(ဃ)-စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၃၀)ကျော်အတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး လင်းရေးကို ၂၀၁၅-၁၆ ဘတ်ဂျက်တွင် လျာထား သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၂)ရက်မြောက်နေ့ (၂၄.၃.၂၀၁၅)

ဦးအုန်းငွေ (မြောင်) မြောင်မြို့နယ်သည်ဆက်သွယ်သွားလာမှု ခက်ခဲပြီး မြေအနေအထားအရ မြေပြန့်လွင်ပြင်ဖြစ်သော်လည်း ယနေ့ အချိန်အထိ တစ်မြို့နယ်လုံးတွင် ကျေးလက်မီးလင်းရေးအတွက် လျှပ်စစ်ဓာတ်အား လိုင်းအား ကျေးရွာနှစ် ရွာတည်းသာ မီးလင်းရေးဖြစ်ပါကြောင်း၊ ကိုယ်ထူကိုယ်ထ မီးလင်းရေးအတွက် ကျေးရွာ ၅ ရွာခန့် စည်းရုံးဆောင်ရွက်နေပြီးသော်လည်း ကျေးရွာ ၃၀ ခန့်သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြား မြို့နှင့် အလွန်ဝေးကွာသည့်နေရာတွင် ရောက်နေသည့်အတွက် ယခုအချိန်တွင် လျှပ်စစ်ဓာတ်အားနှင်‌့ မီးလင်းရန် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါကျေးရွာ ၃၀ ခန့်အနက် ပြည်ထောင်စု အစိုးရအနေဖြင့် ကျေးရွာ မည်မျှ ဆိုလာစနစ်ဖြင့် မီးလင်းပေးရန် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

ဒုတိယဝန်ကြီး ဦးခင်မောင်အေးစစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၃၁ ရွာ အိမ်‌ခြေပေါင်း ၇၃၃၈ အိမ်ကို ဆိုလာမီးလင်းရေး ဆောင်ရွက်ပေးမည် ဆိုပါက ငွေကျပ် ၁၄၆၇.၆ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၃၇၀.၈ သန်းဖြင်‌့ လျှပ်စစ်မီးသွယ်တန်းခြင်းကျေးရွာ ၂ ရွာ၊ ဆိုလာစနစ်ဖြင့် ကျေးရွာ ၁၇၄ ရွာ၊ အသေးစားရေအားလျှပ်စစ်ဖြင့် ကျေးရွာ ၂ ရွာ စုစုပေါင်း ကျေးရွာပေါင်း ၁၇၈ ရွာကို ဆောင်ရွက်ရန် ခွင့်ပြု ထားပြီး ဖြစ်ပါကြောင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၃၁ ရွာ ဆိုလာမီးရရှိရေး အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ရန်ပုံငွေတွင် ခွင့်ပြုထားခဲ့ခြင်း မရှိသေးပါကြောင်း၊ သို့သော် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဆင်လှောင်၊ နှဲမှုန်း၊ ကတို့တဲ၊ ရွှေလှေ၊ ရွှေတစ်ချောင်း၊ ကညွှတ်၊ လှိုင်သာ၊ သာတော ကျေးရွာ ၈ ရွာ ဆိုလာမီးလင်းရေးအတွက် ငွေကျပ် ၁၃၁ သန်းဖြင့် အိမ်ခြေ ၆၅၅ အိမ်ကို လျာထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။