(က) ကမ်းသာယာကမ်းခြေကို နိုင်ငံတော်မှပြန်လည်ထူထောင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့မှတ်တမ်း (၂၄-၄-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ယနေ့  အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး မင်္ဂလာ အပေါင်းနှင်‌့ပြည့်ဝကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဂွမဲဆန္ဒနယ်ရှင်ပြည်သူများရဲ့သိလိုချက်အရ ကမ်းသာယာကမ်းခြေနဲ့ ပတ်သက်သည့်မေးခွန်းအား မေးမြန်းခွင်‌့ပြုသည့်အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကမ်းသာယာ ကမ်းခြေဟာ ဂွ-သံတွဲကားလမ်းပေါ်မှာတည်ရှိပြီး ဂွမြို့မှ ၁၆ မိုင်၊ သံတွဲမြို့မှ ၆၄ မိုင်အကွာမှာ တည်ရှိပါတယ်။ ကမ်းသာယာကမ်းခြေဟာ အလွန်လှပတဲ့အတွက် နိုင်ငံတော်မှ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းအဖြစ် ၁၉၉၄-၁၉၉၅ ခုနှစ်မှာ   စတင်အကောင်အထည်ဖော်ခဲ့ရာမှာ  ၁၉၉၆ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရပါတယ်။ ၁၉၉၈ ခုနှစ်မှာ ကမ်းသာယာပင်လယ်ကမ်းခြေနှင့် တစ်ဆက် တစ်စပ်တည်း ဆပ်သွားကျေးရွာအထိ ပင်လယ်ကမ်းခြေတစ်လျှောက် အရှည် ၅မိုင်ခန့်အုန်းခင်း များအား ဟိုတယ်တည်ဆောက်ရန် အုန်းပင်အကြီးတစ်ပင်ကို ကျပ်ငွေ ၅၀၀ ကျပ်၊ အုန်းပင် အလတ်တစ်ပင်ကို ကျပ်ငွေ ၂၅၀ ကျပ်၊ အုန်းပင်အငယ်အား ၁၅၀ ကျပ်ဖြင့် လျော်ကြေးပေးပြီး သိမ်းယူ ခဲ့ရာ ကင်းပုံကျေးရွာအုပ်စုမှ ပိုင်ရှင် ၂၈ ဦး၊ ဇီးကုန်းကျေးရွာအုပ်စုမှ ၄၁ ဦး၊ ဆပ်သွားကျေးရွာအုပ်စုမှ ၄၇ ဦး၊ စုစုပေါင်း အုန်းခင်းပိုင်ရှင် ၁၁၆ ဦးရဲ့ အုန်းခင်းအကျယ်အဝန်း ဧရိယာ ၁၁၉.၆၉ ဧက ရှိကြောင်းသိရပါတယ်။ ဒါ့အပြင် ကမ်းသာယာကမ်းခြေဂေါက်ကွင်းအတွက် ကွင်းအမှတ် ၂၇၉ ရှိ လယ်သမား ၂၄ ဦးပိုင်တဲ့ လယ်ဧက ၁၀၆ ဧကကိုလည်း ဂေါက်ကွင်းပြုလုပ်ရန် သိမ်းယူခဲ့ကြောင်း ကြားသိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကမ်းသာယာအပန်းဖြေစခန်းအား နှစ်အနည်းငယ်သာရှင်သန် လှုပ်ရှားခဲ့ပြီး ၁၀ နှစ်ကျော်မျှလုံးဝရပ်နားခဲ့ပါတယ်။ ပြင်ဆင်မှုမရှိတဲ့အတွက် ယိုယွင်းပျက်စီးနေတဲ့ တည်းခိုဆောင်များဟာ လှပသောကမ်းခြေမှာ များစွာအကျည်းတန်လျက်ရှိပါတယ်။ ဒါ့အပြင် ကမ်းသာယာစခန်းကို နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများ၊ ဂေါက်ကွင်းများ အပါအဝင် ဖြစ်ပေါ်လာပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးမှုများစွာရရှိနိုင် ခြင်းစသည်တို့ကြောင့် သိမ်းယူခြင်းအားသဘောတူခဲ့တဲ့ အုန်းခင်းပိုင်ရှင်၊ လယ်ယာပိုင်ရှင်များဟာ မိမိတို့ရဲ့ စီးပွားရေးလည်းပျက်၊ နိုင်ငံတော်မှာလည်း အကျိုးမရှိသလိုဖြစ်နေတဲ့အတွက် မဲဆန္ဒရှင် ပြည်သူများကိုယ်စား ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းမှာ ဂွမြို့နယ်၊ ကမ်းသာယာအပန်းဖြေစခန်းအား နိုင်ငံတော်မှ ပြန်လည်အကောင်အထည်ဖော်ရန်အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်မည်။ ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ရန်မရှိပါက အုန်းခင်းများ၊ လယ်ယာ များကို မူလပိုင်ရှင်များထံပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဦးဌေးအောင် ဒုတိယဝန်ကြီး
