(စ) ပုလဲမြို့နယ်၊ မဟူတောင်ဒေသဓာတ်ငွေ့သိုက်မှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ ယူရီးယား ဓာတ်ငွေ့စက်ရုံတည်ဆောက်ရေးနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှတ်တမ်း (၁၂-၃-၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ ကိုယ်စိတ်နှစ်ဖြာ    ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။  ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဟန် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်နှင့်တောင်သူလယ်သမားများအကျိုးကို ရှေးရှုပြီးတော့ ဤလွှတ်တော်သို့ မေးခွန်းလွှာတစ်ခုကို မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်ရဲ့မေးခွန်းကို ဖတ်ကြားတင်ပြခွင့်ပြုပါခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကြီး ကျင်းပနေတဲ့ ကာလမှာပဲ ၁၄-၂-၂၀၁၁ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပုလဲမြို့နယ်ရှိ သင်ဂဒုံးအစမ်းတွင်းအမှတ်(၁)မှ သဘာဝဓာတ်ငွေ့များ တစ်နေ့လျှင် ကုဗပေ ၂.၁ သန်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိတဲ့သတင်းကို ဝမ်း‌ြမောက်ဖွယ်မင်္ဂလာသတင်းအဖြစ်နဲ့ ဖော်ပြပါရှိခဲ့ပါတယ်။ ယင်းအစမ်းတွင်းအပါအဝင် မဟူတောင်ဒေသလုပ်ကွက်များရှိ သဘာဝဓာတ်ငွေ့ သိုက်မှ သဘာဝဓာတ်ငွေ့များကို အစမ်းတွင်းများ ဆက်လက်တူးဖော်ပြီးဖြစ်ကြောင်း၊ စနစ်တကျ ထုတ်ယူဖြန့်ဖြူးရေး အစီအစဉ်များ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အားတက်ဖွယ်ဖော်ပြထားတာကို တွေ့ရှိခဲ့ရပါတယ်။ ယခုလိုသဘာဝဓာတ်ငွေ့သိုက်များမှ ထုတ်ယူ ရရှိတဲ့ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ရောင်းချခြင်းမပြုတော့ဘဲ အခြေခံကုန်ကြမ်းအဖြစ် အသုံးပြုပြီး စက်ရုံများတည်ဆောက်ခြင်း၊ ပြည်တွင်းမှာပင် စွမ်းအင်အဖြစ် အသုံးပြုခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ရှင်းလင်းတင်ပြသွားခဲ့တာကိုလည်း သိရှိရပါတယ်။ သဘာဝဓာတ်ငွေ့ ကို အခြေခံကုန်ကြမ်းအဖြစ်အသုံးပြုပြီး သဘာဝကုန်ကြမ်းလေနဲ့ရေကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် တောင်သူလယ်သမားများအတွက် အထူးအကျိုးရှိနိုင်တဲ့ ယူရီးယားဓာတ်‌ြမေသြဇာများ ထုတ်လုပ် ရယူနိုင်တဲ့ စက်ရုံကြီးများ တည်ဆောက်နိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ သို့အတွက် မုံရွာခရိုင်၊ ပုလဲမြို့နယ်မှထွက်ရှိသော သဘာဝဓာတ်ငွေ့သိုက်တည်ရှိရာ ဒေသနှင့်ရေသယံဇာတအရင်းအမြစ်များ ပေါများစွာရရှိနိုင်ပြီးတော့ အနီးဆုံးဒေသလည်းဖြစ်တဲ့ မုံရွာခရိုင် ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းရှိ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်များရဲ့ ချင်းတွင်းမြစ် ကမ်းဘေး တစ်နေရာမှာ ယူရီးယားဓာတ်‌ြမေသြဇာ စက်ရုံကြီးတစ်ရုံ တည်ဆောက်ပေးနိုင်မယ်ဆိုပါက အထက်မြန်မာပြည် စပါးကျီကြီးဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်စတဲ့ ပြည်နယ်များကို သီးနှံထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် ယူရီးယားဓာတ်မြေသြဇာများ အလွယ်တကူ သယ်ယူဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်မြေသြဇာအတွက် နိုင်ငံခြားငွေ ယိုစီးမှုကိုလည်း