(ခ) အိမ်ပွဲစား၊ မြေပွဲစား၊ အိမ်အရောင်းအဝယ်သမား နာမည်ခံအတုအယောင်တို့အား တားမြစ်သည့်ဥပဒေ ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့မှတ်တမ်း (၂၃-၄-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေ။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေနှင့် တရားစီရင်ရေးဆိုင်ရာ မေးခွန်းနှစ်ခုကို မေးမြန်းသွားမှာ ဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ဥပဒေကို လက်တစ်လုံးကြားပြုလုပ်ပြီး သက်သေအတု၊ ဟန်ဆောင်စာချုပ်အတု၊ စရန်ပေးစာချုပ်၊ ၂၅ ကျပ်တန်စာချုပ်၊ ကိုယ်စားလှယ်လွှဲစာနှင့် လက်မှတ် ထိုးခိုင်း၊ လက်ဗွေနှိပ်ခိုင်းပြီး အိမ်မြေပွဲစားအမည်ခံငွေရှင်များသည် အိမ်မြေများကို ၁၀၀ လျှင် ၆ ကျပ်၊                 ၇ ကျပ်အတိုးဖြင့် တရားမဝင် အပေါင်ခံလုပ်ငန်းကို လုပ်ကိုင်နေကြပါသည်။ ၃ လပြည့်၍ အတိုးအရင်း ကိုမပေးနိုင်လျှင် စရန်ပေးစာချုပ်တွင် သူတို့လိုသောငွေကိုထည့်ပြီး အိမ်ပေါင်၊ မြေပေါင်သူတို့အား တရားမလမ်းကြောင်းမှ တရားစွဲဆိုနေကြပါတယ်။ အတိုးပေါ်အတိုးဆင့်၍ စရန်ပေးစာချုပ်မှာ ဖော်ပြ ပြီး သက်သေခံမည့်သူကို ငွေပေး၍ စာချုပ်မှာလက်မှတ်ရေးထိုးစေကာ တရားရုံးလက်နှိပ်စက်စာရေး၊ တရားရုံးအကူစာရေး၊ တရားသူကြီးများကို လာဘ်ပေး၍အမှုကို အနိုင်ယူနေကြောင်း လေ့လာသိရှိရပါ သည်။ သို့ပါ၍ ကျွန်တော်မေးလိုသည့် မေးခွန်းနံပါတ် (၁) မှာ အိမ်ပွဲစား၊ မြေပွဲစား၊ အိမ်အရောင်း အဝယ်သမား နာမည်ခံအတုအယောင်တို့အား တားမြစ်ပေးရန် အရေးကြီးလိုအပ်နေပြီဖြစ်ပါ၍ တားမြစ်ဥပဒေ ရှိ၊ မရှိသိလိုပါကြောင်းနှင့် ရှိလျှင်မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိလိုပါသည်။ နံပါတ် (၂) မေးခွန်းမှာ နိုင်ငံတော်တရားလွှတ်တော်ချုပ်၊ နေပြည်တော် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ             တွင် ဒုတိယတရားမအယူခံအမှုများအား ပယ်သည့်ကိစ္စကို အကျဉ်းချုံးသိလိုပါသည် ။

 

ဖြေကြားသူ
ဦးစိုးညွန့် တရားသူကြီး
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင် မေးမြန်း ထားတဲ့ မေးခွန်းများနှင့်စပ်လျဉ်းပြီးတော့ ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်က အိမ်ပွဲစား၊ မြေပွဲစား၊ အိမ်အရောင်းအဝယ်သမား နာမည်ခံအတု အယောင်တို့အား တားမြစ်ထားတဲ့ ဥပဒေရှိ၊ မရှိသိလိုကြောင်း ပထမမေးခွန်းအနေနဲ့ မေးမြန်းထားပါ တယ်။ ပထမမေးခွန်းတွင် မေးမြန်းထားတဲ့ အတုအယောင်ဆိုတဲ့သူတွေဟာ အိမ်မြေများကို ငွေ ၁၀၀ ကျပ်လျှင် ၇ ကျပ်တိုးနှုန်း၊ ၆ ကျပ်တိုးနှုန်းနဲ့ တရားမဝင်အပေါင်ခံလုပ်ငန်းကို လုပ်ကိုင်နေကြသူများ ဖြစ်တဲ့အတွက် ၎င်းတို့မှာ ချေးငွေကို ကြိုတင်ထုတ်ချေးတဲ့ငွေတိုးချစားသူများဖြစ်ကြပါတယ်။ ဒါကြောင့် ဤကဲ့သို့ တရားမဝင်ငွေတိုးချစားခြင်းနှင့်ပတ်သက်ပြီးတော့ ၎င်းတို့ကို ၁၉၄၅ ခုနှစ် ငွေတိုး ချစားသူများ အက်ဥပဒေပုဒ်မ ၁၆(၁)၊ ပုဒ်မ ၁၇ တို့အရ တိုင်တန်းတရားစွဲဆိုအရေးယူနိုင်ပါတယ်။ ထို့အပြင် မည်သူမဆို မရိုးမဖြောင့်သောသဘောနှင့် သွေးဆောင်ခြင်းကြောင့် တစ်ဦးတစ်ယောက် သောသူမှာ ငွေရေးကြေးရေးအရ ထိခိုက်နစ်နာမှုရှိတယ်ဆိုပါက ပြစ်မှုဆိုင်ရာဥပဒေအခန်း (၁၇) ပါ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇၊ ပုဒ်မ ၄၂၀ တို့အရလည်း အရေးယူနိုင်ရန် ပြဋ္ဌာန်းချက်များရှိပါတယ်။ လိမ်လည်လှည့်ဖြားမှုကျူးလွန်ရန် သို့မဟုတ် တစ်ဦးတစ်ယောက်သောသူအား နစ်နာဆုံးရှုံးစေရန် မဟုတ်မမှန်တဲ့ စာတမ်းအမှတ်အသားတစ်ခုခုကိုပြုမယ်ဆိုရင်တော့ ပြစ်မှုဆိုင်ရာဥပဒေအခန်း (၁၈) ပုဒ်မ ၄၆၅၊ ပုဒ်မ ၄၆၆၊ ပုဒ်မ ၄၆၈ တို့အရ အရေးယူနိုင်ရန် ပြဋ္ဌာန်းချက်များလည်းရှိပါကြောင်း တင်ပြလိုပါတယ်။ မမှန်သက်သေခံခြင်း၊ မမှန်သက်သေခံဖန်တီးတင်ပြခြင်းများဟာ ဖြောင့်မတ်စွာ တရားစီရင်ရေးကို ဆန့်ကျင်ရာရောက်တဲ့အတွက် ပြစ်မှုဆိုင်ရာဥပဒေ အခန်း (၁၁) ပါ ပြဋ္ဌာန်းချက် များအရ တိုင်တန်းတရားစွဲဆိုအရေးယူနိုင်ကြောင်းလည်း ရှင်းလင်းတင်ပြအပ်ပါတယ်။
    ဥက္ကဋ္ဌကြီးခင်ဗျား။ ဆက်လက်ပြီးတော့ အိမ်ပွဲစား၊ မြေပွဲစား၊ အိမ်အရောင်းအဝယ်သမား နာမည်ခံအတုအယောင်သမားတွေကနေပြီးတော့ တရားမဝင်အပေါင်ခံလုပ်ငန်းများကို လုပ်ကိုင်ပြီး တော့ ဟန်ဆောင်စာချုပ်ချုပ်ဆိုပြီးတော့ တရားရုံးမှာ အမှုစွဲဆိုလာတာမျိုးရှိလို့ရှိရင် တရားရုံးမှာ စစ်ဆေးတဲ့အခါမှာ အဲ့ဒီလိုစာချုပ်များဟာ အမှန်တကယ်အကျိုးသက်ရောက်စေရန် ရည်ရွယ်ချုပ်ဆို ထားတာမဟုတ်ဘဲ ဟန်ဆောင်စာချုပ်အဖြစ် ချုပ်ဆိုထားခြင်းသာဖြစ်ကြောင်း သက်သေခံဥပဒေပုဒ်မ ၉၂ အရလည်း တင်ပြခွင့်ရှိပါတယ်။ ထို့အပြင် အဲ့ဒီလိုစာချုပ်များဟာ တရားမဝင် ပျက်ပြယ်ကြောင်း သီးခြားတရားမမှု စွဲဆိုခွင့်လည်းရှိကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်ခင်ဗျား။ ဆက်လက်ပြီးတော့ တရားရုံးလက်နှိပ်စက်စာရေး၊ အကူစာရေး၊ တရားသူကြီးတွေကို လာဘ်ငွေပေးပြီး အနိုင်ယူတယ်ဆိုတဲ့ ကိစ္စနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ လက်အောက်တရားရုံးများမှာ လာဘ် ပေးလာဘ်ယူကင်းရှင်းစေရန်နှင့် အဂတိကင်းစေရန် အမြဲတစေကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ လာဘ်ပေးလာဘ်ယူမှုပြုလုပ်ကြောင်း ပေါ်ပေါက်ပါက သက်ဆိုင်ရာတရားသူကြီးနှင့် အရာထမ်း၊ အမှုထမ်းများကို ထိုက်သင့်သလို အရေးယူကြပ်မတ်ထိန်းကျောင်းလျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။