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး မင်္ဂလာအပေါင်းနှင်‌့ပြည့်စုံပါစေလို့ ကျွန်တော် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကိုယ်စား ကျွန်တော် ဒုတိယဝန်ကြီး ဦးဌေးအောင်မှ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာမှ ဂွမြို့နယ်ရှိကမ်းသာယာကမ်းခြေကို နိုင်ငံတော်မှ ပြန်လည်ထူထောင် နိုင်ရန်အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြန်လည်စတင်မည်၊ ပြန်လည် စတင်ရန်အစီအစဉ်မရှိပါက သိမ်းယူထားသည့်အုန်းခင်းများအား မူလပိုင်ရှင်များသို့ပြန်ပေးရန် အစီ အစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ကမ်းသာယာအပန်းဖြေကမ်းခြေသည် ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် ၁၅ မိုင်ခန့်ကွာဝေးကာ ရန်ကုန် - ငသိုင်းချောင်း - ဂွ ကားလမ်းအတိုင်းသွားရောက်နိုင် သည်။ ရန်ကုန်မြို့နှင့် ၁၇၅ မိုင်ခန့်အကွာမှာတည်ရှိပါတယ်။
    ကမ်းသာယာအပန်းဖြေစခန်းပြုလုပ်ရန်အတွက် ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကမ်းသာယာ ကမ်းခြေရှိ ဦးပိုင်အမည်ပေါက် မြေ ၃၀၇.၇၂ ဧကနှင့် မြေလွတ်၊ မြေရိုင်း ၁၁၉.၆၉ ဧက စုစုပေါင်း ၄၂၇.၄၁ ဧကအား ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀-၆-၁၉၉၆ ရက်စွဲပါစာအမှတ် ၁၁/၁၁/ အခ(၃) ဖြင့် သိမ်းယူခဲ့ပြီး မြေလွတ်၊ မြေရိုင်း ၁၁၉.၆၉ ဧကအား မြေနှင့် အခွန်အမိန့်ဆင့်ဆိုချက် ၃၃၃ အရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကမ်းသာယာအပန်းဖြေစခန်းအတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဦးပိုင်အမည်ပေါက် မြေဧရိယာ ၃၀၇.၇၂ ဧကအား ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ဆပ်သွား၊ ဇီးကုန်း၊ ကင်းပုံကျေးရွာအုပ်စုများရှိ ကွင်းအမှတ် ၂၇၉၊ ၂၈၀(က)၊ ၂၈၀ (ခ)၊ ၂၈၁၊ ၂၈၆၊ VT-22 ကွင်းအမည် ဆပ်သွားကွင်း၊ ဇီးကုန်းမြောက်ကွင်း၊ ကင်းပုံကွင်း၊ သာခွေးချိုင်ကွင်း များရှိ တောင်သူ ၁၉၂ ဦးအတွက် နှစ်ရှည်သီးနှံလျော်ကြေးငွေ ၇၃၆၂၄၇၀ ကျပ်၊ တောင်သူ ၁၉၇ ဦး အတွက် မြေလျော်ကြေးငွေ ၇၀၀၄ ကျပ်၊ တောင်သူ ၃၉ အတွက် ယာယီတဲအိမ်နှင့် ပျဉ်ထောင်အိမ် ပြောင်းရွှေ့စရိတ်လျော်ကြေးငွေ ၂၆၃၈၃၅ ကျပ်၊ စုစုပေါင်းလျော်ကြေးငွေ ၇၆၃၃၃၀၉ ကျပ်အား ၁၉၉၈ ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်းပေးလျော်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။
    ထို့နောက် ကမ်းသာယာကမ်းခြေရှိ စုစုပေါင်းမြေဧရိယာ ၄၂၇.၄၁ ဧကအနက်မှ မြေ ၄၅.၈၂ ဧကအပေါ်တွင် အဆောက်အအုံ ၂၀ လုံးဖြင့် ကမ်းသာယာအပန်းဖြေစခန်းအား ဆောက်လုပ်ခဲ့ပါ တယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သို့ ၂၉-၄-၂၀၀၆ ရက်နေ့တွင် မာလာလေမုန်တိုင်းဝင်ရောက်တိုက်ခတ် မှုကြောင့် ကမ်းသာယာဟိုတယ်အဆောက်အအုံများပြိုကျခဲ့ပြီး လက်ရှိအခြေအနေတွင် အဆင်ပြေ တည်းခိုနိုင်သောအဆောက်အအုံ ၃ လုံးနှင့် အခန်း ၅ ခန်းသာရှိပါတယ်။ မြန်မာနိုင်ငံတွင် သာယာ လှပသော ပင်လယ်ကမ်းခြေများများစွာရှိသည့်အနက် ယခုလက်ရှိ နိုင်ငံခြားသားခရီးသွားဧည့်သည် များဝင်ရောက်လည်ပတ်လျက်ရှိသော ငပလီကမ်းခြေ၊ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေ ဒေသများကိုသာ အဆင်ပြေချောမွေ့စွာဝင်ရောက်လည်ပတ်နိုင်စေရေး မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိပြီး လောလောဆယ်တွင် ဂွမြို့နယ်ရှိကမ်းသာယာကမ်းခြေအား ပြန်လည်ထူထောင်ရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် ချောင်းသာ၊ ငွေဆောင်၊ ငပလီကမ်းခြေဒေသများသို့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တိုးတက်ဝင်ရောက်လာမှု အလားအလာပေါ်မူတည်၍ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်ကာ လမ်းပန်းဆက်သွယ်ရေးမှအစ အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန် လာအောင်ဆောင်ရွက်ပြီးမှသာ ကမ်းသာယာအပန်းဖြေစခန်းအား ပြန်လည်ထူထောင်ရန် စဉ်းစား ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ပြန်ကြားဖြေကြားထားပါသည် ။