လျှော့ချနိုင်မယ့်အပြင် မုံရွာခရိုင် ချင်းတွင်းမြစ်အနောက်ဘက် ကမ်းဒေသမှာ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ဒေသခံများလည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမှာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်ကတော့ မုံရွာခရိုင် ပုလဲမြို့နယ် မဟူတောင် ဒေသ ဓာတ်ငွေ့သိုက်မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ မုံရွာခရိုင်၊ ချင်းတွင်း မြစ်အနောက်ဘက်ခြမ်းရှိ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ်မြစ်ကမ်းဘေး တစ်နေရာမှာ ယူရီးယားဓာတ်‌ြမေသြဇာစက်ရုံတစ်ရုံ တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်မယ့် စီမံကိန်း အစီအစဉ် ရှိ၊ မရှိ။ ဆောင်ရွက်ပေးမယ်ဆိုပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဦးစိုးအောင် ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာ ကြပါစေရန်  ဆုတောင်းမေတ္တာပို့သရင်း လေးစားစွာဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဟန် မေးမြန်း ထားသော မုံရွာခရိုင် ပုလဲမြို့နယ် မဟူတောင်ဒေသ ဓာတ်ငွေ့သိုက်မှထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ မုံရွာခရိုင် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းရှိ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ်မြစ်ကမ်းဘေးတစ်နေရာတွင်  ယူရီးယားဓာတ်‌ြမေသြဇာ စက်ရုံတစ်ရုံ တည်ဆောက်ရေး အတွက် ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ် စီမံကိန်း ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းချက်အား ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ မေးခွန်းကိုတော့ ကျွန်တော် ထပ်မံဖတ်ကြားခြင်းမပြုတော့ပါ။ ဖြေကြားလိုသည်မှာ စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံတော်အတွက် လိုအပ်သော ရေနံနှင့်သဘာဝ ဓာတ်ငွေ့များကို ထုတ်လုပ်ဖြည့်ဆည်းပေးလျက်ရှိရာ လက်ရှိအခြေအနေတွင် ပြည်တွင်းသုံးစွဲရန် အတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက်မှာ တစ်ရက်လျှင် ကုဗပေသန်း ၅၇၀ ခန့်ရှိသော်လည်း ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း ၂၄၀ ခန့် သာ ဖြည့်ဆည်းပေးနိုင်တဲ့အတွက် လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းခန့်သာ ဖြည့်ဆည်းပေးနိုင်လျက် ရှိပါတယ်။ ယင်းသို့နိုင်ငံတော်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပြည်တွင်းသုံးစွဲရန်လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်ချက်များ အနက် မေးခွန်း၏အစတွင် ဖော်ပြထားသော စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပုလဲမြို့နယ်ရှိ သင်ဂဒုံးအစမ်းတွင်း အမှတ်(၁)ကို စမ်းသပ်တူးဖော်ခြင်းလုပ်ငန်းမှာလည်း တစ်ခုအပါအဝင် ဖြစ်ပါ တယ်။ ၎င်းသင်ဂဒုံး အစမ်းတွင်းအမှတ်(၁)ကို တူးဖော်စမ်းသပ်ခဲ့ရာ အနက်ပေ ၆၉၇၀ ရှိ သဲကြောမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ပမာဏကုဗပေ ၂.