုရွာ၊ ရွာပုန်းရွာရှောင်၊ အရင်ဖြတ်ကြီးလေးဖြတ် ခေတ်တွင် ရွာများတိုက်ပွဲများ ဖြစ်သည့်အခါ ပြည်ထဲရေးစာရင်းမှ ပယ်ဖျက်လိုက်ပါကြောင်း၊ ယခုငြိမ်းချမ်းရေး ပြန်ပြီးရရှိသည့်ကာလတွင် ပြည်ထဲရေးအမည် မပေါက်သေးသော်လည်း ယခုအချိန်တွင် ပြည်သူများမှ ၎င်း ဒေသကနေပြီး မြို့ထဲကိုလာရောက်သည်များလည်း ရှိပါကြောင်း၊ ကုန်စည်စီးဆင်းမှုများ သွားလာရခြင်းများရှိပါကြောင်း၊ ထို့ကြောင့် ၎င်းတံတားဆောက်မည်ဆိုပါက ပထမအကျိုးကျေးဇူး အနေဖြင့် ကျေးရွာအုပ်စုအတွင်း မြို့နယ်နှင့်အုပ်ချုပ်ရေးပိုင်းတွင်  အကျိုးကျေးဇူးရမည် ဖြစ်သကဲ့သို့ ပြန်လည်ဖွံ့ဖြိုးစကာလ ငြိမ်းချမ်းရေးရနေသည့်ကာလတွင် ရွာပုန်းရွာရှောင်များ၊ ပြည်ထဲရေးအမည်မှ ပယ်ဖျက်ခံခဲ့ရသည့်ရွာများ ပြန်လည်ဖွံ့ဖြိုးရန်အတွက်ကို ၎င်းတံတားကနေပြီး အကျိုးကျေးဇူး ရရှိမည် ဖြစ်သည့်အတွက် မိမိမေးမြန်းလိုသည်မှာ ဝင်းခနိန်-အလယ်ကျွန်းတံတားကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရွှေကျင်မြို့နယ်၊ ဝင်းခနိန်ကျေးရွာအုပ်စု၊ ဝင်းခနိန်ကျေးရွာနှင့် အလယ်ကျွန်းကျေးရွာတို့ကို ဆက်သွယ်သော မဓမချောင်းကူးတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲသည့်လမ်းပေါ်တွင် ရှိသည့်တံတား ဖြစ်ပါကြောင်း၊  အဆိုပါတံတားသည် နွေရာသီကာလတွင် ဆိုင်ကယ်နှင့်လူများ ဖြတ်သန်းသွားလာနိုင်ရန် တည်ဆောက်ထားသည့် သစ်သားတံတား ဖြစ်ပါကြောင်း၊ ကြိုးတံတားအဖြစ် ဆောင်ရွက်မည်ဆိုပါက ကြိုးထိန်းကမ်းကပ်ခုံ တည်ဆောက်မည့်နေရာက လူနေအိမ်များ၏ ဧရိယာအတွင်းဝင်ရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး ဆိုင်ကယ်နှင့်လူများသာ သွားလာနိုင်သောတံတား ဖြစ်ပါကြောင်း၊ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်မည်ဆိုပါက ချောင်း၏  Alignment ကို ပဏာမကွင်းဆင်းစစ်ဆေးပြီး တံတားချဉ်းကပ်လမ်း မြေနေရာရရှိနိုင်မှုအတွက် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

ရွှေကျင်မြို့နယ်၊ ဝင်းခနိန်-အလယ်ကျွန်းကျေးရွာချင်း ဆက်တံတားသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့် (၁) လမ်းပေါ်တွင် တည်ရှိသည်ဟု ဦးစားပေး အစီအစဉ်အရ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားခဲ့သော်လည်း ပါဝင်ခြင်းမရှိသဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်လျာထား သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး သင့်လျော်သည့် တံတားတစ်စင်း တည်ဆောက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။