ဒုတိယမေးခွန်းနှင့်စပ်လျဉ်းပြီးတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက ကြားနာခဲ့တဲ့ တရားမဒုတိယအယူခံအမှုပေါင်း ၆၄ မှု ရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာ အကျဉ်းနည်းနဲ့ပလပ်ခဲ့တဲ့အမှုပေါင်း ၂၇ မှု ရှိပါတယ်။ တရားမဒုတိယအယူခံအမှုများနှင့် ပတ်သက်ပြီးတော့ တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၀ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယခင်တရားရုံးချုပ် က အမှုများကို ကြားနာခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတွေ ပြဋ္ဌာန်းပြီးတဲ့နောက်မှာတော့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က အယူခံမှုများကို ကြားနာတဲ့အခါမှာ တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉ ပါ ပြဋ္ဌာန်း ချက်များအရ လက်ခံကြားနာပါတယ်။ တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၀ အရ တင်သွင်းတဲ့ တရားမ ဒုတိယအယူခံအမှုများမှာ အောက်ရုံးနှစ်ရုံးက အကြောင်းအချင်းအရာများနှင့် စပ်လျဉ်းပြီးတော့ တစ်သဘောတည်း ဆုံးဖြတ်ထားတဲ့ဟာမျိုးဖြစ်ပြီးတော့ တရားစီရင်ရေးတိမ်းစောင်းတဲ့အခြေအနေမျိုး မတွေ့ရှိရတဲ့အခါမျိုးမှာ၊ အယူခံရုံးက သက်သေခံချက်များကို စိစစ်တဲ့အခါမှာ၊ ဥပဒေအချက်အလက် တစ်ရပ်ကို အလွဲလွဲအမှားမှား ကောက်ယူသုံးသပ်ထားတာမျိုး မတွေ့ရတဲ့အခါမျိုးမှာ၊ အထောက် အထားမဲ့ ကောက်ယူဆုံးဖြတ်တာမျိုးမဟုတ်တဲ့အခါမျိုးမှာ၊ သက်သေခံမဝင်တဲ့ သက်သေခံချက်တွေ ပေါ်မှာအခြေပြုပြီးတော့ ကောက်ယူဆုံးဖြတ်တာမျိုး မပေါ်ပေါက်တဲ့အခါမျိုးမှာဆိုရင် အယူခံမှုများကို နှစ်ဖက်ကြားနာရန် မလိုအပ်တော့တဲ့အတွက် ထိုတရားမအယူခံမှုများကို အကျဉ်းနည်းဖြင့်ပယ်ခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားမအယူခံအမှုများကို နှစ်ဖက်ကြားနာရန် သင့်၊ မသင့် အယူခံဝင်တဲ့သူကို ရှေးဦးစွာကြားနာရာမှာလည်း တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ ပါ ပြဋ္ဌာန်းချက်များအရ အယူခံဝင်ရောက်တဲ့ ဒီဂရီဟာဆိုလို့ရှိရင် အောက်ရုံးရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုတဲ့ကိစ္စဖြစ်ပါက သက်ဆိုင်ရာအယူခံမှုမှာ အရေးယူလောက်တဲ့ ဥပဒေကြောင်းဆိုင်ရာ ပြဿနာပေါ်ပေါက်ခြင်းရှိ၊ မရှိကို စိစစ်ရပါတယ်။ အဲ့ဒီလို အယူခံလွှာမှာ အရေးယူလောက်တဲ့ဥပဒေ ကြောင်းဆိုင်ရာ ပြဿနာပေါ်ပေါက်ကြောင်း မတွေ့ရှိရတဲ့အမှုများမှာတော့ အမှုများကို လက်ခံကြားနာ ခြင်းမပြုတော့ဘဲနဲ့ အကျဉ်းနည်းအားဖြင့်ပယ်တဲ့ အမိန့်ချမှတ်ပါတယ်။ ဒါကြောင့် တရား လွှတ်တော်ချုပ်က အကျဉ်းနည်းဖြင့် ပလပ်ခဲ့တဲ့တရားမအယူခံမှုများမှာ ထိုကဲ့သို့ အရေးယူ လောက်သော ဥပဒေပြဿနာပေါ်ပေါက်ခြင်းမရှိတဲ့ အမှုများသာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ထားပါသည် ။