၁ သန်း ထုတ်ယူနိုင်ခဲ့ကြောင်း ကနဦးစမ်းသပ်တွေ့ရှိ ခဲ့ပါသော်လည်း အဆိုပါတွင်းမှ အခြားအလားအလာကောင်းသော သဲကြော ၄ ခု တို့ကို စမ်းသပ်ရာ သဘာဝဓာတ်ငွေ့ပမာဏ အနည်းငယ်ကိုသာ တွေ့ရှိခဲ့ရပါတယ်။ အခြားသဲကြော ၅ ကြောမှ စမ်းသပ်တွေ့ရှိချက်များ စီးထွက်မှုဖိအားများနှင့် ထွက်ရှိခဲ့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ တို့အပေါ် ဓာတ်ခွဲစမ်းသပ်ချက်များအရ ၎င်းသင်ဂဒုံးဒေသတွင် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မှု ပမာဏ အနေဖြင့် ကုဗပေ ၆၇ ဘီလီယံခန့်သာ ခန့်မှန်းတွက်ချက်ရရှိခဲ့သည့်အတွက် စီးပွားဖြစ် ထုတ်လုပ် နိုင်တဲ့ပမာဏသို့ မရောက်ရှိသေးပါ။ ဆက်လက်စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ခိုအောင်းနေသည့် သဏ္ဌာန်တွေ့ရှိရပါသော်လည်း အဆိုပါခိုအောင်းနေသည့် သဲကြောများ သည် ကျစ်လစ်မာကျောမှုရှိသော Tight Sand များဖြစ်သည်ကို သိရှိခဲ့ရပါတယ်။ သဲကြောခွဲပြီးကာစ အချိန်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များကို အလိုအလျောက် စီးထွက်မှုရှိစေသော်လည်း အချိန် ကာလ ၈ ရက်မှ ၁၂ ရက်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ဖိအားများ ကျဆင်းစေသည့်အပြင် ထွက်ရှိမှု ပမာဏနှုန်းမှာလည်း လွန်စွာနည်းသွားကြောင်း စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။ ယင်းသို့သော ဖြစ်စဉ်များအရ သင်ဂဒုံးဒေသတွင် မူလခန့်မှန်းတွက်ချက်ရရှိခဲ့သော ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မှုပမာဏအနေဖြင့် လျော့နည်းသွားကြောင်း တွေ့ရှိရပြီးနောက် မဟူတောင်ဒေသတွင် ဆက်လက်ဆောင်ရွက်ရန် လျာထားခဲ့သည့် ပိတောက်ကုန်းတွင်း အမှတ်(၃)နှင့် ယာကြီးတွင်း အမှတ်(၁)တို့တွင် ဆောင်ရွက်မည့် သဲကြောခွဲခြင်း လုပ်ငန်းအစီအစဉ်ကို ရပ်ဆိုင်းခဲ့ပြီး တစ်ချိန်တည်း တွင် သင်ဂဒုံးဒေသရှိ ရေနံရှာဖွေတူးဖော်မည့် အစီအစဉ်ကိုလည်း ယာယီရပ်ဆိုင်းခဲ့ရပါသည်။ ၎င်းတွင်း၌ စမ်းသပ်တွေ့ရှိချက်များကို အသေးစိတ်လေ့လာလျက်ရှိပါတယ်။ သင်ဂဒုံးဒေသ၌ သဘာဝ ဓာတ်ငွေ့ထုတ်ယူနိုင်မည့်ပမာဏ (Firm Reserves)ကို တိကျစွာသိရှိလာမှသာလျှင် သဘာဝ ဓာတ်ငွေ့ကို ထုတ်ယူနိုင်ရေးအတွက် ဖွံ့ဖြိုးရေးအစီအစဉ်  (Development Program)ကို ရေးဆွဲ နိုင်မည်ဖြစ်ကာဖွံ့ဖြိုးရေး တွင်းများတူးဖော်၍ မဟူတောင်ဒေသသဘာဝဓာတ်ငွေ့ကို စီးပွားဖြစ် ထုတ်ယူခြင်း ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ယင်းသို့ ဆောင်ရွက်ရန်အတွက် သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်နိုင်ရန် အချိန်ကာလ ၆ နှစ်မှ ၇ နှစ်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ထို့အပြင် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် အဓိကလိုအပ်လျက်ရှိသော ယူရီးယားဓာတ်မြေသြဇာ များကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာတွင် ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ဓာတ်‌ြမေသြဇာစက်ရုံ ၅ ရုံအနက် စက်ရုံ ၃ ရုံမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ၅-၁-၂၀၁၂ ရက်နေ့အထိ ယူရီးယားဓာတ်မြေသြဇာ ၁၁၃၁၈၉.၆ မက်ထရစ်တန် ထုတ်လုပ်နိုင်ခဲ့ပြီး ယခင် ဘဏ္ဍာရေးနှစ် စာရင်းပိတ်လက်ကျန်များအပါအဝင် ယူရီးယားဓာတ်မြေသြဇာ ၁၁၄၂၀၁.၆၅ မက်ထရစ်တန်ကို ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ ယင်းသို့ ဖြန့်ဖြူးပေးရာတွင် ယခင်အစိုးရလက်ထက်က ပြည်နယ်နှင့် တိုင်းဒေသကြီးအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အသီးသီးတို့၏အစီအစဉ်ဖြင့် ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ တစ်ဆင့် လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း လက်အောက်ရှိ ဆန်စပါးအထူးပြု ကုမ္ပဏီများမှတစ်ဆင့်လည်းကောင်း၊ သက်ဆိုင်ရာတောင်သူလယ်သမားများထံသို့ လက်ငင်းငွေချေ စနစ်၊ ၆ လဆိုင်း အကြွေးစနစ်ဖြင့်ပါ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ အဆိုပါ ဓာတ်‌ြမေသြဇာစက်ရုံ အသစ်တည်ဆောက်နိုင်ရေးအတွက်-
    (က)    စက်ရုံအတွက် ကုန်ကြမ်းနှင့် လောင်စာအဖြစ် အသုံးပြုရန် သဘာဝဓာတ်ငွေ့ လုံလောက်သည့်ပမာဏ ရရှိရန်လိုအပ်ခြင်း၊ (သာဓကအားဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ နောက်ဆုံးတည်ဆောက်ခဲ့သည့် အမှတ်(၄) ဓာတ်‌ြမေသြဇာစက်ရုံနှင့် အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံတို့အတွက် တစ်နေ့လျှင် ယူရီးယားဓာတ်မြေသြဇာ တန် ၅၀၀ ထွက်ရှိရန် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ပမာဏ ကုဗပေ ၁၂ သန်းခန့်စီကို သုံးစွဲ ရခြင်း)
    (ခ)    ဓာတ်မြေသြဇာထုတ်လုပ်ရန်အတွက် အသုံးပြုမည့် သဘာဝဓာတ်ငွေ့နှင့် စပ်လျဉ်း၍ သတ်မှတ်ထားသော ဓာတုပစ္စည်းအမျိုးအစားများ ပါဝင်မှုပမာဏ၊ အချိုးအစားနှင့် စံချိန်စံညွှန်း (Chemical Composition and Specification)များ ကိုက်ညီမှု ရှိစေရန်လိုအပ်ခြင်း၊
    (ဂ)    လုံလောက်သော ငွေကြေးရင်းနှီးမြှုပ်နှံမှု ပမာဏ၊ တည်ဆောက်ပြီးစီး၍ စက်ရုံစတင် လည်ပတ်သည့် အခြေအနေအထိ စောင့်ဆိုင်းရမည့်အချိန်ကာလနှင့် နည်းပညာများ အသီးသီးလိုအပ်ခြင်း၊ (သာဓကအားဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ နောက်ဆုံး တည်ဆောက်ခဲ့သော စက်ရုံနှစ်ရုံတို့အတွက် ကုန်ကျသည့် ငွေကြေးပမာဏများ အနေဖြင့် စက်ရုံတစ်ရုံလျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခန့်နှင့် မြန်မာ ကျပ်ငွေ ၅၅ ဘီလီယံ နီးပါးခန့် အသီးသီးကုန်ကျခဲ့ပြီး အချိန်ကာလအားဖြင့် ၄ နှစ်နီးပါး ကြာမြင့်ခဲ့ပါတယ်။)
    သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဟန် မေးမြန်းထားသော မေးခွန်းဖြစ်သည့် မုံရွာခရိုင် ပုလဲမြို့နယ် မဟူတောင်ဒေသ ဓာတ်ငွေ့သိုက်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ မုံရွာခရိုင် ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းရှိ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ် မြစ်ကမ်းဘေးတစ်နေရာတွင် ယူရီးယားဓာတ်‌ြမေသြဇာ စက်ရုံတစ်ရုံတည်ဆောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် စီမံကိန်း အစီအစဉ် ရှိ၊ မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း သိရှိလိုခြင်းကိစ္စနှင့် စပ်လျဉ်း၍ အဆိုပါ ယူရီးယားဓာတ်မြေသြဇာစက်ရုံတစ်ရုံ တည်ဆောက်ပေးနိုင်ရန်အတွက် မုံရွာခရိုင် ပုလဲမြို့နယ်ရှိ မဟူတောင်ဒေသမှ စီးပွားဖြစ်ထွက်လာ မည့် သဘာဝဓာတ်ငွေ့ပမာဏနှင့် ဓာတ်‌ြမေသြဇာစက်ရုံအသစ်တည်ဆောက်ခြင်းအတွက် လိုအပ်ချက် များ စသည့်အချက်အလက်များကို အသေးစိတ်လေ့လာဆန်းစစ်မှုပြုပြီးမှသာလျှင် အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်းလေးစားစွာ ဖြေကြားထားပါသည် ။